19 Sept 2025
Fact-check
Myanmar Pressphoto Agency, The Red Flag
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၆ ဦးအဖမ်းခံရမှုကို တော်လှန်ရေးထောက်ခံ သူဟု အဓိပ္ပာယ်ဆောင်သော အသုံးအနှုန်းဖြင့် စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၁၆ ရက်တွင် “နွားနီ ၁၆၆ကောင် နွားရိုင်းတွေအုပ်စု ကွဲ” ( မူရင်းရေးသားချက်အတိုင်း ) အစချီပြီး တော်လှန်ရေးထောက်ခံသူများ ထိုင်းဘက်ကိုထွက်ပြေးကြရာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိသွားကြောင်း ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့ပါသည်။
အဆိုပါအကြောင်းအရာကို စက်တင်ဘာ ၁၈ ရက် ညဦးပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၉,၀၀၀ ကျော်၊ Reaction ပေးသူ ၅၀ ကျော် ရှိခဲ့ပြီး “Truth Media” နှင့် “နောင်ရိုးဟစ်တိုင်” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ကြသည်။
မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/y4dyN
Truth Media – https://archive.ph/hVQni
နောင်ရိုးဟစ်တိုင် – https://archive.ph/dstga
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens က တစ်ဆင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ ထိုင်းသတင်းဌာနဖြစ်သော Khaosod English သတင်းဌာနက ဓာတ်ပုံများ ဖြစ်နေသည်။
စက်တင်ဘာလ ၁၆ ရက်တွင် မြန်မာနိုင်ငံမှ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသူများကို ဖမ်းဆီးထား ခြင်း နှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် တရားမဝင် လမ်းကြောင်းများဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး တော်လှန်ရေးထောက်ခံသူများဖြစ်သည်ဆိုသော ပြောဆိုချက် တစ်စုံတစ်ရာပါရှိ ခြင်း မတွေ့ရပေ။ အပြည့်အစုံဖတ်ရှုရန် >>> https://bitly.cx/LpLWo
ထိုသတင်းကို ပြည်တွင်းသတင်းဌာနများ ဖြစ်သော Western News, KIC , Dawei Watch တို့ကလည်း သတင်းဖော်ပြထားကြသည်။
“Western News” တွင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာ သော မြန်မာ ၇၀ ဦးကို ထိုင်းအာဏာပိုင်များက စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ၊ ဖမ်းဆီး ခံလိုက်ရသူများမှာ မန္တလေး၊ ရန်ကုန်တို့မှဖြစ်ပြီး စမွတ်စခွန်နှင့် စမွတ်ပရာကန်ပြည်နယ်များသို့ အလုပ်လုပ်ကိုင် ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်းနှင့် ပွဲစားအား တစ်ဦးလျှင် ဘတ်ငွေ ၁၅,၀၀၀ ပေးဆောင်ခဲ့ရကြောင်းတို့ကို ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရှုရန် >>> https://bitly.cx/Bm5Az
“KIC” တွင် ထိုင်းနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတဆင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာ လုပ်သား များသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရကြောင်းနှင့် စက်တင်ဘာလ ၁ ရက်မှ ၁၆ ရက် နေ့အထိ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း လုပ်သား ၆၀၀ နီးပါးရှိကြောင်း၊ ထိုသို့မြန်မာနိုင်ငံသားများ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်း နိုင်ငံသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်ပြီး NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၏ မှတ် ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/ttknW
“Dawei Watch” တွင် ဖမ်းဆီးရမိသူများသည် အယုဒ္ဓနှင့် စူရတ်ဌာနီခရိုင်များသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် ဝင်လာကြပြီး ခရီးစရိတ်အတွက် ဘတ် ၁၅၀၀၀ မှာ ၁၈၀၀၀ အထိပေးချေရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး မတည် ငြိမ်မှုကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် ကြုံနေရကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ ထုတ်ပြန်ချက်အရ အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ မြန်မာလူငယ် ၁၀ ယောက်တွင် ၄ ယောက်ခန့် မှာ စီးပွားရေးပြိုလဲမှု၊ ပြည်တွင်းပဋိပက္ခများနှင့် စစ်မှု ထမ်းခေါ် ယူမှုတို့ကြောင့် နိုင်ငံပြင်ပသို့ ထွက်ခွာလိုကြ ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Uxts
သုံးသပ်ချက်
မူရင်းထိုင်းသတင်းနှင့် မြန်မာသတင်းဌာနများတွင် ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံသို့အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်ခဲ့သူများဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွင် အသုံးပြုထားသည့် နွားနီဆိုသောဝေါဟာရကလည်း တော်လှန်ရေး ထောက်ခံသူများကို နာမည်ဖျက်ထားသော အရေးအသားဖြစ်သည်။
ထို့ကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် အကြောင်းအရာသည် တော်လှန်ရေးထောက်ခံသူများကို နာမည်ဖျက်စွပ်စွဲရေးသားထားသော သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork