ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ


နိဒါန်း

ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို လူထုက မယုံတော့သည့်အခါ ပိုမို အန္တရာယ်များသော ဘာသာရေး မီးမွှေးသည့်နည်းကို ၎င်း၏ လက်ဝေခံ ဆိုရှယ်မီဒီယာအသုံးပြုသူများ၊ လက်ဝေခံ မီဒီယာများမှ တဆင့် အသုံးပြုလာသည်။ Facebook စာမျက်နှာများပေါ်တွင် ဖြန့်ချိရန် အခက်အခဲ ရှိလာသောအခါ Youtube နှင့် TikTok စာမျက်နှာများကို အသုံးပြုလာသည်။ ၂၀၂၄ ခုနှစ် မတ်လအတွင်း မော်လမြိုင်ချောင်းဆုံ ဗလီ၊ တောင်ဒဂုံဗလီ နှင့် သာကေတ နွယ်အေး ဗလီ ကိစ္စများကို အဓိကထား မီးမွှေးခဲ့သည်။

The Red Flag Research Team သည် ၂၀၂၄ ခုနှစ် မတ်လ၊ ဧပြီလနှင့်‌ မေလ သုံးလအတွင်း  YouTube နှင့် TikTok ပေါ်ရှိ စစ်တပ်လော်ဘီများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဆိုသည့် အစွန်းရောက်အကောင့်များ၊ ချန်နယ်လ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့သည်။ တွေ့ရှိရသည့် သတိပြုဖွယ်ရာ အကြောင်းအရာများကို ယခု အစီရင်ခံစာတွင် ဖော်ပြသွားမည်ဖြစ်သည်။ ယခုတွေ့ရှိချက်သည် မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ပြီးလျှင် လူသုံးများသည့် လူမှုမီဒီယာပလက်ဖောင်းများဖြစ်သော  YouTube နှင့် TikTok ပေါ်မှ ရေပန်းစား အကြောင်းအရာများကို လေ့လာရာတွင် တွေ့ရှိခဲ့သည့် အချက်များကို ခြုံငုံသုံးသပ်ထားခြင်းဖြစ်သည်။ ဧပြီလအတွင်း အကြောင်းအရာများသည် သင်္ကြန်ကာလနှင့် ပတ်သက်၍ လှုံ့ဆော်သည့်ကိစ္စများ၊ ပွဲလမ်းသဘင်စည်ကားသည်ဟုထင်ရအောင် တင်သည့် ပုံရိပ်များသာဖြစ်ပြီး မေလအတွင်းတွင် ပိုမိုထူးခြား သည့် ဝါဒဖြန့်ချိမှုများနှင့် အန္တရာယ်ရှိသော အကြောင်းအရာများတွေ့ရသည်။ ထိုကြောင့် မတ်၊ ဧပြီနှင့်မေ သုံးလစာ အစီရင်ခံစာကို ပေါင်းစည်း ပြုစုထားခြင်းဖြစ်ပါသည်။


မတ်လ၊ ဧပြီလနှင့်‌ မေလ သုံးလအတွင်း  YouTube နှင့် TikTok ပေါ်တွင် နေ့စဉ်စောင့်ကြည့်ပြီး အပတ်စဉ် မိတ်ဘက် အဖွဲ့အစည်းများကို ပေးပို့နိုင်ခဲ့သည့် အကြောင်းအရာအရေအတွက်ကို ဖော်ပြပါဇယားတွင် တွေ့နိုင်ပါသည်။

၂၀၂၄ခုနှစ်မတ်လအတွင်းမီးမွှေးလှုံ့ဆော်ခဲ့သည့်အကြောင်းအရာများတွင်မွတ်ဆလင်နှင့်ဗုဒ္ဓဘာသာတို့အကြားပဋိပက္ခဖြစ်ပွားရန်အဓိကရည်ရွယ်သည်ကိုတွေ့ရသည်။သို့သော်မတ်လနှင့် ဧပြီလအတွင်းတွင်ခရစ်ယာန်ဘာသာဝင်များ၊ရခိုင့်တပ်တော်AAနှင့်ရိုဟင်ဂျာတို့ကိုပစ်မှတ်ထားသောသတင်းတုသတင်းမှားဘာသာရေးလှုံ့ဆော်မှုများများပြားခဲ့သည်။အထူးအားဖြင့်အဓမ္မစစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍လူအများယုံကြည်လိုက်နာလာစေရန်အားစိုက်လုပ်ဆောင်လာသည်ကိုလည်းတွေ့ရသည်။အကျဉ်းချုပ်အားဖြင့်အောက်ပါအတိုင်းတွေ့မြင် နိုင်ပါသည်။

၁။ သင်္ကြန်ကာလဆက်စပ်အကြောင်းအရာများ

၂။ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု

၃။ ဘာသာရေး လူမျိုးရေး အမုန်းပွားစေမည့် အကြောင်းအရာများ

(က) သန်လျင် ဘုရားကျောင်း
(ခ) လှိုင်သာယာ ဘုရား ဆင်းတုတော်
(ဂ) တစ်ကျော့ပြန် ဖြူးလူသတ်မှု
(ဃ) ရခိုင်တပ်တော် AA နှင့် ရိုဟင်ဂျာအကြား မီးမွှေးမှု

