သဘာဝဘေး နှင့် စစ်ကောင်စီဝါဒမှိုင်းအန္တရာယ်

၂၀၂၅ခုနှစ်၊ မတ် ၂၈ရက်တွင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးသည် စစ်ကောင်စီ ထိန်းချုပ်ရာ မြန်မာပြည် အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ တံတားဦး၊ မန္တလေး၊ မြစ်သား၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်မြို့ရွာများတည်ရှိသော စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး လူဦးရေ လေးထောင်နီးပါးသေဆုံး၍ ပျောက်ဆုံး၊ ပျက်စီး၊ သေဆုံးစာရင်းများ ယခုတိုင်မရပ်တန့်နိုင်သေးပါ။ စစ်ကိုင်းငလျင်ကြီး သက်ရောက်မှုဒဏ်ကို လူပေါင်း ၁၇သန်းခန့်ရင်ဆိုင်ရနိုင်ကြောင်း ISP Myanmar က တွက်ချက်ပြထားပါသည်။

ယင်းဖြစ်ရပ်သည် နှစ်ပေါင်းတစ်ရာအတွင်း အာရှတိုက်၌ “လူမှုအသိုင်းအဝိုင်း” အဆိုးရွားဆုံး ပြိုကျပျက်စီးသွားစေသည့် သဘာဝဘေးငလျင်လှုပ်ခတ်မှုဖြစ်၍ ကမ္ဘာကြီးနှင့် နိုင်ငံတကာ၏ ကရုဏာသက်မှုများက မြန်မာပြည်သို့ ရောက်ရှိခဲ့ပါသည်။ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်က သဘာဝဘေးကြောင့်ရရှိခဲ့သည့် ကမ္ဘာကြီး၏မျက်နှာသာပေးမှုကို အသုံးချလျက် နိုင်ငံရေးတရားဝင်မှု၊ အာဏာခိုင်မြဲအောင်ကြိုးပမ်းခြင်းနှင့် စစ်ရေးချဲ့ထွင်မှုကိုသာ အဓိကအားစိုက်လုပ်ဆောင်နေပြီး ငလျင်ဘေးကူညီကယ်ဆယ်ရေးနှင့် ထူထောင်ရေးကို ဟန်ပြသာလုပ်ဆောင်လျက်ရှိသည်။

ပြည်သူများ သဘာဝဘေးဒဏ်ခံစားရ၍ အားကိုးရာ ပိုမိုလိုအပ်နေချိန်တွင် စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး အသုံးချ အမြတ်ထုတ်မှုများကိုသာပိုမိုတွေ့ရှိရကာ သဘာဝဘေးနှင့်အတူ စစ်ကောင်စီ၏ ဝါဒမှိုင်းအန္တရာယ်ကိုလည်းသတိထားရမည်ဖြစ်ကြောင်း ဤဖြစ်ရပ်လေ့လာမှုတွင် သက်သေအထောက်အထား များဖြင့် The Red Flag အဖွဲ့ကတင်ပြသွားပါမည်။

 စစ်ကိုင်ငလျင်ကြီး လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်မှစတင်၍ ဧပြီလကုန်အထိ ငလျင်နှင့်ပတ်သက်၍ ပျံ့နှံ့ခဲ့သည့် သတင်းတု၊သတင်းမှားများ၊ အန္တရာယ်ဖြစ်စေရန်လှုံ့ဆော်သည့် အကြောင်းအရာစုစုပေါင်း ၉၂ခုကို မှတ်တမ်းတင် သိမ်းဆည်းထားပြီး လေ့လာမှုပြုလုပ်ခဲ့ပါသည်။ ဖြန့်ချိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းအများစုမှာ  Facebook နှင့် Telegramဖြစ်ကြောင်း တွေ့ရှိရသည်။

ငလျင်ဘေး၌ သတင်းတု၊ သတင်းမှားများက ပုံစံအမျိုးမျိုးဖြင့် ပျံ့နှံ့ခဲ့ပြီး The Red Flag ၏ စိစစ်လေ့လာမှုအရ ယေဘူယျအားဖြင့် ပုံစံ (၇)မျိုး ခွဲခြားနိုင်ကြောင်း တွေ့ရသည်။ ယင်းတို့အား အောက်ပါပုံတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

ပုံစာ – The Red Flagက တွေ့ရှိရသည့် ငလျင်နှင့်ပတ်သက်၍ သတင်းမှားဖြန့်ချိမှုပုံစံ(၇)မျိုး

