ကျိုက်မရောမှာ စစ်ကော်မရှင်တပ်က Drop Boom ချ တိုက်ခိုက်ခဲ့ပြီး KNU/PDF လုပ်တာဟု သတင်းမှားဖြန့်

၂၀၂၅၊ စက်တင်ဘာလ ၅ ရက်။
(Fact Check)
လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ စစ်ကော်မရှင်တပ်က Drop Boom ချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကို KNU, PDF က လုပ်ဆောင်ခဲ့တာလို့ သတင်းဖြန့်နေပါတယ်။
စစ်တပ်‌လော်ဘီ “Snow Queen” တယ်လီဂရမ်ချန်နယ်က “KNU နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ပနော ကျေးရွာအနီး Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိ” ဆိုပြီး စက်တင်ဘာလ ၃ ရက်နေ့က ဖြန့်ဝေထားပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ထိ ကြည့်ရှုသူ 26.1K, Reaction 122 ခုနဲ့ Comment 3 ခုရှိနေတဲ့ Snow Queen ရဲ့ မူရင်း ဖော်ပြချက်ကို http://archive.today/hbImS ဒီမှာကြည့်ပါ။
အလားတူ ဖော်ပြချက်ကို –
Ko Thet – http://archive.today/mHKuH အစရှိတဲ့ စကစ လော်ဘီ Telegram channel တွေအပြင်
CINCDS – http://archive.today/nMt6x တို့ကနေလည်း ထပ်မံ ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။
အဆိုပါ ဖော်ပြချက်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ် Fact-check Team က စီစစ်ကြည့်ရာမှာ စွပ်စွဲဖြန့်ဝေထားတဲ့ ဝါဒဖြန့်သတင်းမှား ဖြစ်တာကို တွေ့ရပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း-ကော့ပနော လမ်းဆုံရှိ DKBA အဖွဲ့ စစ်ဆေးရေးဂိတ် အနီးကို စစ်ကော်မရှင် တပ်က Drop ဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးထပ်မနည်း ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
တော်လှန်ရေး တပ်ဖွဲ့တွေ စစ်ဆေးရေး လုပ်နေတဲ့ ကော့ဒွန်း – ကော့ပနော လမ်းဆုံနေရာကို စစ်တပ်က ဒရုန်းနဲ့ ဗုံး ၄ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားယာဉ် ၂ စီးကို ထိမှန်ခဲ့ကာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦးထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ မွန်ဒေသအခြေစိုက် Thanlwin Times နဲ့ Lagon Eain သတင်းဌာနတို့က ဖော်ပြထားပါတယ်။
Thanlwin Times – https://shorturl.at/GjLbK
DKBA စစ်ဆေးရေးဂိတ်ကို စစ်တပ်က ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် ဘုရားသုံးဆူ – မော်လမြိုင် ပြေးဆွဲတဲ့ ‘ကြယ်တံခွန်’ ခရီးသည်တင်ယာဉ် တစီးနဲ့ အိမ်စီးကား တစီးကို ထိမှန်ခဲ့ကာ ခရီးသွား ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အမျိုးသား တဦး သေဆုံးခဲ့တယ်လို့ KIC နဲ့ Dawei Watch သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အဆိုပါ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရခဲ့သူတွေက ကျိုက်မရောဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတယ် လို့ သိရပါတယ်။
စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ DKBA ရဲ့ ကော့ဒွန်း – ကော့ပနော လမ်းဆုံက ဂိတ်စခန်း နဲ့ မြဝတီမြို့ တောင်ဘက်ရှိ ကျောက်ခတ် ကျေးရွာက ဆေးရုံဟောင်း တခုကို စစ်ကော်မရှင် တပ်က ဒရုန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ The Irrawaddy News သတင်းဌာနက ‌ဖော်ပြထားပါတယ်။
The Irrawaddy News – https://shorturl.at/z4Kil
အဆိုပါ DKBA ဂိတ်စခန်း နေရာကို ယခုနှစ် ဖေ‌ဖော်ဝါရီလ အတွင်းကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၂၀၈ က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ခရီးသွားယာဉ် ၃ စီး ထိမှန်ပျက်စီးခဲ့ ပါသေးတယ်။
ကျိုက်မရော၊ ကော့ဒွန်း – ကော့ပနော လမ်းဆုံမှာ ခရီးသွား ယာဉ် ၂ စီး ဒရုန်းဗုံး ထိမှန်ခဲ့တာကြောင့် ၁၀ ဦးကျော် ဒဏ်ရာရကာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်။
(အမျိုးသား ၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို စစ်ကော်မရှင်လော်ဘီ ချန်နယ်တွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။)
လွတ်လပ်ပြီး၊ အမှီခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကော့ဒွန်း – ကော့ပနော လမ်းဆုံက DKBA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင် တပ်က ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။
ထို့ကြောင့် စစ်ကော်မရှင်လော်ဘီတွေ ဖြန့်ဝေနေတဲ့ “KNU, PDF တို့က ကော့ပနောကျေးရွာ အနီး Drop Bomb ချ တိုက်ခိုက်ခဲ့တယ်” ဆိုတာက စွပ်စွဲရေးသား ဖြန့်ဝေနေတဲ့ ဝါဒဖြန့် သတင်းမှား တခုသာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အတွက် အဲ့ဒီ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှား တွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေ နေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Check ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။