၄။ ပြည်သူ့စစ်မှုထမ်းအကြောင်း ဝါဒဖြန့်သည့် ပျိုမေ Vlog နှင့် သတိပြုဖွယ်ရာများ

၅။ ထူးခြားသည့် ဝါဒဖြန့်မှုနည်းလမ်းများ။

၁။        သင်္ကြန်ကာလ ဆက်စပ်အကြောင်းအရာများ

ထုံးစံအတိုင်းပင် လူထုအကြား စိတ်ဝင်စားမှုများပြားသော ဖြစ်စဉ်၊ ပွဲတော်များမှာ သတင်းတု သတင်းမှား ဖြန့်ဝေသူ ဘာသာရေး မီးမွှေးသူ များ၏ ပစ်မှတ်ဖြစ်သည်။

သင်္ကြန်ကို ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်အဖြစ် ဖြန့်ဝေသူတို့က ဖော်ညွှန်းသည်။   NUG လက်အောက်ခံ PDF များသည် ထိုသို့သော နေ့ထူး နေ့မြတ်တွင် အကြမ်းဖက်မှုများကို ပြုလုပ်လာဖွယ်ရှိပြီး ယင်းသို့လုပ်ဆောင်ခြင်းမှာ ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်သင်္ကြန်တွင်းကို ပစ်မှတ်ထား ၍  ရည်ရွယ်ချက်ရှိရှိ  လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်များတွင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး အခြားဘာသာဝင်များ၏ နေ့ထူးနေ့မြတ်များတွင်မူ လုပ်ဆောင်လေ့ မရှိကြောင်း နောင်တော်လေး Channel မှ စတင်ဖြန့်ဝေခဲ့ သည်။ ယင်းသို့ဖြန့်ဝေမှုကို အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူများ စစ်တပ်ထောက်ခံသူများက   အခြားပလက်ဖောင်းများမှ တစ်ဆင့် ပြန်လည် ဖြန့်ဝေခဲ့သည်။

သင်္ကြန်ကာလအတွင်း မန္တလေးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊   ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးများဖြင့် မန္တလေး PDF က တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ရဟန်းနှစ်ပါးအပါအဝင် အရပ်သားအချို့ထိခိုက်ဒဏ်ရာရခဲ့သည်ဟု စစ်လော်ဘီများဘက်က စွပ်စွဲပြီး ထိုဖြစ်စဉ် အပေါ် ကွဲလွဲပြီး အတည်ပြုရန်ခက်ခဲ့သည့် သတင်းဖော်ပြမှုအမျိုးမျိုးရှိခဲ့သည်။[1] ယင်းဖြစ်စဉ်များကို အခြေပြုကာ သံဃာတော်များအား သတ်ဖြတ်သည့် PDF များကို လက်တုန့်ပြန်ရမည်ဟု ပေါက်ကိုယ်တော်က မဘသ အစွန်းရောက်ချယ်နယ်ဖြစ်သည့် မြန်မာနေရှင်နယ်ပို့စ်တွင် အင်တာဗျူးပုံစံဖြင့် ဖြန့်ချိလှုံ့ဆော်ခဲ့သည်။

ပုံ ၁ – ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်ဖြစ်သည့် သင်္ကြန်ကာလတွင် NUG /PDF များက ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများလုပ်ဆောင်လာတော့မည်ဖြစ်ကြောင်း နောင်တော်လေး ကြိုတင်ဖြန့်ချိခဲ့မှု နှင့် ပေါက်ကိုယ်တော် လှုံ့ဆော်မှု

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံစစ်နှင့် စစ်ရေးပစ်မှတ်များကို တော်လှန်ရေးအင်အားစုများက ရှင်းလင်းသည်ဆိုသည့် ဖြစ်စဉ်များ တွင် ဗုဒ္ဓဘာသာဝင်ရဟန်းနှင့် သီလရှင်များကို NUG၊ PDF များက ဒလန်ခေါင်းစဉ်ဖြင့် သုတ်သင်ခဲ့ကြောင်း အမျိုးသားရေး အစွန်းရောက်များသည် ကြိမ်ဖန်များစွာ ဖြန့်ဝေခဲ့သည်။ အချို့သုတ်သင်မှုများနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက စစ်ရေး ပစ်မှတ် ဖြစ်သောကြောင့် သုတ်သင်ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာမှုရှိခဲ့သည်။ အချို့သုတ်သင်မှုများတွင်မူ မည်သည့် လက်နက်ကိုင်အဖွဲ့ အစည်း၏ လက်ချက်မှန်း အတည်မပြုနိုင်ခြင်းမရှိသော်လည်း စစ်လော်ဘီများက တော်လှန်ရေးအင်အားစုများကို တစ်ဖက်သပ်စွပ်စွဲပြီး ကျူးလွန်သူများအဖြစ် တံဆိပ်ကပ်လေ့ရှိသည်။ ထို့အပြင် တော်လှန်ရေးအင်အားစုများသည် ဗုဒ္ဒဘာသာကိုသာ စော်ကားခြင်းဖြစ်ပြီး အခြား ဘာသာတရားများကိုမူ အလေးထားကြောင်း လော်ဘီများက မကြာခဏပုံဖော်ဖြန့်ဝေသည်။ ထိလွယ်ရှလွယ် သွေးဆူလွယ်သော ဘာသာရေး ကိစ္စကို ခုတုံးလုပ်၍ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအကြားသွေးကွဲစေရန်နှင့် စစ်ကောင်စီ၏ ဥပဒေမဲ့ နှိမ်နင်းရေးလုပ်ငန်းစဉ် များကို ဖုံးဖိနိုင်ရန်အတွက် အကွက်ကျကျ ပြင်ဆင် ဖြန့်ဖြူး ခြင်းလည်းဖြစ်သည်။

        လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု

ဘာသာရေး လူမျိုးရေး မီးမွှေးခြင်း သာမက စစ်လော်ဘီများကို လူထုကို ဗုံးကြဲသတ်ဖြတ်ရန် လှုံ့ဆော်လာသည်အထိ နှုတ်ယဉ်လာသည်ကို တွေ့ရသည်။ ထိုသို့လှုံ့ဆော်ပြီးနောက် စစ်ကောင်စီက အမှန်တကယ် ဗုံးကြဲသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ယင်းတို့ကို လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု အဖြစ် မှတ်တမ်းပြုထားပါသည်။ 

လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ထင်ရှားသည့်အကြောင်းအရာများမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ဖြစ်ပေါ်ခဲ့ သည်။ NUG စာသင်ကျောင်းဖွင့်ထားမှုနှင့် PDF တပ်စခန်းများအကြောင်းကို ရွာသားတစ်ဦး သတင်းပေးပို့တိုင်ကြားသည်ဟုဆိုကာ စစ်လော်ဘီ ဇော်ဘုန်းဟိန်းက Live လွှင့်ပြီး စစ်တပ်အနေဖြင့် လုပ်စရာရှိသည်များ လုပ်ဆောင်ရန်လိုကြောင်း လှုံ့ဆော်ခဲ့သည်။ ထိုသို့သတင်းပေးသူ အများ အပြားရှိကြောင်းနှင့် စစ်တပ်အနေဖြင့် သတင်းအတိအကျပေးသောအခါ ဝင်ရောက်စီးနင်းခဲ့ဖူးသည့် အစဉ်အလာများရှိကြောင်း လှုံ့ဆော် ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် PDF တပ်ဖွဲ့ဝင်များသိမ်းပိုက်ထားသည့် သရက်ကုန်းစခန်းကို စစ်တပ်က အမျိုးအမည်မသိ ဗုံးများကြဲချမှုနှင့် ပတ်သက်ပြီး  ယင်းသို့ အမျိုးအစားတူဗုံးများ ထပ်မံကြဲချဦးမည်ဖြစ်ကြောင်း၊ ထိုအခါတွင်မှ  ဓာတု၊ ရူပ၊ သမိုင်း၊ ပထဝီများဟုမအော်ကြရန်နှင့် ယင်းဗုံးမှာ အောက်ကိုမကျမီမှာပင် PDF များ အောက်စီဂျင်ပြတ်ပြီး နားမှသွေးများထွက်ကာ သေဆုံးလိမ့်မည်ဟု ဇော်ဘုန်းဟိန်းချယ်နယ်မှ တစ်ဆင့် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ယင်းအပြင် NUG ကာကွယ်ရေးဝန်ကြီး  ဦးရည်မွန်နှင့်အဖွဲ့ နောင်ချိုမြို့နယ် ဇီးပင်ဖြူ ပင်ရွာဘုန်းကြီးကျောင်းတွင် တည်းနေသည်ဟု ဆိုကာ အမျိုးသားရေးအစွန်းရောက်ဘုန်းကြီး ပေါက်ကိုယ်တော်က မေလ ၁ ရက်နေ့  ည ၁၁ နာရီ  တွင် Live လွှင့်ပြီး တည်နေရာပြောကာ ဗုံးကြဲတိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သည်။

ပုံ(၂) – ပေါက်ကိုယ်တော်ကဦးရည်မွန်ရောက်ရှိနေသည်ဟုဆိုကာ ညတွင်းချင်း Live လွှင့်ကာဗုံးကြဲရန် လှုံ့ဆော်ထား သော ဗီဒီယို

       ဘာသာရေးလူမျိုးရေးအမုန်းပွားစေမည့်အကြောင်းအရာများ

ခရစ်ယာန်ဘာသဝင်များနှင့် ပဋိပက္ခဖြစ်ရန် သန်လျင်ဘုရားကျောင်းကိစ္စ၊ လှိုင်သာယာတွင် ဘုရားဆင်းတုတော် ဖြိုချသည့်ကိစ္စ နှင့် ဖြူးတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တကျော့ပြန် ဇာတ်ကြောင်း ပြန်ဖော်သည့် ကိစ္စများကို ယခုအပိုင်းတွင် စုစည်းဖော်ပြထားပါသည်။ ထို့အပြင် ရခိုင်လူမျိုး၊ ရခိုင်တပ်တော် AA နှင့် ရိုဟင်ဂျာတို့ အကြား အမုန်းပွားစေရန် ဖြန့်ချိခဲ့သော အကြောင်းအရာများကိုလည်း ဖော်ပြထား ပါသည်။

(က)       သန်လျင် ဘုရားကျောင်း

မွန်ပြည်နယ်အခြေစိုက် အမျိုးသားရေးဘုန်းကြီးဖြစ်သည့် ဇော်ပျံဆရာတော်က ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့က YouTube ပေါ်တွင် ထပ်ဆင့် ဖြန့်ဝေခဲ့သည့် ရုပ်သံဖိုင်တစ်ခုသည် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား အမုန်းမီးပွားစေနိုင်သည့် ရုပ်သံဖိုင်ဖြစ်သည်။ ယင်းရုပ်သံတွင် ပါဝင်သော အကြောင်းအရာများမှာ သန်လျင်မြို့ရှိ ဆောက်လုပ်စ နေအိမ်တစ်ခုကို ခွင့်ပြုချက်မရှိဘဲ  ခရစ်ယာန်ဘုရားကျောင်း အဖြစ်ဆောက်လုပ်နေသည်ဟု စွပ်စွဲပြောဆိုကာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီး ဦးပညာဝံသ ဦးဆောင်သည့် ဘုန်းကြီးများက သွားရောက်စစ်ဆေးပြီး သက်ဆိုင်ရာအနေဖြင့် အမြန်ဆုံး စိစစ်ပြီး ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လေ့လာဆန်းစစ်မှုအရ ယင်းနေအိမ်သည် ခရစ်ယာန်ဘာသာဝင် တစ်ဦးက ကုမ္ပဏီရုံးခန်းအဖြစ်အသုံးပြုရန်ရည်ရွယ်ကာ ဆောက်လုပ်ဖွယ်ရှိပြီး လက်ဝါးကပ်တိုင်ပုံစံကိုနေအိမ် တွင်ထည့်သွင်းဆောက်လုပ်ခဲ့မှုကို ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ ခရစ်ယာန်ဘုရားကျောင်းဖြစ်သည်ဟုဆိုသော ခိုင်မာသည့် သက်သေအထောက်အထားများ မရှိသော်လည်း မျိုးချစ်ရဟန်းတော်များသမဂ္ဂ သွားရောက်စွပ်စွဲ ပြဿနာရှာခဲ့ခြင်းဖြစ်သည်ဟုသုံးသပ်ရသည်။  ယင်းဖြစ်ရပ် နောက်ဆက်တွဲကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်သည်။

ပုံ(၃) – ခရစ်ယာန်ဘုရားရှိခိုးကျောင်းဆောက်လုပ်ထားသည်ဟု မဘသဘုန်းကြီးများမှစွပ်စွဲပြောဆိုခဲ့သည့်ဗီဒီယို

(ခ)        လှိုင်သာယာ ဘုရား ဆင်းတုတော်

ထို့အပြင် မေလအတွင်း မီဒီယာများတွင် ဖော်ပြခဲ့သည့်အတွက် လူသိထင်ရှားခဲ့သောဖြစ်စဉ်ဖြစ်သည့်  လှိုင်သာယာတွင် ဘုရားဆင်းတုကို ဘူဒိုဇာနှင့်ဖြိုဖျက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပေါက်ကိုယ်တော်က ပြည်ဖျက်မီဒီယာများသည် တပ်မတော်နှင့် ပြည်သူကို ရန်တိုက်ပေး နေခြင်းသာဖြစ်ကာ အဆိုပါဘုရားမှာ ဟန်ပြတည်ထားသည့် ဘုရားဖြစ်သကဲ့သို့ ပြီးစီးသည်မှာလည်း မကြာသေးကြောင်း၊ မြို့နယ် သံဃနာယကအဖွဲ့ကို အကြောင်းကြား အသိပေး ခြင်းမရှိဘဲ တည်ထားသည့်ဘုရားဖြစ်ကြောင်း စသည်ဖြင့် ဝါဒဖြန့်ပြောဆိုခဲ့သည်။

ပုံ(၄) လှိုင်သာယာမှဗုဒ္ဓရုပ်ပွားတော်ကိုဘူဒိုဇာနဲ့ဖြိုချမှုကိုခေတ်သစ်မီဒီယာမှဖော်ပြထားမှု

(ဂ)        တစ်ကျော့ပြန် ဖြူးလူသတ်မှု

ဖြူးမြို့လူသတ်မှုနောက်ဆက်တွဲ အနေဖြင့် အစ္စလာမ်ဘာသာဝင်အမျိုးသားက ဗုဒ္ဓဘာသာဝင်အမျိုးသမီး တစ်ဦးကို သတ်ခဲ့သည့် ဖြစ်စဉ်ဟု ခေါင်းစဉ်တပ်ကာ အမျိုးသားရေးလှုပ်ရှားသည့် အကောင့်များက  တရားရုံးချိန်းမတိုင်ခင် တရားရုံး၏ဆုံးဖြတ်ချက် ဥပဒေများကို စောင့်ကြည့်နေ သည်ဟုဆိုသည့် ဇာတ်ကြောင်းများ ဖြန့်ဝေခဲ့သည်။  အထူးသဖြင့် အမျိုးသားရေးအစွန်းရောက်တစ်ဦး ဖြစ်သည့် ပေါက်ကိုယ်တော်က “အသတ်ခံရသူသည် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးဖြစ်ပြီး ကျူးလွန်သူသည် အစ္စလာမ်ဘာသာဝင်ဖြစ်သည်”ဆိုသည့်ဇာတ်ကြောင်းကို ၎င်း၏ TikTok အကောင့်တွင် ပြန်လည်ဖြန့်ဝေကာ အမျိုးသားရေးအင်အားစု များအနေဖြင့် ယင်းအမှု ရုံးချိန်းကို အမြဲမပြတ်စောင့်ကြည့်နေသည်ဟု သတိပေးဖြန့်ဝေခဲ့ပါသည်။

ပုံ(၅) – လှိုင်သာယာတွင် ဘုရားဆင်းတုကိုဘူဒိုဇာနှင့်ဖြိုဖျက်မှုကို မီဒီယာများတွင်ဖော်ပြထားမှုမှာ တပ်မတော်နှင့်ပြည်သူကိုရန်တိုက်ပေးနေခြင်းဖြစ်သည်ဟုပေါက်ကိုယ်တော်မှ ဖြန့်ဝေထားပုံ

ပုံ(၆) AA ကောင်းမှုအကြောင်းပြုပြီး ဘုန်းကြီးကျောင်းကို ဗလီလုပ်နေပြီဆိုသည့်ခေါင်းစဉ်ဖြင့်ဖြန့်ဝေထားမှု


ပုံ(၇) ဖြူးမြို့လူသတ်မှုနောက်ဆက်တွဲနှင့်ပတ်သက်ပြီး အမြဲစောင့်ကြည့်နေသည်ဟုဖြန့်ဝေထားမှု

(ဃ)       ရခိုင်တပ်တော် AA နှင့် ရိုဟင်ဂျာ အကြား မီးမွှေးခြင်း

အစ္စလာမ်ဘာသာဝင်များအား ရခိုင်လူမျိုးများနှင့် ပြဿနာဖြစ်စေရန် ရည်ရွယ်ဖြန့်ဝေသည့် ဗီဒီယိုဖိုင်တစ်ခုကို မဘသ အစွန်းရောက် ချန်နယ်လ်တစ်ခုဖြစ်သည့် We Love မပုတု  YouTube Channel မှ မေလ ၁၆ ရက်တွင် AA ကောင်းမှုအကြောင်းပြုပြီး ဘုန်းကြီးကျောင်းကို ဗလီလုပ်နေပြီဆိုသည့်ခေါင်းစဉ်ဖြင့် ဖြန့်ဝေခဲ့သည်။ ဖြန့်ဝေထားသည့် ဗီဒီယိုဖိုင်ထဲတွင် ဗုဒ္ဓရုပ်ပွားတော်များကြား အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေသည်ကိုမြင်တွေ့ရသည်။ ယင်းဗီဒီယိုမှာ ရခိုင်ပြည်နယ်တွင် ဟုဆိုထားသော်လည်း Comment တွင် မှတ်ချက်ရေးထားမှုများ အရ အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်သည်ဟု သိရသည်။ အမှန်တကယ် ဟုတ်မဟုတ် စိစစ်ရန်လိုအပ်ပါသည်။

စစ်တွေမြို့ရှိ မွတ်ဆလင်များက AA ကိုအလိုမရှိကြောင်း ဧပြီလ ၂၀ ရက်နေ့တွင် ဆန္ဒပြခဲ့သည် ဆိုသည့် အကြောင်းအရာများကို စစ်လော်ဘီ များ၏ ချန်နယ်လ်များတွင် ဆက်တိုက်နီးပါး ဖြန့်ဝေခဲ့ကြသည်။ ရိုဟင်ဂျာများ နေအိမ်မီးရှို့ခံရ၊ အသတ်ခံရပါက နိုင်ငံတကာကအသံထွက်ပြီး ထုတ်ပြန်ချက်များထုတ်ပြန်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် လူအစုလိုက် အပြုံလိုက် အသတ်ခံရသည့်အခြေအနေ၊ မြို့ပေါ်တွင် ဒလန် ရှင်းလင်းရေးခေါင်းစဉ်ဖြင့် နေ့စဉ်သတ်ဖြတ်မှု အခြေအနေများဖြစ်ပေါ်နေသော်လည်း နိုင်ငံတကာက  ရေငုံနှုတ်ပိတ်နေပြီး မြန်မာများသည် ဘင်္ဂါလီလောက်  အရေးပေးဆက်ဆံခံရခြင်းမျိုးမရှိကြောင်း ပြောဆိုကာ စစ်တပ်ထောက်ခံသူများက  YouTube နှင့် TikTok ပေါ်တွင် ဝါဒဖြန့်ချိ ခဲ့ကြသည်။

ထို့အပြင် စစ်တပ်ထောက်ခံသူများသည် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်၏ ဗီဒီယိုအင်တာဗျူးများမှ ပြောကြားချက်များကို  လိုအပ် သလိုဖြတ်တောက်ပြီး AA က နိုင်ငံတကာတွင် မြန်မာစစ်တပ်ကဲ့သို့ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ရင်ဆိုင်နေရပြီ ဆိုသည့် ဇာတ်ကြောင်းများ ဖြန့်ဝေခဲ့သည်။

စစ်တပ်လော်ဘီတစ်ဦးဖြစ်သည့် Aung Moe Kyaw Youtube Channel မှ တစ်ဆင့် အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

ဧပြီလ ၁၆ရက်နေ့က မောင်တောမြို့နယ် အဘူဂျာကျေးရွာရှိမှ မွတ်ဆလင်များကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးခေါ် ဆောင်သွားတဲ့ မွတ်ဆလင်တွေဟာ ဒီကနေ့မှာတော့ ကျေးရွာအနီးမှာရှိတဲ့ ပုစွန်ကန်ထဲမှာ သေဆုံးလျှက် ပြန်ပြီးတွေ့ရှိတယ်လို့သိရပါတယ်။ ဒါက လက်နက်ကိုင်တွေဖြစ်ပေမယ့် တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်နေပေမယ့်ကမ္ဘာကြီးက မမြင်ပါဘူး။ တကယ်လို့သာ တပ်မတော်က သာ လူ၅ဦး ၆ဦးလောက်ကို အခုလိုမျိုး လုပ်ဆောင်ခဲ့မယ်ဆိုရင် နိုင်ငံတကာ တရားရုံးတွေရော ICJတွေရော ICC တွေရော စုံဆန်စိနေအောင်အတိုင်ခံရမှာဖြစ်ပါတယ် အခုလက်နက်ကိုင်တွေကတော့ လုပ်ချင်တိုင်း လုပ်နေပါတယ်

ထူးခြားချက်တစ်ခုမှာ ဘင်္ဂါလီများဟု စစ်လော်ဘီများက အခြားချယ်နယ်များတွင် ပြောဆိုသုံးနှုန်းလေ့ ရှိသော်လည်း YouTube ပေါ်တွင်မူ ရခိုင်ပြည်နယ်မှ မွတ်ဆလင်များဟု သာ သုံးနှုန်းသည်ကိုသတိပြုမိသည်။

ပုံ(၈)မောင်တောက မွတ်ဆလင်အစုလိုက်ကို AA  အဖွဲ့ ဖမ်းဆီးသတ်ဖြတ်သည်ဟု  Youtube ပေါ်တွင် ဖြန့်ဝေထားမှု