စစ်ကောင်စီ ဝါဒမှိုင်းအန္တရာယ်

စစ်ကောင်စီတပ်က လူမှုကွန်ရက်မီဒီယာများနှင့် နိုင်ငံပိုင်ရုပ်သံများတွင် ငလျင်ကယ်ဆယ်ရေးအား မနားမနေလုပ်ဆောင်နေကြောင်း စဉ်ဆက်မပြတ်ထုတ်ပြန်လျက်ရှိသော်လည်း မြေပြင်တွင် ငလျင်ဒဏ်သင့်လူများကိုကယ်ဆယ်ရန်မဆိုထားနှင့် ငလျင်ကြောင့်ပျက်စီးသည့် အဆောက်အဦးအပျက်အစီးများကိုပင် ယခုတိုင် ရှင်းလင်းနိုင်ခြင်းမရှိသေးပေ။ 

သို့သော် ၎င်းတို့၏ဝါဒဖြန့်ချိရေးတယ်လီဂရမ်စာမျက်နှာများတွင် ငလျင်ဘေးနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေရပြီး တော်လှန်ရေးအင်အားစု များက နှောင့်ယှက်ပစ်ခတ်မှုများ ကျူးလွန်နေ၍ ပြည်သူများပိုမို ဒုက္ခရောက်နေရကြောင်း ပုံဖော်ထားသည့် အကြောင်းအရာအများစုက အဓိကလွှမ်းမိုးခဲ့သည်။ အွန်လိုင်းစာမျက်နှာများတွင် ဖြန့်ဝေခဲ့သည့်ဓာတ်ပုံများ ထဲတွင် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်သဖွယ် သရုပ်ဆောင်နေသည့် စစ်ကောင်စီတပ်နှင့် ၎င်း၏အပေါင်းပါများသည် မြေပြင်ကယ်ဆယ်ရေးတွင် ထိရောက်သည့် ကူညီကယ်ဆယ်ပေးနိုင်မှု မရှိကြောင်း ပြည်သူများက မျက်ဝါးထင်ထင် တွေ့ရှိပြီး ဖြစ်သော်လည်း အွန်လိုင်းဝါဒဖြန့်ချိရေးယန္တရားတွင်မူ “ကယ်တင်ရှင်” အဖြစ်မှတစ်ပြားသားမှမလျော့ပါ။  

ထို့ပြင် ငလျင်လှုပ်ခတ်ပြီးသည့် ကာလများတွင် စစ်ကောင်စီသည် ထိရောက်သည့် ကယ်ဆယ်ရေးအား ဆောင်ရွက်ခဲ့ခြင်းမရှိသကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း အလှမ်းဝေးဆဲသာဖြစ်သည်။ ပြည်သူများက ယခုတိုင်ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေ လုပ်ဆောင်နေကြရသည်။ ယင်းကဲ့သို့ ကိုယ့်ဒူးကိုယ်ချွန်ရုန်းကန်နေကြသည့် ပြည်သူများအား စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့များ၊ ပျူစောထီးအဖွဲ့များက နှောင့်ယှက်ဟန့်တားခြင်း၊ အလှူပြုမှုများကို ကန့်သတ်ပိတ်ပင်ခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုများကို လုပ်ဆောင်လျက်ရှိနေပါသည်။ 

စစ်ကောင်စီတပ်က ငလျင်ထူထောင်ရေးကာလအကြောင်းပြ၍ နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် ယာယီအပစ်အခတ်ရပ်စဲကြောင်းသက်တမ်းတိုးမှုကို ထုတ်ပြန်ပြီး စာရွက်ပေါ်တွင်အကြိမ်ကြိမ် လုပ်ဆောင်ပြနေသော်လည်း မြေပြင်တွင်မူ စစ်ဘောင်ချဲ့ထွင်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို နေ့စဉ်မပြတ် ကျူးလွန်နေသည်။ စစ်ကောင်စီတပ်၏ အဆိုးရွားဆုံးကျူးလွန်မှုမှာ ငလျင်ဘေးသင့် ဒေသများအပါအဝင် တော်လှန်ရေးအင်အားစုများအား စိုးမိုးထားသည့် နယ်မြေများရှိ ပြည်သူများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းဖြစ်ပါသည်။

ပုံစာ- DVBသတင်းဌာနက ဖော်ပြထားသည့် ၂၈မတ်လ- ၆မေလအထိ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုအခြေပြဇယား

 

    စစ်အာဏာရှင်သည် ပြည်တွင်းစစ်ဘေးအကျပ်အတည်းနှင့် သဘာဝဘေးအကျပ်အတည်းကြားတွင် မြေစာပင်ဖြစ်နေသည့် ပြည်သူလူထု၏ လူမှုဒုက္ခများအား မျက်ကွယ်ပြု၍ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှု၊ စစ်ဘောင်ချဲ့ထွင်မှု နှင့် နိုင်ငံရေး အာဏာရလိုမှုအတွက် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ရန်သာ အားစိုက်ထုတ် ပြင်ဆင်လျက်ရှိသည်။ ယင်းအပြုအမူသည် လွန်ခဲ့သည့်(၁၇)နှစ်ခန့်က လူသိန်းကျော်သေဆုံးပြီး ထိခိုက်ခဲ့ရသည့် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများ၏ သဘာဝဘေးဒဏ်သင့်အကျပ်အတည်းကို လျစ်လျူရှု၍ (၂၀၀၈)အခြေခံဥပဒေကို အတည်ပြုရန်သာအားစိုက်ထုတ်ခဲ့သည့် စစ်အာဏာရှင် အဆက်ဆက်၏ အလေ့အထပုံစံကို ထပ်မံကျင့်သုံးခြင်းသာ ဖြစ်ကြောင်း သက်သေခံနေသည်။

 

၁. စစ်ကောင်စီတပ် လက်ညှိုးထိုး၊ ခေါင်းရှောင်ခြင်း

“ငလျင်ဘေးတွင် လူအသေအပျောက်များရခြင်းသည် NUG ကြောင့်ဖြစ်သည်”၊ “တော်လှန်ရေးကြောင့်ဖြစ်သည်”၊ “CDMများကြောင့် ဖြစ်သည်”၊ “ဆောက်လုပ်ရေး ကုမ္ပဏီများကြောင့် ဖြစ်သည်” စသဖြင့် လက်ညှိုးထိုး၊ ခေါင်းရှောင်ပြီး သတင်းတုများစွာကို စစ်ကောင်စီက ဖန်တီးဖြန့်ချိခဲ့သည်။ လက်ရှိအချိန်အထိလည်း ဆက်လက်ဖြန့်ချိနေဆဲ ဖြစ်သည်။ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေး၊ နာဂစ်ကာလ၊ မိုခါကာလ စသဖြင့် သဘာဝဘေးကြုံတိုင်း စစ်တပ်ကသာ ကူညီ၊ ကယ်ဆယ်ခဲ့ရကြောင်း ဖန်တီးထားသည့်အကြောင်းအရာများ အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

 

 

ပုံစာ – စစ်တပ်သည်သာ ကယ်တင်ရှင်၊ တော်လှန်ရေးအင်အားစုများသည်အဖျက်သမားများဟုပုံဖော်ဖြန့်ဝေမှုများ

 

၂. အတိတ်၊ နိမိတ်၊ အကုသိုလ်များကြောင့် ကပ်ဆိုက်ခြင်းဟု ပုံဖော်မှု

အတိတ်၊ နိမိတ်ကို ယုံကြည်သည့် မြန်မာ့ဓလေ့ထုံးတမ်းကိုအခြေခံ၍ တော်လှန်ရေးအင်အားစုများ လှုပ်ရှားခဲ့သည့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် နိမိတ် မကောင်းသောကြောင့် ယခုကဲ့သို့ သဘာဝ ဘေးကပ်များဆိုက်နေခြင်းဖြစ်သည်ဟုလည်း ဖန်တီးဖြန့်ဝေကြသည်။  “တိုင်းပြည်သေဒဏ်သင့်နေ၍ ယနေ့ဘုရားပိတ်သည် သပိတ်” ၊ “လမ်းမများတွင် ထမိန်အလံများလွှင့်ထူခြင်း၊ လစဉ်သုံးပစ္စည်းများကပ်၍ သရုပ်ဖော်ဆန္ဒပြမှု”၊ “ဝိညာဉ်များ သပိတ်” စသဖြင့် လှုပ်ရှားမှုများကြောင့် ဖြစ်ကြောင်း၊ မြန်မာပြည်မြေပုံ မွေးနေ့ကိတ်ကို ဒေါ်အောင်ဆန်းစုကြည် ခွဲခဲ့၍ ဖြစ်ကြောင်းနှင့် NLD အစိုးရလက်ထက်က စစ်ကိုင်းကောင်းမှုတော်ဘုရားတွင် လှူခဲ့သည့် စည်တော်ကြီးကြောင့် ဖြစ်ကြောင်း စသဖြင့် ယုံကြည်သက်ဝင်မှုအခြေခံသည့် ဇာတ်ကြောင်းအဟောင်း ဖြန့်ချိမှုများကို သုံးစွဲခဲ့သည်။

သို့သော် စစ်ကောင်စီဝါဒဖြန့်ချိသူများ လုံးဝမဖော်ပြသည့် အချက်မှာ ယင်းကောင်းမှုတော်စည်တော်ကြီးအမည်ပေးမှုတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခဲ့သူသည် ယခုအခါ စစ်တပ်နှင့် ဆရာဒကာညီညွတ်နေသည့် “သီတဂူဆရာတော်” ဖြစ်ကြောင်းပင်ဖြစ်သည်။ ထို့ပြင် ယင်းစည်တော်နှင့် ပတ်သက်၍ အယူအစွဲများမှာ မမှန်ကန်ကြောင်း အချက်အလက်စိစစ်ပေးမှုများစွ ရှိသည်ကိုလည်း လျစ်လျူရှု၍  တော်လှန်ရေးအင်အားစုများကြောင့်သာ ငလျင်ပေါ်ပေါက်လာသကဲ့သို့ ဆက်လက် ဖြန့်ချိနေဆဲ ဖြစ်သည်။

 

ပုံစာ – အတိတ် နိမိတ်ကြောင့် ကပ်ဆိုက်ခြင်းဟု ပုံဖော်ဖြန့်ဝေမှုများ

 

၃. ငလျင်နှင့် ပတ်သက်၍ ဖမ်းဆီးရန်လှုံ့ဆော်မှုနှင့် ဖမ်းဆီးမှု

 ငလျင်ဒဏ်သင့်နေချိန် လေယာဉ်၊ ရဟတ်ယာဉ်များကို ကယ်ဆယ်ရေးအတွက် အသုံးမပြုဘဲ ငလျင်ဒဏ်သင့်ဒေသများပါအပါအဝင် တော်လှန်ရေးစိုးမိုးရာ ဒေသများ ရှိ ပြည်သူများကို ဦးတည်၍ ဗုံးကြဲနေပြီး ထိရောက်သည့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ခြင်း အလျဉ်းမရှိဘဲ စစ်ရေးချဲ့ထွင်မှုများ၊ စစ်သားစုဆောင်းမှုများပြုလုပ်ခဲ့သည်မှာ ပကတိ မြေပြင်အမှန်တရားဖြစ်ကြောင်း သတင်းဌာနများနှင့် ငလျင်ဒဏ်သင့် ပြည်သူများက မှတ်တမ်းတင်ခဲ့ကြသည်။

 ယင်းကဲ့သို့ ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးအတွက် စစ်တပ်အား ဝေဖန်ပြစ်တင်သူ၊ စစ်တပ်ကျူးလွန်မှုကို ထုတ်ဖော်သူနှင့် သဘောထားကွဲလွဲသူများ ကို ဖမ်းဆီးထောင်ချရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖမ်းဆီးရန်လှုံ့ဆော်ခြင်း၊ အမှန်တကယ် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

ပုံစာ – ငလျင်နှင့်ပတ်သက်သည့်ဝေဖန်မှုနှင့် ဖော်ပြမှုများအား ဝါဒဖြန့်စာမျက်နှာများက ဖမ်းဆီးရန်လှုံ့ဆော်ခဲ့သည့် အထောက်အထားများ

 

