ဇွန်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်
KIC, Real or Not, The Red Flag, MFCN
ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ရရှိပြီးသည့်နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကေအဲန်ယူသို့ ကျေးဇူးတင်ချီးကျုးဂုဏ်ပြုစကားပြောခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်မျက်နှာဖြင့် ရုပ်သံဖိုင်တစ်ခု ဖေ့ဘွတ်စာမျက်နှာတွင် ပျံ့နှံ့လာသည်။
အဆိုပါရုပ်သံဖိုင်ကို Followers ၁ သောင်းကျော်ရှိသည့် Saw Myo Myo အကောင့်မှ ဇွန်လ ၇ ရက်နေ့က ၎င်းကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာတွင် အမေရိကန်သမ္မတက ကျေးဇူးတင်စကားပြောဆိုသည့် စာသားအပါအဝင် ကရင်ခွဲထွက်အဖွဲ့တွေပြန်ပေါင်းဖို့ ဟူသည့်ရေးသားချက်များဖြင့်ပါ ဖော်ပြထားသည်။
Saw Myo Myo – https://archive.ph/d3YLP ယင်းရုပ်သံအား ကြည့်ရှုသူ ၄ သိန်း၅သောင်းကျော်၊ ကြိုက်နှစ်သက်သူ ၆ထောင်ကျော်နှင့် မှတ်ချက်ပေးသူ ၁၂၀ ရှိသည်။
ထိုမူရင်း AI ရုပ်သံအား Kyaw Lu Thaw အမည်ရ ဖေ့ဘွတ်ခ်အသုံးပြုသူက သံလွင်မြစ်ကမ်းတစ်နေရာရှိ လှေဆိပ်တစ်ခုတွင်ရိုက်ကူးထားသော ၎င်း၏ကိုယ်ပိုင်ဗွီဒီယိုနှင့်ပေါင်းစပ်ပြီး “President Trump” စာသားဖြင့် မေလ ၂၂ ရက်နေ့က ဖြန့်ဝေထားသည်။ ပေါင်းစပ်ဖန်တီးထားသည့် ယင်းဗွီဒီယိုကိုလည်း ကြည့်ရှုသူ ၅ သိန်းနီးပါးရှိကာ ကြိုက်နှစ်သက်သူ ၁သောင်းအထိရှိသည်။
Kyaw Lu Thaw – https://archive.ph/iDIFD
အဆိုပါ ရုပ်သံအား Myanmar Fact-Checking Network အဖွဲ့ဝင် ကရင်သတင်းဌာန-KIC, Real or Not-ဟုတ်တယ် vs မဟုတ်ဘူး တို့မှ စိစစ်ချက်အရ ဉာဏ်ရည်တုနည်းပညာ AI ဖြင့်ဖန်တီးထားသော ရုပ်သံဖိုင်ဖြစ်ကြောင်း တွေ့ရသည်။
AI ဖြင့်ဖန်တီးထားသော ရုပ်သံဖိုင်ဖြစ်ကြောင်း စိစစ်ခြင်း
Google မှတဆင့် ရှာဖွေစစ်ဆေးချက်အရ ရုပ်သံဖိုင်ဖန်တီးထားသည်မှာ ၂ ပတ်ခန့်ကြာမြင့်ခဲ့ပြီး ကရင်နာမည်ဖြင့်အကောင့်အချို့မှ ဖေ့ဘွတ်ကိုအဓိကအသုံးပြု၍ မျှဝေထားကြသည်ကို တွေ့ရသည်။ ထိုမှတဆင့် မူရင်းရုပ်သံပိုင်ရှင်ဖြစ်သော Saw Saw Bledho Saw အမည်ရ ဖေ့ဘွတ်သုံးစွဲသူ က ၎င်းကိုယ်ပိုင်အကောင့်တွင် “Dedicate this short speech to KNLA , KNDO and PDF” ဟူသောစာသားဖြင့် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကတည်းက စတင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
Saw Saw Bledho Saw – https://archive.ph/lGpiq ၎င်း၏ရုပ်သံဖိုင်ကိုလည်း ပြန်မျှဝေသူ ၈၃ ယောက်ရှိထားပြီး မှတ်ချက်ပေးသူ ၁၃ ယောက်ရှိသည်။ ရုပ်သံဖန်တီးသူကိုယ်တိုင်က အဆိုပါရုပ်သံဖိုင်မှာ AI ဖြင့်ဖန်တီးထားကြောင်း မှတ်ချက်ပေးသူအနက် တစ်ဦးအား Reply ပြန်ထားသည်။
ထို့အပြင် ရုပ်သံဖိုင်အတွင်းပါရှိသည့် ရေစာ(Watermark)ပါအမှတ်တံဆိပ်ကို ကြည့်ပါက “Viggel AI” ဆိုသည့် ရေစာကိုတွေ့နိုင်သည်။
Viggel AI ဆိုသည်မှာ AI Video များကို ဖန်တီးပေးနိုင်သည့် WarpEngine Canada Inc ၏ ထုတ်ကုန်တစ်ခုဖြစ်သည်။၎င်း viggle.ai ဆိုသည့် AI Video Generator ဖြင့် မိမိ ဖန်တီးချင်သော ဗီဒီယိုများကို မိမိ အသုံးပြုလိုသော ဓာတ်ပုံများကို အစားထိုးပြီး ဗီဒီယိုအဖြစ်ထုတ်လုပ်နိုင်သည့်အပြင် နောက်ခံအသံများကိုပါ မိမိ စိတ်ကြိုက်ဖန်တီးပြီး ပြောင်းလဲနိုင်သည့် AI Video Generatorဖြစ်သည်။
Viggle AI – https://viggle.ai/about-us