       ပြည်သူ့စစ်မှုထမ်းအကြောင်း ဝါဒဖြန့်သည့် ပျိုမေ Vlog နှင့်သတိပြုဖွယ်ရာများ

ပြည်သူများအကြား သက်ရောက်မှုကြီးမားခဲ့သည့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စစ်လော်ဘီများနှင့် မဘသ အစွန်းရောက်များသည် YouTube နှင့် TikTok ပေါ်တွင် လူငယ်များစစ်မှုထမ်းစေရန်အတွက် ရည်ရွယ်ပြီး ချော့တစ်ခါ ခြောက်တစ်လှည့် ဝါဒဖြန့်ချိလျက်ရှိသည်။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စစ်တပ်လော်ဘီများမှ ဧပြီလအတွင်း ဝါဒဖြန့်ချိရာတွင်  ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အောင်ဆန်းစုကြည် ပါဝင်ပတ်သက်နေသည့် PDF အဖွဲ့ထဲဝင်မလားဆိုသည့်  ပြည်ခိုင်ဖြိုးပါတီ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဘူးလက်လှဆွေ၏ ရေးသားချက်များကို ပြန်လည် အသုံးပြုပြီး ဝါဒဖြန့်ခဲ့ကြသည်။ ထို့အပြင် အလုပ်လက်မဲ့ လူငယ်များကို ပစ်မှတ်ထားကာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဝါဒဖြန့်ချိရာတွင် ပထမဆုံး အပတ်စဉ် လစာထုတ်သည့်ပုံရိပ်များ၊ ဗီဒီယိုဖိုင်များကို အသုံးပြုပြီး ဖြန့်ဝေခဲ့ကြသည်။

မေလအတွင်း၌ ပျိုမေ Vlog ဆိုသည့် ချန်နယ်လ်တခု စစ်ကောင်စီဝါဒဖြန့်ချိရေး ယန္တရားအတွင်း ပေါ်ထွက်လာခဲ့ပြီး YouTube နှင့် TikTok ပေါ်တွင်လည်း ပျိုမေ Channel နှင့် အကောင့်များကို ဖန်တီးခဲ့သည်။ စစ်မှုထမ်းနေသည့်သူများကို စစ်သင်တန်းကျောင်းများထိ သွားရောက်ရိုက်ကူးပြီး ဝါဒဖြန့်ချိခဲ့နေသည့် Vlog တွင် တင်ထားသည့် ဗွီဒီယိုများတွင်  ပြည်သူများအကြား လူပြောများနေသည့် နေအိမ်နှင့် အဆက်အသွယ်ဖြတ်ခိုင်းမှုများ၊ ဖုန်းသိမ်းဆည်းထားမှုများမှာ မဟုတ်ကြောင်း သင်တန်းသားများနှင့် အင်တာဗျူး ပုံစံများပါဝင်သည်။ စစ်မှုထမ်းခြင်းကြောင့် ကိုယ်စိတ်ပိုမိုကျန်းမာကြံ့ခိုင်လာပြီး နိုင်ငံနှင့်ဘာသာသာသနာကို စောင့်ရှောက်ခြင်းဖြစ်သည်ဆိုသည့် ဇာတ်ကြောင်းကို လူငယ်များအကြား  ပျံ့နှံ့စေရန်ရည်ရွယ်ပြီး ဦးနှောက်ဆေးခဲ့ကြသည်။ ထိုဗီဒီယိုဖိုင်များသည် အပိုင်းဆက်များဖြင့် ဆက်လက်ထွက်ပေါ်လျက် ရှိကာ ဩဇာကြီးမားသည့် စစ်လော်ဘီများမှလည်း ထပ်ဆင့်ပြန်လည်ဖြန့်ဝေလျက်ရှိနေသည်။ ပျိုမေ ဆိုသည့် စကားလုံးသည် မြန်မာလူငယ်များ အကြားရင်းနှီးပြီးသားအမည်တစ်ခုဖြစ်ပြီးယင်း နာမည်ကို အသုံးချကာ ဝါဒဖြန့်ချိရန်ကြိုးစားနေခြင်းဖြစ်သည်။ ထူးခြားမှုတစ်ခုမှာ မူလတွင် အမျိုးသမီးတဦးတည်း တင်ဆက်နေရာမှ အပိုင်း ၄ တွင် နောက်ထပ် အမျိုးသမီး တဦးထပ်မံပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ယင်း အမျိုးသမီး နှစ်ဦးနှင့်ပတ်သက်သည့် နောက်ကြောင်းများကို ဆက်လက်စုံစမ်းရန်ကြိုးစားသင့်ပါသည်။

ပုံ(၉) စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး Vlog ရိုက်ကူးဖြန့်ဝေခဲ့သည့် ပျိုမေ Vlog မှ အမျိုးသမီး ၂ဦး

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကိုသုံးပြီး လူငယ်များအပေါ်တွင် ခြောက်တလှည့် ချော့တခါဖြင့်  စစ်မှုထမ်းစေရန် စည်းရုံး သိမ်းသွင်းနေသည်ကို အထင်းသားမြင်တွေ့ရနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်နေသည့် PDF အကြမ်းဖက်အဖွဲ့ ဆိုသည့် ဇာတ်ကြောင်းမှာ သတိပြုရမည့်အချက်ဖြစ်သည်။

ပုံ(၁၀) စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စစ်လော်ဘီများဝါဒဖြန့်ထားပုံ

