ဧပြီ ၄ ရက်၊ ၂၀၂၅ ခုနှစ်
KIC, The Red Flag, MFCN
“ထိုင်း လွတ်တော် ပွဲကြမ်းနေပြီ၊ မင်းအောင်လှိုင်ကို ချက်ချင်းမောင်းထုတ်ဖို့ လွှတ်တော်အမတ်များ မတ်တပ်ရပ် ဆန္ဒပြ” ဆိုသည့် စာသားနှင့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မီဒီယာ ဖေ့ဘွတ်ခ်ပေါ်တွင် ယနေ့ ဧပြီလ ၄ ရက်နေ့မှ စတင်ပျံ့နှံ့လျက်ရှိသည်။
အဆိုပါရုပ်သံဖိုင်ကို Chi Ko Ko Naung ဆိုသည့် ဖေ့ဘွတ်ခ်သုံးစွဲသူအကောင့်မှ ယနေ့ မနက်ပိုင်း ၁ နာရီ ၅ မိနစ်အချိန်မှစတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး၊ ပို့စ်ခေါင်းစဥ်တွင် “ထိုင်းလွတ်တော် ပွဲကြမ်းနေပြီ၊ လွတ်တော် အပြင်ဘက်မှာလည်း ထိုင်းပြည်သူ ဆန္ဒပြ” ဟု ရေးသားထားသည်။
ပို့စ်ကွန်မန့်အောက်တွင်လည်း “မအလ ရာဇ၀တ်သား ၀ရမ်းပြေး ပြည်သူအပေါ်လေကြောင်းဗုံးကျဲနေတဲ့သူကို ထိုင်းကိုဖိတ်လို့ ၀န်ကြီးချုပ်အစိုးရအဖွဲ့ကို လွတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြဖို့၊ မင်းအောင်လှိုင်ကို ချက်ချင်းမောင်းထုတ်ဖို့ အမတ်တွေ မတ်တပ်ရပ် ဆန္ဒပြ၊ လွတ်တော် ဥက္ကဌက အားလုံးပြန်ထိုင်ဖို့ အမိန့်ပေး အမတ်တွေက ဆန့်ကျင်လို့ လွတ်တော်ဥက္ကဌက လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်လာထိမ်းသိမ်းဖို့ အမိန့်ပေး ပြသနာတတ်ကြတာ” ဟု ထပ်မံရေးသားထားသည်။
အဆိုပါ ရုပ်သံသတင်းဖြန့်ဝေမှုကို ကြိုက်နှစ်သက်သူ ၂ထောင်ကျော်ရှိပြီး မှတ်ချက်ရေးသားသူ ၁၆၀ နှင့် ထပ်ဆင့်မျှဝေသူ ၂ ထောင်ကျော်ရှိကြောင်းလည်း ဖော်ပြပါလင့်ခ်အတိုင်း တွေ့ရသည်။ https://archive.ph/7xv8W
ထို့အပြင် Zaw Lin Htike ဖေ့ဘွတ်ခ်အကောင့်မှလည်း ၎င်းစာသားနှင့်ပင် ထပ်ဆင့်မျှဝေထားပြီး ကြည့်ရှုသူ ၂ ထောင်ကျော်ရှိ၍ ထပ်ဆင့်ပြန်မျှသူ ၁ ထောင်အတိ ရှိသဖြင့် ပျံ့နှံ့မှုနှုန်းများပြားသည်။ ယခုလင့်ခ် (https://archive.ph/QsyWl) တွင် ကြည့်ရှုနိုင်သည်။
အဆိုပါရုပ်သံသတင်းဖော်ပြချက်အား Myanmar Fact Checking Network-MFCN နှင့် အဖွဲ့ဝင် KIC, The Red Flag တို့မှ စိစစ်ချက်အရ မှားယွင်းသော ရုပ်သံနှင့်အချက်အလက်များပါဝင်နေသည့် သတင်းဖြန့်ဝေမှုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
သတင်းမှားလင့်ခ်တွင် ပါဝင်သည့် ရုပ်သံဖိုင်အား Screen Shot ရိုက်ယူ၍ Reverse Image Search ဖြင့် စစ်ဆေးကြည့်ရာ Thai News Agency “สํานักข่าวไทย TNAMCOT (MCOT)” ၏ ယူကျု့ချန်နယ်မှ ရုပ်သံဖိုင်တစ်ခုကို အစအဆုံးကူးယူဖော်ပြထားခြင်းဖြစ်ကြောင်း ယခုလိုတွေ့ရသည်။ မူရင်းရုပ်သံ လင့်ခ် (https://youtube.com/shorts/7rjb0Eax_CQ?si=ffSpd5_JOfuEa1Cz)
“မင်းအောင်လှိုင်ကို ချက်ချင်းမောင်းထုတ်ဖို့ အမတ်တွေ မတ်တပ်ရပ် ဆန္ဒပြ၊ လွတ်တော် ဥက္ကဌက အားလုံးပြန်ထိုင်ဖို့ အမိန့်ပေး” ဆိုသည့် အကြောင်းအရာအား ရုပ်သံနှင့်တိုက်ဆိုင်စစ်ဆေးချက်အရ ဧပြီလ (၃)ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုင်းလွှတ်တော်တွင် အတိုက်ခံပါတီမှ ငလျှင်ကိစ္စအကူအညီပေးရေး ဆွေးနွေးနေချိန် အစိုးရပါတီမှ ကာစီနိုဝိုင်းများကိစ္စ ကြားဖြတ်ဆွေးနွေးခဲ့သဖြင့် အပြန်အလှန် အငြင်းပွားမှုဖြစ်နေသည်ကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် The Better News ကလည်း ယမန်နေ့က ထိုင်းလွှတ်တော်အတွင်း အငြင်းပွားသဖြင့် လွှတ်တော်ဥက္ကဌက လုံခြုံရေးခေါ်ယူခဲ့သည့်အကြောင်း သတင်းဖော်ပြထားသည်။
