ဇူလိုင် ၂ ရက်၊ ၂၀၂၅ / MPA+KIC- The Red Flag
တရုတ်နိုင်ငံက ရေကာတာဖောက်ချသဖြင့် မြန်မာနိုင်ငံတွင် ရေကြီးလာနိုင်ဟုဆိုသည့် သတင်းအမှား ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။
“ချန်နယ်”ဆိုသည့် ဖေ့ဘွတ်ခ် Reel တွင် “တရုတ်ပြည်မှာ အရေးပေါ်အခြေအနေကြောင့် ရေကာတာကြီး ဖောက်ထုတ်လိုက်ရပါပြီ။ အဲ့ဒီရဲ့ ရေစီးဆင်းတာတွေက မြန်မာပြည်အတွင်းထဲကို ဝင်ရောက်လာနိုင်ချေရှိတယ်လို့ သိရပါတယ်”ဟု ရေကာတာတစ်ခုမှ ရေစီးဆင်းနေသော ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ဝေထားသည်။
ချန်နယ် – https://archive.ph/ahp3f
Myanmar short movies ဆိုသည့် ယူကျူ့ချန်နယ်ကလည်း အဆိုပါဗွီဒီယိုဖိုင်ကိုပင် ဇွန်လ ၃၀ ရက် နေ့က ဖြန့်ဝေထားသလို Alepha Jungchan ယူကျူ့သုံးစွဲသူကလည်း တစ်ထပ်တည်း ဖြန့်ဝေမှုမျိုးရှိနေသည်။
Myanmar short movies – https://archive.ph/PLPXG
Alepha Jungchan – https://archive.ph/JCAd3
အခြားဖေ့ဘွတ်ခ်ပေ့ချ်အချို့နှင့် ယူကျူ့ ချန်နယ်အချို့ရှိ Reel တွင်လည်း ရေလွှမ်းနေသော ဗီဒီယိုဖိုင် အတိုများ၊ ရေကာတာမှ ရေများစီးဆင်းနေသော ဗီဒီယိုအတိုများ တင်၍ တရုတ်က ရေကာတာ ဖောက်ချသဖြင့် မြန်မာနိုင်ငံတွင် ရေကြီးလာနိုင်ဟူ၍ ဖြန့်ဝေမှုများလည်း တွေ့ရသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သော MPA နှင့် KIC သတင်းဌာနတို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းစိစစ်ချက်
Google တွင် “တရုတ်နိုင်ငံ ရေကာတာဖောက်ချ”ဆိုသည့် စာသားဖြင့် ရှာဖွေရာ သတင်းရေးသားဖော်ပြထားခြင်း မတွေ့ရပေ။ MFCN ၏ သတင်းအချက်အလက်စစ်ဆေးသူများက “ချန်နယ်” အမည်ရ ဖေ့ဘွတ်အသုံးပြုသူက တင်ထားသည့် မူရင်းဗွီဒီယိုဖိုင်အတွင်းရှိ ရေလွှတ်နေသည့်ရေကာတာ၏နောက်ခံအဆောက်အဦး ပုံအား screenshot ရိုက်ယူပြီး Google Image search ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ ဇွန်လ ၁၈ ရက်နေ့က “RATU Drama” အမည်ရှိ ဖေ့ဘွတ်ခ် ပေ့ချ်မှ Reels တင်ခဲ့သည့် မူရင်း ဗွီဒီယိုဖိုင်ကို ရှာဖွေတွေ့ရှိသည်။
မူရင်းဗွီဒီယိုလင့်ခ် – https://archive.ph/gZBc9
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “တရုတ်နိုင်ငံ ရေကြီးရေလျှံမှု”ဟု ရှာဖွေရာ DVB ၊ Mizzima၊ ဆင်ဟွာ သတင်းဌာနတို့က တရုတ်နိုင်ငံ၌ရေကြီးမှုအပေါ် သတင်းရေးသားထားသည်ကို တွေ့ရသည်။
ဇွန် ၂၉ ရက် DVB သတင်းတွင် တရုတ်နိုင်ငံ အနောက်တောင်ဘက်ကွေ့ကျိုးဒေသရှိ ရုန်းကျန်း၌ မိုးသည်းထန်မှုကြောင့် တပတ်အတွင်း ဒုတိယအကြိမ် ရေကြီးခဲ့ကြောင်း၊ ရေကြီးမှုကို အမြင့်ဆုံးအဆင့် အရေးပေါ်လုပ်ဆောင်ရန် အရှိန်မြှင့် ဆောင်ရွက်နေသလို ရေမြင့်တက်လာမှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း လျက်ရှိကြောင်း ရေးထားသည်။ သတင်းလင့်ခ် – https://shorturl.at/EGb03
ဇွန် ၂၆ ရက် Mizzima သတင်းတွင် တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈၀,၀၀၀ ကျော်ကို နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ် ဆယ်ခဲ့ရကြောင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/e7tGa