။       ထူးခြားသည့် ဝါဒဖြန့်မှုနည်းလမ်းများ

TikTok နှင့် YouTube ပေါ်တွင် ဘာသာရေးလူမျိုးရေးနှင့်ပတ်သက်ပြီး ပြဿနာဖြစ်ပေါ်စေရန်အတွက် သွေးထိုး လှုံ့ဆော်ဝါဒဖြန့်မှုများကို ကြိုးကိုင်နေသည့် အကောင့်များချန်နယ်လ်များကို အထူးသတိပြုရန်လိုအပ်သည်။ ၎င်းတို့သည် အချင်းချင်းပြန်လည်ဝေမျှသည့်နည်းလမ်းဖြင့် Youtube နှင့် TikTok ပေါ်တွင် ဖြန့်ဝေလေ့ရှိသည်။ အဓိက ကြိုးကိုင်ခြယ်လှယ်နေသည့် အကောင့်များမှာ ပေါက်ကိုယ်တော်၊ ဇော်ပျံဆရာတော်၊ နောင်တော်လေး၊ မပုတု၊ ကျော်စိုးဦး စသည့်အကောင့်များဖြစ်သည်။ အထူးသဖြင့် နောင်တော်လေးသည် Youtube နှင့် TikTok ပေါ်တွင် ဘာသာရေးနှင့် စစ်တပ်ဝါဒဖြန့်ချိရေးအတွက် အရေးကြီးသည့် ဇာတ်ကောင် ဖြစ်နေသည်ကို တွေ့ရသည်။ လူမျိုးရေး ဘာသာရေး စစ်ရေး နှင့်ပတ်သက်ပြီး ထိလွယ်ရှလွယ် ဗီဒီယိုဖိုင်များသည် နောင်တော်လေးဦးဆောင်လှုပ်ရှားနေသည့် MNP လိုဂိုဖရိန်ဖြင့်ထွက်ရှိလာခြင်း ဖြစ်သည်မှာ ထင်ရှားသည့် သက်သေတစ်ခုဖြစ်ပါသည်။ နောင်တော်လေးသည် ပေါက်ကိုယ်တော်၊ သုစိတ္တ၊ ဇော်ပျံဆရာတော် စသည့်အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများနှင့်ချိတ်ဆက်ကာ  အင်တာဗျူးလိုရာဆွဲမေးပြီး ဖန်တီး ဖြန့်ဝေနေသည်။

ပုံ(၁၁) လူမျိုးရေးဘာသာရေးထိလွယ်ရှလွယ်ကိစ္စများတွင် MNP ဖရိန် လိုဂိုဖြင့် ဗီဒီယိုများဖြန့်ဝေ ထားမှုသက်သေ

စစ်တပ်လော်ဘီများနှင့် အမျိုးသားရေး အစွန်းရောက်အကောင့်များသည် နိုင်ငံရေးအရဆက်နွယ်မှု မရှိဘဲ ပေါ့ပါးသည့်ပုံစံဖြင့် TikTok ပေါ်တွင် ဝါဒဖြန့်ရန် ကြိုးစားလာသည်ကိုတွေ့ရသည်။ ကိုသက်အကောင့်သည်  ဂစ်တာလက်ကွက်ကော့ဒ်များပါဝင်သည့် ဗီဒီယိုများပါဖန်တီးကာ TikTok ပေါ်တွင် တင်ပြီး Follower တိုးပွားစေရန် လုပ်ဆောင်ခဲ့သည်။ သို့သော် ယင်းအကြောင်းအရာအား ရက်ပိုင်း အတွင်းပြန် ပြန်ဖျက်သွားခဲ့သည်။

ထို့အပြင် ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးများမကြာခဏပြတ်တောက်ရသည့် အကြောင်းအရင်းများမှာ PDF များက တာဝါတိုင်များကို မိုင်းခွဲတိုက်ခိုက်သည့်အတွက် လျှပ်စစ်မီးပျက်တောက်ရသည်ဆိုသည့် ဇာတ်လမ်းကို စစ်တပ်လော်ဘီများ တောက်လျှောက် ဖြန့်ချိလာခဲ့ပြီး TikTok ပေါ်တွင်ပြန်လည်ဖြန့်ဝေပေးကြရန် လှုံ့ဆော်မှုများပြုလုပ်ခဲ့သည်။

ပုံ(၁၂) စစ်လော်ဘီများ၏ မတူညီသည့်ပုံစံဖြင့်ဝါဒဖြန့်ချိထားမှုသက်သေများ

၆။       မြန်မာနိုင်ငံတွင် VPN၊ အင်တာနက် သုံးစွဲမှု ကန့်သတ်ခံရခြင်း နှင့် စစ်လော်ဘီဝါဒဖြန့်ချိရေး အဆက်အစပ်

