8 Sep 2025
Fact-check
Akyab Post, The Red Flag, MFCN
မောင်တောမြို့နယ်မှ အာရက္ခတပ်တော် အေအေတပ်ဖွဲ့ဝင် တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှနေ Yaba(WY) မူးယစ်ဆေးပြား ၃၀,၀၀၀ နဲ့ အတူ ဖမ်းဆီးမိတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook လူမှုကွန်ရက်မှာ သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိတဲ့ ARF Burmese page ကနေ စက်တင်ဘာလ ၆ ရက်နေ့မှာ “မောင်တောမြို့နယ်မှ AA အဖွဲ့ဝင်တစ်ဦးကို BD ရဲတပ်ဖွဲ့က WY နဲ့အတူ ဖမ်းဆီး စက်တင်ဘာ ၆ Sonaichchari ရဲကင်းစခန်းတာဝန်ခံ Inspector Kamrul Islam ဦးဆောင်သော Naikshangchhari ရဲစခန်းက စစ်ဆင်ရေးဆောင်ရွက်ပြီး Yaba(WY)ဆေးပြား ၃၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် သင်းဘောလှရွာမှ AA အဖွဲ့ဝင်တစ်ဦးကို ဘဂ်လားဒေရှ့် ရဲတပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း သိရပါတယ်။ (သောက်ကောင်းကျိုးမပေးတဲ့ မူးယစ်သူပုန်တွေ)” ဆိုတဲ့ စာသားနဲ့အတူ ရေးသားဖြန့်ဝေ ထားပါတယ်။

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၈ ရက်နေ့အထိ reaction ပြုလုပ်သူ ၃၂၆ ဦးထိရှိပြီးတော့ comment ပေးသူ ၃၄ ဦးနဲ့ Share ပြုလုပ်သူ ၁၅၉ ဦိးထိရှိပြီးတော့ ဖေ့စဘုတ်ဆိုရှယ်မီဒီယာမှာ Arakan Free News page နဲ့ တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Shwe Myanmar နဲ့ DI Thameedaw တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။



ဒီပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးခဲ့လိုက်တဲ့ အခါမှာ မူးယစ်ဆေးရောင်းဝယ်မှုကြောင့် မြန်မာနိုင်ငံသားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တာပါ။ ပြီးတော့ ဖမ်းဆီးခံရတဲ့ လူငယ်ကို အာရက္ခတပ်တော်ရဲ့ တပ်သားဆိုပြီး တံဆိပ်ကပ်ပြီး စွပ်စွဲရေးသားနေတာကို တွေ့ရှိခဲ့ရပါတယ်။

Facebook ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ Reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ARF Burmese Page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို Reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်အခြေပြု Parbatta News ကနေ စက်တင်ဘာလ ၆ ရက်နေ့မှာ “Myanmar national arrested with Yaba in Sonaichary, Naikxyangchhari” ဆိုပြီးတော့ ဘင်္ဂလီဘာသာစကားနဲ့ အတူ ရေးသားထားတာကို တွေ့ရပါတယ်။
Parbatta News ရဲ့ ရေးသားချက်တွေအရ စက်တင်ဘာလ ၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်မြို့မှာရှိတဲ့ Naiksyangchhari upazila ရဲစခန်းရဲ့ အထူးစစ်ဆင်ရေးတစ်ခုကနေ ဆူနာချီခါရီ ယူနီယံ ရပ်ကွက် အမှတ် (၈) မှ Reju Headmanpara နေရာမှာ မောင်တောမြို့နယ်မှ ရိုဟင်ဂျာလူငယ်တစ်ဦးဖြစ်တဲ့ မောင်နီဦး တန်ချန်းယာကို ယာဘဆေးပြား ၃၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဖမ်းဆီးခံရတဲ့ မူးယစ်ကုန်သည်လူငယ်ဟာ ဘင်္ဂလားဒေ့ရှ်ကို မကြာခဏဆိုသလို နယ်စပ်ဖြတ်ကျော် ပြီးတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အရောင်းအဝယ်လုပ်နေတာဖြစ်ပြီး ဒေသခံ လူနည်းစု တိုင်းရင်းသားများနှင့် ဆင်တူတယ်လို့ ဖမ်းဆီးထားတဲ့ ရဲအရာရှိ Pushil က ပြောတယ်လို့ Parbatta News က ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီသတင်းကိုပဲ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နောက်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ CHTTimes24 ဆိုတဲ့ သတင်းဌာနကနေ စက်တင်ဘာလ ၆ ရက်နေ့မှာ “Rohingya youth arrested with 30,000 yaba pills” ဆိုပြီးတော့ ဘင်္ဂလီဘာသာစကားနဲ့ ရေးသားထားပါတယ်။
CHTTimes24 ရဲ့ ရေးသားချက်တွေအရ “ ဘန်ဒါဘန်မြို့ Naikshongchhari Upazila အထူးရဲစစ်ဆင်ရေးတွင် ရိုဟင်ဂျာလူငယ်တစ်ဦး ယာဘဆေးပြား ၃၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အခြားဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေဖြစ်တဲ့ Banglaralonews နဲ့ sokalerkhobor24 သတင်းဌာနတွေမှာလည်း ဒီသတင်းကိုပဲ ဖော်ပြကြပါတယ်။


ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာမူးယစ် ကုန်သည်လူငယ်ဟာ မြန်မာနိုင်ငံ မောင်တောမြို့နယ်က ရိုဟင်ဂျာလူငယ်တစ်ဦးသာ ဖြစ်ပါတယ်။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ အေအေတပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ မူးယစ်ကုန်သည်ရိုဟင်ဂျာတစ်ဦးသာဖြစ်နေတာကို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ ပိုစ့်တွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ ARF Burmese page အပါအဝင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ အေအေတပ်ဖွဲ့ဝင်တစ်ဦးကို မူးယစ်ဆေးများနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဖက်မှနေ ဖမ်းဆီးဆိုတာဟာ သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားထားတဲ့ Misleading သတင်းမှားသာ ဖြစ်ပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီးတော့ “အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဆိုကာ India OPINDIA ကနေ ဖော်ပြ” ဆိုပြီး စစ်ကောင်စီချန်နယ်တွေကနေ ဝါဒဖြန့်ခဲ့ကြတာတွေရှိပါတယ်။
ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။