The Better News မှသတင်းလင့်ခ် (https://www.facebook.com/share/p/17y2NTYoav/)
မြန်မာဘာသာဖြင့် ထိုင်း-မြန်မာနယ်စပ်အရေးနှင့် ထိုင်းသတင်းများ ဖော်ပြနေသည့် မြဝတီ မဲဆောက် မီဒီယာကလည်း ယင်းအကြောင်းအရာအား ဆက်စပ်ဖော်ပြထားသည်ကို အောက်ပါလင့်ခ်တွင် တွေ့နိုင်သည်။
မြဝတီ မဲဆောက်မီဒီယာ သတင်းလင့်ခ် (https://www.facebook.com/permalink.php?story_))
ဆက်လက်၍ သတင်းအမှားဖော်ပြချက်ရှိ “မအလ ရာဇ၀တ်သား ၀ရမ်းပြေး ပြည်သူအပေါ်လေကြောင်းဗုံးကျဲနေတဲ့သူကို ထိုင်းကိုဖိတ်လို့ ၀န်ကြီးချုပ်အစိုးရအဖွဲ့ကို လွတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြဖို့” ဆိုသည့် အချက်ကို စိစစ်ကြည့်ရာ ယမန်နေ့က ထိုင်းလွှတ်တော်တွင် လွှတ်တော်အမတ် ကန်နဝီက မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးဖိတ်ကြားမှုအပေါ် ထိုင်းဝန်ကြီးချုပ်သို့ မေးခွန်းထုတ်ခဲ့ခြင်းသာဖြစ်ပြီး ဆန္ဒပြ၊မောင်းထုတ်ခိုင်းခြင်းမဟုတ်ကြောင်း တွေ့ရသည်။
ထိုအကြောင်းကို ယုံကြည်စိတ်ချရသည့် Network Media Group-NMG က ယမန်နေ့ရက်စွဲဖြင့် အောက်ပါလင့်ခ်(https://www.nmg-news.net/2025/04/03/31444) တွင် ဖော်ပြထားသည်။
လွတ်လပ်ပြီးယုံကြည်ရသည့် Western News ၏ သတင်းဖော်ပြချက်တွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ Western News ၏ သတင်းလင့်ခ် (https://www.facebook.com/westernnewsagency/posts/))
သုံးသပ်ချက်
စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က BIMSTEC အစည်းအဝေးအတွက် ထိုင်းနိုင်ငံသို့လာရန်ဖိတ်ကြားခြင်းအပေါ် ထိုင်းလွှတ်တော်၌ လွှတ်တော်အမတ်က ဝန်ကြီးချုပ်ကို မေးခွန်းထုတ်ရုံသာရှိခဲ့ပြီး ဆန္ဒပြဆူပူမှုမရှိခဲ့ပါ။
Chi Ko Ko Naung အကောင့်က စတင်ဖြန့်ဝေခဲ့သော “မင်းအောင်လှိုင်ကို ချက်ချင်းမောင်းထုတ်ဖို့ အမတ်တွေ မတ်တပ်ရပ် ဆန္ဒပြ၊ လွတ်တော် ဥက္ကဌက အားလုံးပြန်ထိုင်ဖို့ အမိန့်ပေး” ဆိုသည့်ရုပ်သံဖိုင်နှင့်ဖော်ပြချက်ပါ အချို့အကြောင်းအရာများမှာ ကိုက်ညီမှုမရှိဘဲ သတင်းအမှားဖြစ်ကြောင်း သိရသည်။
မြန်မာအရပ်ဖက်အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ကိုအိတ်ဖွင့်စာပေးပို့ ကန့်ကွက်မှုနှင့် မင်းအောင်လှိုင် ဘန်ကောက်ရောက်လာသည့်အပေါ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စာတန်းချိတ်ဆွဲဆန္ဒပြခြင်းတို့သာ လတ်တလော ရှိနေသေးသော်လည်း ဘန်ကောက်တွင် မင်းအောင်လှိုင်ကို ဆန္ဒပြနေသည့် သတင်းအတု၊ သတင်းအမှားများစွာ ထွက်ပေါ်နေသည်။ ထိုသတင်းအမှားနှင့်ပတ်သကပြီး MFCN စိစစ်ထားသည့် ကိုအောက်ပါလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
MFCN က စိစစ်ထားသည့်သတင်းလင့်ခ် (https://web.facebook.com/myanmarfactcheckingnetwork/videos/)
စာဖတ်ပရိသတ်များအနေဖြင့်လည်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျံ့နှံ့လာသည့် သတင်းအကြောင်းအရာများအား ချက်ချင်းယုံကြည်၍ ပြန်လည်မျှဝေခြင်းမလုပ်ဘဲ ယုံကြည်စိတ်ချရသည့် အချက်အလက်စစ်ဆေးပေးသူများသို့ ပေးပို့စစ်ဆေးနိုင်သည်။
ထို့အတူ ယုံကြည်စိတ်ချရသည့် သတင်းဌာနများနှင့်တိုက်ဆိုင်စစ်ဆေး၍ဖြစ်စေ Myanmar Fact Checking Network-MFCN သို့ ပေးပို့စစ်ဆေးနိုင်သလို KIC နှင့် The Red Flag အပါအဝင် MFCN ၏ အခြားအဖွဲ့ဝင်သတင်းဌာနများသို့လည်း ပေးပို့၍ စစ်ဆေးအတည်ပြုနိုင်သည်။
Myanmar Factchecking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။