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် မေလ ၂၀  ရက်နေ့တွင် VPN သုံးစွဲမှုများကို ကန့်သတ်မှုများဖြစ်ပေါ်ခဲ့သည်။ မူလကတည်းက Facebook အပါအဝင် လူမှုကွန်ရက် စာမျက်နှာ များကို ပိတ်ပင်ခံထားရရာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများမှာ VPN မှ တဆင့် အသုံးပြုရသည်။ VPN သုံးစွဲမှု ကန့်သတ်လိုက်သောအခါ သန်းပေါင်းများစွာသော မြန်မာနိုင်ငံတွင်းရှိ ပြည်သူများသည် အင်တာနက်ကို လုံခြုံစွာ အသုံးပြုနိုင်ရေးနှင့် သတင်း အချက်အလက်မှန်များ ရရှိနိုင်ရေးတို့အတွက် ကြီးစွာသော အဟန့်အတားများဖြင့် ရင်ဆိုင်နေရသည်။ လူသုံးများသည့် ဆိုရှယ်မီဒီယာများ ဖြစ်သော Facebook, Instagram, YouTube, X (ယခင်က Twitter) စသည်တို့သည် VPN နှင့်သာ သုံးစွဲနိုင်သည့် အနေအထားတွင် VPN များ သုံးစွဲမရသော အခြေအနေတွင် ထိုဆိုရှယ်မီဒီယာများမှ သတင်းရယူနိုင်မှု အကန့်အသတ်များ များစွာဖြစ်ပေါ်ကြုံတွေ့နေရသည်။  သို့သော် တစ်ချိန်တည်းမှာပင် စစ်လော်ဘီဝါဒဖြန့်ချိရေးများ ခြေကုတ်ယူထားရာ Telegram၊ TikTok ပလက်ဖောင်းများကိုမူ VPN မပါဘဲ ဆက်လက် သုံးစွဲနိုင်သည့် အခြေအနေကို တွေ့ရှိရသည်။ စစ်ကောင်စီက ထိုပလက်ဖောင်များသို့ လူများများ ရောက်ရှိစုရုံးလာစေရန် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ကြောင်း မှန်းဆနိုင်သည်။

ထိုသို့သော အခြေအနေတွင် အွန်လိုင်းစျေးရောင်းဝယ်သူများ၊ ဆိုရှယ်မီဒီယာမှ ထင်ရှားကြော်ကြားသူများ၊ သရုပ်ဆောင် အနုပညာရှင်များက TikTok ကို သုံးစွဲရန် တိုက်တွန်း နှိုးဆော်မှုများ၊ ၎င်းတို့၏ ပရိသတ်များကို TikTok သို့ ခေါ်ဆောင်မှုများ ရှိလာသည်။ ယခင်က Facebook သည် လူမျိုးတုန်းသတ်ဖြတ်မှုများ လှုံ့ဆော်ရေး ပလက်ဖောင်းတစ်ခုအဖြစ် အသုံးတော် ခံခဲ့ရဖူးသည်။ ယခုအခါ ထိန်းချုပ်မှု ကင်းမဲ့နေသော TikTok  သည် မျိုးတုန်းသတ်ဖြတ်ရေး လှုံ့ဆော်မှုတွင် ယခင်က Facebook ကဲ့သို့ အခြေအနေမျိုး တွန်းပို့လာနိုင်သည်ကို စိုးရိမ်ဖွယ် မြင့်တွေ့နေရသည်။

နိဂုံး

ဘာသာရေး မီမွှေးသည်။ လူမျိုးရေး ရန်တိုက်ပေးသည်။ ခြိမ်းခြောက်သည်။ စစ်မှုထမ်းရန် အပျော့ဆွဲ စည်းရုံးသည်။ ထိုသို့ဖြင့် ချော့တစ်ခါ ခြောက်တစ်လှည့် နည်းအမျိုးမျိုးသုံးကာ ပြည်သူကို လှည့်ဖျား စည်းရုံး လျက်ရှိသည်။

Facebook ပေါ်တွင် နေရာမရသောအခါ TikTok နှင့် YouTube ပေါ် ရောက်လာသည်။ စစ်တပ်လော်ဘီများနှင့် အမျိူးသားရေးအစွန်းရောက် အကောင့်များသည် TikTok နှင့် YouTube ပလက်ဖောင်းများကိုအသုံးချပြီး မတ်လ၊ ဧပြီလနှင့် မေလအတွင်း ဝါဒဖြန့်ချိမှုများ လှုံ့ဆော်မှုများပြုလုပ်ခဲ့ရာတွင် သင်္ကြန်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် AA နှင့် ရိုဟင်ဂျာများအကြား ပဋိပက္ခများကို စစ်တပ်လော်ဘီများနှင့် အမျိုးသားရေး အစွန်းရောက်များက ကောင်းကောင်းအသုံးချကာ အမြတ်ထုတ်မှုများပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် ထိလွယ် ရှလွယ် လူမျိုးရေးကိစ္စတွင် AA သည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကိုလူမျိုးတုန်း သတ်ဖြတ်မှုများပြုလုပ်နေသည် ဟုဆိုကာ ဆက်တိုက် ဆိုသလို ဖြန့်ဝေမှုများကို ပြုလုပ်လာခဲ့ကြပါသည်။

ထို့အပြင် ဘာသာရေးလူမျိုးရေးနှင့်ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင်များကိုသာ ဦးတည်ရုံမကပဲ ခရစ်ယာန် ဘာသာဝင်များကိုပါ ဦးတည် လာသည်ကို သတိပြုမိခဲ့ပါသည်။ အထူးသဖြင့် Facebook အသုံးပြုမှုကို တားဆီးရန်ရည်ရွယ်သည့် စစ်တပ်၏ VPN များပိတ်ပင်မှုပြလုပ်ခဲ့သည့် မေလအကုန် မှစတင်ပြီး YouTube နှင့် TikTok ပလက်ဖောင်းများ သည်းပိုမိုအသုံးပြုလာဖွယ်ရှိသည်။ မြန်မြန်၊ သွက်သွက်၊ တိုတို အကြောင်းအရာတို့ဖြင့် လူထုကို အလွယ်တကူ ဖမ်းစားနိုင်သော TikTok မှာ မြန်မာ့စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပြီဖြစ်သည်။

ထိုကြောင့် နဂိုကပင် ပရိသတ်များ အခိုင်အမာရထားသည့် အစွန်းရောက်အကောင့်များ ချန်နယ်လ်များနှင့် စစ်လော်ဘီ ချယ်နယ်များ အကောင့်များကို ပိုမို အလေးထား စောင့်ကြည့်သွားရန် လိုအပ်ပါသည်။

Download File