၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ၈ ရက်နေ့
Fact-check
ခမ်းသားငေါဝ်း/ The Red Flag
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်အစပ် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ကိုလိုနီခေတ် ရှေ့ဟောင်း အမွေအနှစ် ကမ္ဘာကျော် ဂုတ်ထိပ်တံတားသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖျက်ဆီးခံရပြီး နောက်ဆက်တွဲ၌ သက်သေအတုများ ဖန်တီးကာ သတင်းသမှား ဖြန့်ဝေနေမှုများကို တွေ့ရှိရပါသည်။
ဖြန့်ဝေရေးသားမှုမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေး လွေးယေဦးက ကမ္ဘာကို လှည့်ပတ်လိမ်ညာနေချိန် TNLA၏တပ်သားများက ထိုဂုတ်ထိပ်တံတားမိုင်းခွဲရန် ပြင်ဆင်နေသည့်ဓာတ်ပုံ ထုတ်ပြလာခဲ့ကြောင်းကို ဓာတ်ပုံနှင့်အတူ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဖေဘွတ်ခ် အကောင့်နှင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အကောင့် “ ကာနယ်ချစ်ကောင်း ” အကောင့်တို့မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး MFCN မှ အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှူသူ (၁) သောင်းကျော်၊ ရီအက်ရှင် ပြုလုပ်သူ (၂) ရာကျော်နှင့် မှတ်ချက်ပေးသူ (၉)ခု ထိရှိနေပြီး ထပ်ဆင့်ဖြန့်ဝေသူများ (၅၇) ဦးအထိရှိနေသည့်အတွက် ပြန့်နှံမှုလည်း များနေပါသည်။
ဖြန့်ဝေထားသည့် လင့် – https://archive.ph/p4RTa
ဖြန့်ဝေထားသည့် လင့် – https://archive.ph/CZbk7
၎င်းဖြန့်ဝေထားသည့်အကြောင်းအရာကို Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်ကြည့်သည့်အခါ Photoshop ဓာတ်ပုံ ဖြင့် ဖန်တီးထားသော သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
TNLA တပ်သားက မိုင်းခွဲရန် ပြင်ဆင်နေသည့် ဓာတ်ပုံကို Google Lens Tool နှင့် Invid Verification Tools တို့ကို အသုံးပြုကာ စိစစ်မှုများ ပြုလုပ်ခဲ့ပါသည်။
စိစစ်တွေ့ရှိမှုအရ ထိုဓာတ်ပုံသည် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီး နမ့်ဆန်မြို့နယ် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ ပြင်ဆင်သိမ်းဆည်းနေသည့် TNLA တပ်ဖွဲ့ဝင်များကို မှတ်တမ်းရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။
ထိုဓာတ်ပုံကို BBC သတင်းဌာနမှ လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တွင် “ မိုးကုတ်မြို့တဝိုက်မှာ တိုက်ပွဲဆက်ပြင်းထန်နေ” ဆို့သည့် သတင်းရေးသားဖော်ပြမှုမှာ ၎င်း TNLA တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်း သိမ်းဆည်းပြင်ဆင်နေသည့် ဓာတ်ပုံကို အသုံးပြု ဖော်ပြထားပါသည်။
BBC သတင်းဖော်ပြ လင့် – https://www.facebook.com/share/p/1ZBotPSx5n/
နောက်ထပ် VOA သတင်းဌာနမှ ဖော်ပြထားသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ သတင်း “နမ်ခမ်းမှာ စစ်ကောင်စီစခန်းသစ်ကုန်း TNLA ထိမ်းချုပ်” ဆိုသည့် သတင်းဖော်ပြမှုတွင်မှာလည်း ထိုဓာတ်ပုံကို အသုံးပြုထားပြီး ထိုဓာတ်ပုံသည်လည်း “ ယခင်မှတ်တမ်းရုပ်ပုံ ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃) “ ဓာတ်ပုံဖြစ်ကြောင်းကို ပုံအညွန်းတွင် ရေးသားဖော်ပြထားပါသည်။
VOA သတင်းဖော်ပြ လင့် – https://burmese.voanews.com/…/tnla-control…/7403869.html
ထို့အတူ RFA သတင်းဌာနမှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ရက်နေ့တွင် ဖော်ပြထားသည့် “စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်” ဆိုသည့် သတင်းနှင့် Myanmar Now သတင်းဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖော်ပြထားသည့် “ စစ်ရေး အချက်အချာကျသည့် နောင်ချို တောင်ခမ်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ” ဆိုသည့် သတင်းတို့တွင် ထိုဓာတ်ပုံကို အသုံးပြုထားကြပါသည်။
RFA သတင်းဖော်ပြ လင့် – https://www.rfa.org/…/tnla-military-posts-seized…
Myanmar Now သတင်းဖော်ပြ လင့် – https://www.facebook.com/share/p/1GPC18j3hu/
ထို့ကြောင့် TNLA တပ်သား (၂) ဦး လက်နက်သိမ်းဆည်းနေသည့် ပုံသည့် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဓာတ်ပုံအဟောင်း ဖြစ်ကြောင်း သတင်းဌာနများ၏ သတင်းဓာတ်ပုံအဖြစ် အသုံးပြုဖော်ပြမှုများကို တွေ့ရှိရပါသည်။
သုံးသပ်ချက်
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်အစပ် ကမ္ဘာကျော် “ဂုတ်ထိပ်တံတား” သည် ၂၀၂၅ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့ မနက်ပိုင်းအချိန်တွင် တံတား ဖျက်ဆီးခံရသည်မှာ သတင်းအမှန် ဖြစ်ပါသည်။
သို့သော် ၎င်းတို့ ဝါဒဖြန့်ထားသည့်အတိုင်း TNLA တပ်သားက ဂုတ်ထိပ်တံတားမိုင်းခွဲရန် ပြင်ဆင်နေသည့် သက်သေဓာတ်ပုံသည် ဓာတ်ပုံ နှစ်ပုံကို တစ်ပုံတည်းဖြစ်အောင် Photoshop ဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။
လက်ရှိတွင် ထိုတံတားဖျက်ဆီးမှုအပေါ် ပြည်သူများနှင့် အဖွဲ့အစည်းများအကြား ဆန့်ကျင်ရှုတ်ချမှုများရှိနေပြီး ထိုတံတားကို မည်သည့်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကို အတည်မပြုနိုင်သေးပါ။
သတင်းတုသတင်းအမှားများကို ခွဲခြားစိစစ်နိုင်မည့် နည်းလမ်းများကိုလည်း MFCN နှင့် ခမ်းသားငေါဝ်းတို့မှ ပညာပေး ဗီဒီယိုရုပ်သံဖြင့် ထုတ်လွင့်ဖော်ပြထားခဲ့ပြီး စာဖတ်သူများအနေဖြင့် သွားရောက်ကြည့်ရှူ့နိုင်ပါသည်။
သတင်းတုသတင်းအမှာ စိစစ်ဖတ်ရှု့ရန် နည်းလမ်း ဗီဒီယိုလင့် – https://www.facebook.com/share/v/16BYhCPe73/
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။