16 June 2025 By Wadi /MPA – The Red Flag
ကရင်ပြည်နယ် ကော့ကရိတ် ကျုံဒိုးမြို့တွင် KNU နှင့် PDF များကြောင့် သေဆုံးသွားရသူများအတွက် နာရေး ပြုလုပ်နေစဉ် KNU နှင့် PDF များက လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် ဆိုသည့် အကြောင်းအရာသည် စစ် ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဇွန် ၁၃ ရက် ညနေ ၆ နာရီ ၅၃ မိနစ်တွင် ကျုံဒိုးမြို့နယ်၊ ကော့်ဘော်ကျေးရွာရှိ နေအိမ်တစ်ခုတွင် KNU နှင့် PDF များ သတ်ဖြတ်မှုကြောင့် သေဆုံးသွားရသူများအတွက် ရက်လည်ဆွမ်းကျွေး ပြုလုပ်ရန် ချက်ပြုတ်နေစဉ် KNU နှင့် PDF များက အဆိုပါ နာရေးအိမ်ကို လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် သည့်အတွက် မိသားစုဝင် သုံးဦး အပါအဝင် ခြောက်ဦး ထပ်မံ သေဆုံးသွားကြောင်းကို ဓာတ်ပုံနှင့်တကွ ဖြန့်ဝေ ခဲ့သည်။
အဆိုပါအကြောင်းအရာကို ဇွန် ၁၆ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၅,၀၀၀ ကျော်၊ Reaction ပေးသူ ၆၀၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား လင့်ခ် >>> https://archive.ph/0dxUE
အဆိုပါအကြောင်းအရာကို “Kyaw Swar , D.I Thameedaw, Saw Ba Maung” တယ်လီဂရမ်ချန်နယ်များ အပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Kyaw Swar – https://archive.ph/LRtS6
DI.Thameedaw – https://archive.ph/HIBjq
Saw Ba Maung – https://archive.ph/3VdCl
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်သည့်အခါ “သံလွင်ခက်” မီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူကျနေသည်။
“သံလွင်ခက်” တွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ဘော်ကျေးရွာရှိ နေအိမ်တစ်ခုတွင် သေဆုံးသူ အတွက် ရက်လည်ဆွမ်းကျွေးအလှူလုပ်ရန် ချက်ပြုတ်နေစဉ် နေအိမ်ပေါ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင် သုံးဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ငါးနှစ်အရွယ် ကလေး ငယ်တစ်ဦးနှင့် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း၊ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှ လမ်းမကြီး တစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့အကြား နေ့စဉ်နီးပါး တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိကြောင်း၊ ကော့ကရိတ်မြို့ရှိ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကနေ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်အနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ဒေသခံများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ကြုံတွေ့နေရ ကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/Zu4qX
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ကျုံဒိုး ကော့ဘော်ရွာ လက်နက်ကြီးကျ” ဆိုသည့် စာသားဖြင့် ရှာ ဖွေကြည့်ရာ “Shwe Phee Myay News Agency, Karen Information Center-KIC” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဇွန် ၁၂ ရက် ညနေပိုင်းက ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ဘော်ရွာရှိ ရက် လည်ပြုလုပ်နေသည့် နေအိမ်ပေါ်ကို စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် နာရေးအိမ်တွင် ရှိနေသည့် အသက် ငါးနှစ် နှင့် ဆယ်နှစ် အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ ကျုံဒိုးအခြေစိုက် စကခ ၁၂ က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ဖြစ်ကြောင်း၊ လက်ရှိ ကျုုံဒိုးမြို့ဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ လက်နက် ကြီးကျရာ နေရာတွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ KNLA ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်မှာ စစ်ကောင်စီ၏ ခမရ ၅၄၅ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီဘက်က ရွာများဘက်သို့ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သတင်းဓာတ်ပုံနှင့်တကွ ရေးသာထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Shwe Phee Myay News Agency – https://bitly.cx/ivd6
Karen Information Center – KIC – https://bitly.cx/W9I2
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကျုံဒိုးမြို့၊ ကော့ဘော်ရွာရှိ နာရေးပြုလုပ်နေသည့် နေအိမ်ပေါ်သို့ စစ်ကောင်စီ ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်မှုကြောင့် ကလေးငယ်များအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ရေးသားထားကြသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော KNU နှင့် PDF များကြောင့် သေဆုံးခဲ့သူအတွက် နာရေးပြုလုပ်နေစဉ် KNU နှင့် PDF များက လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် သဖြင့် ကျန်ရစ်သူ မိသားစုဝင်များ ထပ်မံသေဆုံးဟု ဖြန့်ဝေထားသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ ဖြန့်ဝေထားသော သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဇွန်လ ၁၆ ရက် မွန်းလွဲပိုင်းအချိန်ထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork