၂၀၂၅၊ စက်တင်ဘာလ၊ ၈ရက်။
Fact-check
DNA, FFM, The Red Flag
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်မှာ လူငယ်အမျိုးသား၆ဦးက မနေ့က စက်ဘာလ၊ ၇ရက်က အနုကြမ်းဝင်ရောက်စီးနှင်းမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီကျူးလွန်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တပ်ဖွဲ့တွေကနေ ကျူးလွန်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းရာကို စစ်ကော်မရှင်လက်အောက်ခံလော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ “ဓားပြလာတိုက်တဲ့ PDF တွေကို တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းခဲ့တဲ့ ဖြစ်ရပ်လေးပါ” လို့ (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး တခြားစစ်တပ်အားပေးထောက်ခံ လော်ဘီချန်နယ်တွေမှာလည်း ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နှံ့လာတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Federal FM Fact Check အဖွဲ့တွေကနေ စစ်ဆေးကြည့်တဲ့အခါမှာ ကချင်စုမှာဓါးပြတိုက်ခံရတဲ့ဖြစ်စဥ်မှာ မှန်ကန်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တွေကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်းရာက လွဲမှားနေတာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှာ မနေ့က စက်တင်ဘာလ၊ ၇ရက်မှာ လူငယ်အမျိုးသား၄ဦးကနေ လမ်းသွားလမ်းလာ အမျိုးသားတဦးရဲ့ ဖုန်းကိုလုယက်ဖို့ကြိုးစားခဲ့ကြပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်အမျိုးသား၂ဦး ဆိုင်ကယ်နဲ့ထပ်မံရောက်ရှိလာခဲ့ကာ အဲ့ဒီ ဓါးပြတိုက်ဖို့ကြိုးစားခဲ့သူ လူငယ် ၆ဦးလုံးကို ဒေသခံတွေဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဓါးပြတိုက်သူ လူငယ်၆ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကချင်စုရပ်ကွက်ရုံးကိုပို့ဆောင်ခဲ့တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ဒေသခံတဦးက BBCသတင်းဌာနကို သတင်းဖြေဆိုထားပါတယ်။
BBC Burmese – https://www.facebook.com/share/p/1E7nkTasbF/
ဓါးပြတိုက်ခံခဲ့ရတဲ့ လူငယ်အမျိုးသားက လက်ညှိုးမှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်သူ လူငယ်၆ဦးထဲက ၅ဦးကိုတော့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။
ဖမ်းမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၄ဦးက အသက် ၁၇နစ်အရွယ် အမျိုးသားသုံးဦးနဲ့၊ အသက်၂၅ နှစ်အရွယ်အမျိုးသားတဦးဖြစ်တယ်လို့ People’s Spring သတင်းဌာနက သတင်းတင်ဆက်ထားပါတယ်။
People’s Spring – https://www.facebook.com/share/r/1648nBMBMH/
သတင်းသုံးသပ်ချက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်မှာ လူငယ်အမျိုးသား၆ဦးက ဓါးပြတိုက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ဖြစ်စဥ်မှာ မှန်ကန်ပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တွေကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြောင်းရာကိုတော့ လွတ်လပ်တဲ့သတင်းဌာနတွေမှာ သတင်းဖော်ပြထားတာမျိုးမရှိသလို၊ ဒေသခံတွေကြားမှာလည်း ပြောဆိုနေကြတာမျိုးမရှိတာကိုလည်း တွေ့ရှိရပါတယ်။
ဒါကြောင့် ကချင်စုရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေ ဓါးပြတိုက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Federal FM Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။