၄. စစ်တပ်၏လိမ်လည်မှု ပေါ်လွင်ခဲ့သည့် ငလျင်ကယ်ဆယ်ရေး ဖြစ်စဉ်နှစ်ခု 

မည်သို့ပင် မုသာဝါဒလှိုင်းလုံးများကို ဖန်တီးလိမ်လည်နေစေကာမူ ငလျင်လှုပ်ခတ်သကဲ့သို့ပင် စစ်ကောင်စီတပ်၏ လိမ်လည်မှုကို “ဘွားကနဲ” ပေါ်သွားစေသည့် ဖြစ်ရပ်က လျင်မြန်စွာ ဖြစ်ပွားခဲ့သည်။ ယင်းမှာ မြန်မာ့ငလျင်ဘေးသို့ ကူညီရန်လာသည့် တရုတ်နိုင်ငံ၏ ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်လက်အောက်ငယ်သားများက ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ပစ်ခတ်မှုဖြစ်လျင်ဖြစ်ခြင်း စစ်ကောင်စီတပ်က ပစ်ခတ်ကြောင်း လွတ်လပ်သည့် သတင်းဌာနများတွင် အချိန်နှင့်တပြေးညီ ဖော်ပြခဲ့ကြသော်လည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများက ယင်းသို့ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး လိမ်လည်ဖန်တီးထားသည့် ဇာတ်ကြောင်းဖြန့်ချိမှုများ ပြုလုပ်ခဲ့ပါသည်။

သို့သော် စစ်ကောင်စီတပ် အားကိုးအားထားပြုနေရသည့် တရုတ်ယာဉ်တန်းဖြစ်ခြင်းကြောင့် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် နေ့မကူးဘဲ “ကူညီကယ်ဆယ်ရေးယာဉ်တန်းကို မိုးပေါ်ထောင်ပစ်ခတ်မိခဲ့ကြောင်း” ဝန်ခံခဲ့ရပါသည်။ ထို့ပြင်စစ်တပ်၏ သဘာဝဘေးကို လျစ်လျူရှုထားပြီး အကြမ်းဖက်မှုကို ကွက်ကွက်ကွင်းကွင်းမြင်သာစေသည့် နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ အိန္ဒိယနိုင်ငံသား ကယ်ဆယ်ရေးသမားတစ်ဦးက “သေနတ်ပြောင်းဝရှေ့တွင် ငလျင်ဒဏ်သင့်နေသည့် မြန်မာပြည်သူများ၏ ဖိနှိပ်ခံရမှု”  အကြောင်းအရာကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့၍ ကမ္ဘာသိဖြစ်ခဲ့ရသည်။

စစ်ကောင်စီတပ်၏ မုသာဝါဒများက ယင်းဖြစ်စဉ်များတွင် ဘူးပေါ်သလိုပေါ်ခဲ့သော်လည်း စစ်တပ်က မျက်နှာပြောင်တိုက်၍ သဘာဝဘေးကို အကြောင်းပြကာ နိုင်ငံရေးအမြတ်ထုတ်မှု၊ စစ်ရေးချဲ့ထွင်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန် တစ်စိုက်မတ်မတ် ထုတ်ဖော်ပြောဆို၊ ပြင်ဆင်လျက်ရှိသည်။ 

 

၅. ငလျင်ကိုအခွင့်ကောင်းယူ၍ စိုးရိမ်ပူပန်မှုမြင့်တက်ရန်ခြောက်လှန့်ခြင်း

သဘာဝဘေးတွင် တွေ့ကြုံရသည်များမှာ အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်ချိရေး ယန္တရားမှ သတင်းတု၊ သတင်းမှားထုတ်လွှင့်ခြင်းသာမက အွန်လိုင်းတွင် ဖော်လိုဝါ၊ ငွေကြေးရှာသူများက “ဆူနာမီလာတော့မည်ငလျင်ထပ်လာတော့မည် စသဖြင့် ခေါင်းစဉ်အမျိုးမျိုးအသုံးပြုကာ လူထုစိုးရိမ်မှုမြင့်တက်စေသည့် ဖြန့်ချိမှုများပြုလုပ်ခြင်းပင်ဖြစ်သည်။

ထို့ပြင် အကြားအမြင်၊ ဗေဒင်ဆရာများ ၏ ရှေ့ဖြစ်ဟော ရှောင်ရှားကြရမည့် မြို့ရွာများနှင့် ပြည်သူများကိုယ်တိုင် စိုးရိမ်စိတ်မြင့်မား၍ မျှဝေသည့် မိုးလေဝသ အခြေနေခန့်မှန်းချက်များနှင့် အခြားတိုင်းပြည်မှ ရုပ်သံ၊ ဓာတ်ပုံများ၊ AIဖြင့် ဖန်တီးထားသော ရုပ်သံများ၊ ဖြစ်စဉ်အဟောင်းများအား ပြန်လည်မျှဝေခြင်းကြောင့် သတင်းတု၊ သတင်းမှား ဖြန့်ချိမှု အရှိန်အဟုန်မြင့်မားခဲ့သည်ကို တွေ့ရပါသည်။ ထိုသို့ ဖြန့်ဝေနေသည့် အကြောင်းအရာများ၏ အကောင့်အရင်းအမြစ်များသည် စစ်ကောင်စီတပ်နှင့်စပ်ဆက်မှု လုံးလုံး လျားလျား မရှိဟု ပြောဆို၍ မရပေ။

 

ပုံစာ – ငလျင်ကို အကြောင်းပြု၍ စိုးရိမ်ပူပန်မှုမြင့်တက်စေရန်ဖြန့်ဝေခဲ့သည့် အကြောင်းအရာများ

 

၆. ငလျင်အကြောင်းပြု လိမ်လည်အလှူခံမှုများ၊ အကောင့်များ ပေါ်ပေါက်လာခြင်း

ငလျင်ကြောင့် စိတ်ရော၊ လူရောပင်ပန်းခံစားကြရသည့် ပြည်သူလူထုအပေါ်သို့ တစ်ပူပေါ်တစ်ပူဆင့်စေ သည့် လိမ်လည်အလှူခံသူများနှင့်အကောင့်များ ပေါ်ပေါက်လာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ယင်းပေါ်ပေါက်မှုကို  သတင်းဌာနများ၊ အချက်အလက်စစ်ဆေးသည့်အဖွဲ့အစည်းများနှင့် နည်းပညာ တတ်ကျွမ်းသူများက လိမ်လည်ခြင်းဖြစ်ကြောင်း၊ အကောင့်တုများ ဖြစ်ကြောင်း အချိန်နှင့် တပြေးညီ စိစစ်ဖော်ပြမှုများရှိခဲ့သည်ကို တွေ့ရပါသည်။

 

 

ပုံစာ – ငလျင်အခြေပြုသတင်းတုသတင်းအမှားများအား အချက်အလက်စစ်ဆေးသည့်အဖွဲ့အစည်းများက စိစစ်တုန့်ပြန်ထားမှု

 

အနှစ်ချုပ်သုံးသပ်ချက်

စစ်တပ်သည် ထိရောက်သည့် ကယ်ဆယ်မှုများကို ကိုယ်တိုင်မပြုလုပ်ရုံသာမက ပြည်တွင်းရှိကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်မည့် ပြည်သူများကို ကန့်သတ်ခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ပြီး ကယ်ဆယ်ချင်သည့် နိုင်ငံတကာအကူအညီများ ကိုလည်း ကန့်သတ်ခဲ့သည်။ ထိုမျှမက နိုင်ငံတကာ သတင်းမီဒီယာများကို ဝင်ခွင့်မပေးခြင်းနှင့် နိုင်ငံခြားသား အလည်အပတ်ဗီဇာကိုပင် ပိတ်ပင်လိုက်ပါသေးသည်။ 

  ငလျင်ဒဏ်ခံနေရသည့်ပြည်သူများကို ကယ်ဆယ်ရန်မဆိုထားနှင့် ၎င်းတို့ဌာနေ နေပြည်တော်ရှိ စစ်ကောင်စီတပ်မိသားစုဝင်များနှင့် ၎င်း၏လက်အောက်ခံဝန်ထမ်းများကိုပင် ကူညီကယ်ဆယ်မှု မပြုလုပ်နိုင်သဖြင့် ပျက်စီးသေဆုံးမှုများ အင်မတန်များပြားနေသော်လည်း နေပြည်တော်နှင့် ပတ်သက်၍ သတင်းအမှောင်ချထားဆဲ ဖြစ်သည်။ အွန်လိုင်းပေါ်တွင်သာ စစ်တပ်က ကယ်တင်ရှင်အဖြစ် သရုပ်ဖော်၍  ဓာတ်ပုံများတွင် သရုပ်ဆောင်ထားသော်လည်း လက်တွေ့မြေပြင်တွင် ၎င်းတို့၏ စစ်တပ်အသိုင်းအဝိုင်း ကိုပင် ကယ်ဆယ်နိုင်ခြင်းမရှိကြောင်း ဖြစ်ရပ်များက သက်သေခံနေပါသည်။ 