ဇူလိုင် ၁ ရက် ဆင်ဟွာသတင်းတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်နှင့် ဟူနန်ပြည်နယ်တို့သည် ဇွန်လလယ်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပြင်းထန်သော ရေကြီးရေလျှံမှုများ တွေ့ကြုံ ခဲ့ရကြောင်း၊ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်နှင့် တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ရုံကျန်း၊ ချုံကျန်း စသည့် နေရာများတွင် ရေကြီးရေလျှံမှုကို သိသိသာသာခံစားခဲ့ရကြောင်း၊ ဒေသခံ အမြောက်အမြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/HG7nd
သတင်းများတွင် တရုတ်နိုင်ငံ၌ ဇွန်လ ၂၄ ရက်နေ့မှစတင်၍ ရေကြီးမှုဖြစ်ပွားသောကြောင့် ကယ်ဆယ်ရွှေ့ပြောင်း ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ရကြောင်း ဖော်ပြထားသော်လည်း မူရင်း ဗွီဒီယိုတင်လာသည့် ရက်စွဲမှာ ဇွန်လ ၁၈ ရက်နေ့ကတည်းက ဖြစ်၍ အချိန်အားဖြင့်လည်း ကွာခြားချက်ရှိကြောင်း တွေ့ရသည်။
သုံးသပ်ချက်
ရေကာတာတစ်ခုမှ ရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော အဆိုပါ ရုပ်သံဖိုင်ကို Facebook Reel, TikTok, YouTube အသုံးပြုသူများက ပါကစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှားစသည့် နိုင်ငံရှိ ဗီဒီယို ဖိုင်ဖြစ်သည်ဟု ရေးသားဖြန့် ဝေမှုများရှိနေသော်လည်း MFCN ၏ အချက်အလက်စစ်ဆေးသူများက သီးခြားအတည်ပြု နိုင်ခြင်းမရှိသေးပေ။
သို့သော် မူရင်း video တွင်ပါဝင်သည့် ရုပ်သံအား စစ်ဆေးမှုအပါအဝင် Google တွင် အချက် အလက်ရှာဖွေမှုများအရ တရုတ်နိုင်ငံတွင် ရေကာတာဖောက်ချမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားခြင်း မတွေ့ရပေ။
ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ရေကြီး ရေလျှံမှုများဖြစ်ပေါ် နေသဖြင့် ဒေသခံပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေရကြောင်း ရေးသားထားသည်။
ထို့ကြောင့် ဆိုရှယ်မီဒီယာများတွင် တရုတ်နိုင်ငံ ရေကာတာဖောက်ချသဖြင့် မြန်မာနိုင်ငံရေကြီးလာနိုင်ဟု ဖြန့်ဝေထားခြင်းသည် အများပြည်သူ အထိတ်တလန့်ဖြစ်အောင်ဖြန့်ဝေထားသည့် သတင်းမှားအကြောင်းအရာသာ ဖြစ်သည်။
အထက်ပါ အချက်အလက်စစ်ဆေးမှုသည် ၂၀၂၅ ဇူလိုင် ၂ရက် ညနေပိုင်း အထိရရှိသော သတင်းအချက်အလက် များဖြစ်သည်။
ရာသီဥတုကြောင့်ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှု၊၊ မြစ်ရေမြင့်တက်မှု၊ မိုးလေဝသနှင့် ပတ်သက်သော အကြောင်းအရာများကို သိရှိလိုလျှင် ယုံကြည်စိတ်ချရသော သတင်း ဌာနများအပြင် အောက်ဖော်ပြပါတို့ကိုလည်း ဝင်ရောက်ဖတ်ရှုသင့်သည်။
NUG မိုးဇလ သတင်းတွေတင်ဆက်ပေးနေသည့် MOHADM page link – https://www.facebook.com/share/p/1A5SffP6ct/
စစ်ကောင်စီ လက်အောက်ရှိ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန page – https://www.facebook.com/share/16ChiVJTNS/