သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag
ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မဟုတ်မမှန်ကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ချိနေပါသည်။
စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖြန့်ချိခဲ့ပြီး DVB သတင်းဌာနမှ ရေးသားဖော်ပြထားခဲ့သော “ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းယာဉ်တန်း ပစ်ခတ်ခံရ” ဆိုသည့် အကြောင်းအရာကို မဟုတ်မမှန်သတင်းအမှားဟု ရေးသားဖြန့်ချိခဲ့သည်။
ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိပြီး ထပ်ဆင့်ဖော်ပြသူများလည်း ရှိသည်။
သတင်းအမှားလင့်ခ် – https://archive.ph/XZ3hu
စစ်ကောင်စီဝါဒဖြန့် ချန်နယ်မှ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်သောအခါ သတင်းအမှားဖြစ်နေကြောင်း တွေ့ရသည်။
သတင်းစစ်ဆေး တွေ့ရှိချက်
အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ထွက်ခွာလာသည့် ကြက်ခြေနီအဖွဲ့ယာဉ်တန်းကို ပစ်ခတ်မိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂ ရက်နေ့က ဝန်ခံပြောကြားလိုက်သည်။
အဆိုပါယာဉ်တန်းသည် ဧပြီ ၁ ရက် ည ၉ နာရီခွဲခန့်က သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် ၉ မိုင်ခန့်အကွာ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်းပေါ်ရှိ အုမ္မတီးရွာအနီးတွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
TNLA ထုတ်ပြန်ချက် – https://archive.ph/s9OQa
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုခဲ့သော ပြောကြားချက်များကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Myanmar Now – https://shorturl.at/aHz6U
DVB – https://www.facebook.com/reel/676721385035572
BBC Burmese – https://shorturl.at/UzeQ6
တရုတ်နယ်စပ်မှ မန္တလေးကို ဝင်ရောက်ရန် ကြိုးစားနေသည့် တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်က ပစ်ခတ်သတိပေးခဲ့သည်နောက်တွင် မြန်မာငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရေးလမ်းကြောင်းများအား လုံခြုံရေးမြန်မာဘက်က ဘက်အသီးသီးကို တိုက်တွန်းထားကြောင်း တရုတ်ဘက်က ပြောလာသည်။
BBC Burmese – https://rb.gy/c5bu1k
သုံးသပ်ချက်
ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မှန်ကန်သည်။ သို့သော် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ စစ်ကောင်စီ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အဆိုပါသတင်းကို မဟုတ်မမှန် သတင်းအမှားဟု တန်ပြန်ဖြန့်ချိနေခြင်း ဖြစ်သည်။
စာဖတ်ပရိတ်သတ်တွေအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများ၊ သတင်းအချက်အလက် မီဒီယာများ၌ သွားရောက် ဖတ်ရှု့ကြဖို့ တိုက်တွန်းပါသည်။
သတင်းတု၊သတင်းမှား ဖြစ်သည်ဟု သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့် သတင်းဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ၊ သတင်းအချက်အလက်စစ်ဆေးခြင်း (Fact Checking) ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့ အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။
MFCN အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသော အချက်အလက်စစ်ဆေးခြင်း သတင်းများကိုလည်း အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။