အွန်လိုင်းပေါ်၌ သဘာဝဘေးကို ရင်ဆိုင်အံတုနိုင်ရန် ပြည်သူများက အားထားရမည့် သတင်းအချက်အလက်မှန်များ ပိုမိုလိုအပ်နေချိန်တွင် အာဏာသိမ်းစစ်တပ်က သတင်းအချက်အလက် များအား လိုသလိုအသုံးချ၍ နိုင်ငံရေး၊ဘာသာရေး အမြတ်ထုတ်မှုများ၊ စစ်ရေးတိုက်ခိုက်မှုများ၊  ပြည်သူများနှင့် တော်လှန်ရေးဆင်အားစုများ၊ လွတ်လပ်သောမီဒီယာများ အကြား သွေးခွဲ၊ ပုံဖျက်ဖြန့်ချိမှု များစွာပြုလုပ်ခဲ့ကြောင်း တွေ့မြင်ရပါသည်။ 

ထို့ပြင် ဝိသမလောဘသားများ၏ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများအကြား ပြည်သူများ၏ စိုးရိမ်စိတ်မြင့်မားလာကာ သတင်းအချက်အလက်များက ကစဉ့်ကလျား အရှိန်အဟုန်ဖြင့် ပျံ့နှံ့စေခဲ့ကြောင်းလည်း မြင်တွေ့ရပါသည်။  အဆုံးတွင်မူ သဘာဝဘေး၊ ပြည်တွင်းစစ်ဘေးများအကြား ပြည်သူလူထုကသာ အနစ်နာဆုံး မြေစာပင်ဖြစ်ကာ အသက်များ၊ ဘ၀များ၊ ပိုင်ဆိုင်မှုများ မြေပြင်၌ ပြိုကျပျက်စီးခဲ့ရုံသာမက  အွန်လိုင်းမှတဆင့် သတင်းအချက်အလက် မှန်ကန်စွာရရှိမှုသည်လည်း အားနည်း လျက်ရှိသည်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး တစ်လကျော်ကြာသည်အထိ ပြည်သူများသည် လုံလောက်၊ ထိရောက်သည့် အကူအညီမရခြင်း၊ ကိုယ်ထူကိုယ်ထဖြေရှင်းကူညီနေကြရခြင်းများနှင့် ကူညီမှုများအား ကန့်သတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ပြင် ငလျင်ဘေးသင့်သူများက လမ်းမများပေါ် ဘေးလွတ်ရာနေရာများ နှင့် ကယ်ဆယ်ရေးစခန်းများတွင် ယာယီမိုးကာတဲများတည်ဆောက်ပြီး နေထိုင်နေဆဲဖြစ်သည်။  မကြာမီ ရေကြီး၊ ရေလျံ ဖြစ်ပေါ်တတ်သည့် မိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် စီမံခန့်ခွဲမှု လုံးဝမရှိသည့် အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုအောက်မှ မြန်မာပြည်သူများအား သိသိသာသာလှုပ်ခတ်နေဆဲ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများ၊ မိုးတွင်းကာလ၌ ကြုံလတ္တံ့သော သဘာဝဘေးများနှင့် ပြည်တွင်းစစ်ဘေးဒုက္ခများက အလုံးအရင်းဖြင့် စောင့်ကြိုလျက်ရှိသည်။ 

ပြည်သူများအတွက် ယင်းကပ်ဘေးများကို ရင်ဆိုင်အံတုနိုင်မည့် လုံလောက်သည့် ကူညီ၊ ကယ်ဆယ်၊ ထူထောင်ရေး အထောက်အပံ့များနှင့် အခွင့်အရေးများက အလှမ်းဝေးနေပြီး စစ်အာဏာရှင်၏ သဘာဝဘေးအကြောင်းပြ နိုင်ငံရေးအမြတ်ထုတ်မှု၊ စစ်ဘောင်ချဲ့မှုနှင့် သတင်းတု၊ သတင်းမှား ဝါဒမှိုင်းများဖြန့်ချိမှုများက သာ၍ ထွန်းကားလာနေသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ပြည်သူများက အထွေထွေကျပ်တည်းမှုများနှင့် သဘာဝဘေးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရုန်းကန်နေရချိန်တွင် သတင်းအချက်အလက်ရရှိမှု အကန့်အသတ်ခံရခြင်းနှင့်  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများ ဆုံးရှုံးခြင်းက နွံ့အိုင်အတွင်းသို့ တစ်ရစ်ပြီး၊ တစ်ရစ် နစ်သထက် နစ်လာအောင် ဆွဲချနေခြင်းသာဖြစ်ကြောင်း The Red Flag၏ လေ့လာတွေ့ရှိမှုအား တင်ပြအပ်ပါသည်။