ကေအဲန်ယူ-ဗဟို၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင်လည်း တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများအပေါ် သမ္မတဒေါ်နယ်ထရမ့်က ကေအဲန်ယူကို ဂုဏ်ပြုစကားပြောထားသည့် အကြောင်းအရာကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါ။ စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုကြောင်းကိုသာ မေလ ၂၁ ရက်နေ့က ကေအဲန်ယူ၏တရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ ကေအဲန်ယူ-ဗဟို လင့်ခ် – https://www.facebook.com/share/v/1B3nHUWY8m/
AI ဗွီဒီယိုတွင် ပါဝင်သည့် အကြောင်းအရာများအား စိစစ်ခြင်း
Saw Myo Myo အကောင့်တွင် ဒေါ်နယ်ထရမ့်က ကေအဲန်ယူကို ကျေးဇူးတင်စကားပြောဆိုသည့် အရေးအသားများသာမက “ကရင်ခွဲထွက်အဖွဲ့(DKBAငဘိ/DKBAစတီးလ်/KTLAဓားမြ/KPCထော့လေး/BGF-KNAချစ်သူ)တွေကို KNU နဲ့ အမြန်ဆုံးပြန်ပေါင်းဖို့” ၊ “စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ သို့မဟုတ် တော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူအားလုံးကိုလည်း KNU ကို တခဲနက် ကူညီပံ့ပွန်းဖို့နဲ့ ခွဲထွက်အဖွဲ့တွေကို လုံးဝ မကူညီဖို့ အတိအလင်း ပြောခဲ့ပါတယ်” ဟူ၍ ကိုယ်ပိုင်အရေးအသားများဖြင့် ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်သည်။
Saw Myo Myo ၏ ယခင်ရေးသားဖော်ပြချက်များကို လေ့လာရာတွင် “ထိုင်းနိုင်ငံခိုးဝင် ကျွန်ကရင်လူငယ်များ”၊ “ကရင်ပြည်(ကော်သူးလေ)ကို ဗမာလူငယ်တွေတည်ဆောက်” စသည့် လူမျိုးရေးအမုန်းပွားစေနိုင်သည့် စကားလုံးများကို တွင်တွင်ကျယ်ကျယ်သုံးနေသည်။
၎င်းတို့ကို အောက်ဖော်ပြပါ လင့်ခ်များတွင် တွေ့ရှိရသည်။
သုံးသပ်ချက်
ဖော်ပြပါ စိစစ်ချက်များအရ တပ်မဟာ(၇)နယ်မြေရှိ နယ်စပ်စစ်ကောင်စီတပ်စခန်းများကို ကေအဲန်ယူလက်အောက်ခံတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်၊ဧပြီ၊မေ ၃ လတာအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်မှာ ဖြစ်စဥ်အမှန် ဖြစ်သည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကေအဲန်ယူကို ကျေးဇူးတင်၊အားပေး၊ဂုဏ်ပြုစကား ပြောကြား၊ ခွဲထွက်အဖွဲ့များပြန်ပေါင်းရန် ပြော စသည့်ရေးသားမှုမျိုးမှာ မဟုတ်မမှန်သော ဝါဒဖြန့်ချိမှုဖြစ်သလို ဖော်ပြပါရုပ်သံဖိုင်မှာလည်း AI ဖြင့်ဖန်တီးထားသဖြင့် အလုံးစုံမှားယွင်းသည့် အကြောင်းအရာများဖြစ်ကြောင်း သုံးသပ်ရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ KNU ကို ချီးကျူးဂုဏ်ပြုစကားဆို သည့်အကြောင်းအရာကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်ပြီး ရေးသားထုတ်လွှင့်နေသည့် နိုင်ငံတကာသတင်းမီဒီယာများ အပါအဝင် လွတ်လပ်သည့်သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားခြင်းမျိုးမရှိသည့်အတွက် မှားယွင်းနေကြောင်းထင်ရှားပါသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု၊ သတင်းအမှားများ၊ စစ်ဆေးပေးစေလိုသော သံသယဖြစ်ဖွယ် သတင်းအချက်အလက်များ၊ မှန်ကန်သည့်သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုသော အကြောင်းအရာများအား Myanmar Fact Checking Network နှင့် Myanmar Fact Checking Network အဖွဲ့ဝင်များဖြစ်သော KIC နှင့် Real or Not တို့၏ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးရန် အကူအညီတောင်းနိုင်သည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသော သတင်းများကိုလည်း အောက်ဖော်ပြပါ လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။