(FactCheck)
Akyab post၊ DNA၊ The Red Flag
ဩဂုတ်လ၊ ၅ရက်
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၃၀ရက်နေ့မှာ ဆူနာမီဖြစ်ပွားခဲ့ပြီးတဲ့နောက် ဆူနာမီရေလှိုင်းပြန်ကျသွားတဲ့အချိန်မှာ အလွန်ကြီးမားတယ် ဝေလငါးကြီးတွေ ကမ်းတင်ကျန်ရစ်နေခဲ့တယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Tiktokကွန်ရက်တွေမှာ ဘာသာစကားမျိုးစုံနဲ့ ရေးသားဖြန့်ဝေနေကြတာမျိုးရှိသလို ဗမာစကားနဲ့လည်း ပြန်လည်ရေးသားဖြန့်ဝေနေကြတာပါ။

ပျံ့နှံ့လာတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ The Akyab Post Fact Check အဖွဲ့တွေကနေ အချက်လက်စစ်ဆေးကြည့်တဲ့အခါမှာ AI အသုံးပြုဖန်တီးထားတဲ့ အကြောင်းအရာဖြစ်တာကိုတွေ့ရှိရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဝေလငါးကြီးတွေကမ်းတင်ကျန်ရစ်ခဲ့တယ်ဆိုတဲ့ ရုပ်ပုံကို Google Lens နဲ့ စစ်ဆေးကြည့်တဲ့အခါမှာ “အဲ့ဒီရုပ်ပုံက ပျက်စီးနေသောမြို့ရဲ့ အိမ်တစ်အိမ်ပေါ်က ဝေလငါးပုံကို ဖော်ပြထားတဲ့ အဲ့ဒီရုပ်ပုံက **အစစ်အမှန်ဓာတ်ပုံမဟုတ်ဘူး**။ အဲ့ဒီရုပ်ပုံက **ဒစ်ဂျစ်တယ်နည်းပညာနဲ့ တည်းဖြတ်ထားတဲ့ ပုံ** (ဒါမှမဟုတ်) **မြင်ကွင်းအထူးသက်ရောက်မှုတွေနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုက ရိုက်ကွင်း** တခုဖြစ်တယ်”လို့ Google ကဖော်ပြထားပါတယ်။
ဒါ့အပြင် Fotoforensics Tools နဲ့ အဲ့ဒီရုပ်ပုံကို စစ်ဆေးကြည့်တဲ့အခါမှာလည်း AI ရုပ်ပုံတွေလိုမျိုး ပတ်ဝန်းကျင် ကြည်လင်မှု၊ ဝေလငါးကိုယ်ထည်၊ ရေမြှုပ်နေတဲ့ အိမ် စသဖြင့် အရောင်ကွဲပြားတာမျိုးမရှိပဲ အရောင်တွေရှုပ်ထွေးနေတာကိုတွေ့ရပြီး ဒီဂျစ်တယ်နဲ့ ဖန်တီးထားတဲ့ ရုပ်ပုံဖြစ်တာကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုပင်လယ်နဲ့နည်းပညာတက္ကသိုလ် ပါမော်က္ခ ကာတိုဟိဒဲဟီရို(Kato Hidehiro)က “ ချိဘခရိုင်ပြင်ပမှာ ဒီတကြိမ်ဝေလငါးတွေကမ်းတင်ခံရကြောင်း၊ အတည်ပြုထားတဲ့ အမှုတွေမရှိကြောင်း၊ ဒီဖြစ်စဥ်က ငလျင်၊ ဆူနာမီတို့နဲ့ ဆက်စပ်မှုရှိတယ်လို့ သူမယုံကြည်ကြောင်းနဲ့ ဒီလိုဖြစ်စဥ်မျိုးဖြစ်နိုင်ခြေကလည်း နည်းပါးတယ်” ဆိုတာကို CBN သတင်းဌာနမှာ ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၃၀ရက်က မှတ်ချက်ပြုခဲ့ပါသေးတယ်။


ဆူနာမီဘေးအန္တရာယ်က ပြင်းထန်ပျက်စီးတာတွေကိုဖြစ်ပေါ်စေနိုင်ပြီး ရေနေသတ္တဝါတွေ ကမ်းတင်တဲ့ဖြစ်ရပ်မျိုး ဖြစ်နိုင်ပေမယ်လည်း ဒီပျံ့နှံ့နေတဲ့ ရုပ်ပုံထဲကလို အရွယ်အစားအလွန်ကြီးမားတဲ့ ဝေလငါးတကောင် အိမ်တအိမ်ပေါ်ကို ရောက်ရှိနေတဲ့ ဖြစ်စဥ်မျိုးကို ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာ၊ ဓါတ်ပုံအထောက်ထားမျိုးမတွေ့ရပါဘူး။
ဒါ့အပြင် အိမ်ပတ်ဝန်းကျင်၊ အမှိုက်သရိုက်ပျက်စီးမှုတွေနဲ့ နှိုင်းယှဥ်ကြည့်လိုက်တဲ့အခါမှာ ဝေလငါးရဲ့အရွယ်အစား၊ တည်နေရာ အနေအထားတွေက လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ဖြစ်ရပ်ထက် ဒီဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့အရာဖြစ်တာကို ညွှန်ပြနေတာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် ဂျပန်နိုင်ငံမှာ ဆူနာမီအပြီး အလွန်ကြီးမားတဲ့ဝေလငါးတွေ ကမ်းတင်ကျန်နေခဲ့တယ်ဆိုတဲ့ သတင်းမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ The Akyab Post Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။