People’s Spring ၊ The Red Flag
ရှမ်းပြည်မြောက်ပိုင်းမှာ နယ်မြေအငြင်းပွားမှု ပဋိပက္ခ တွေကို ဖြေရှင်းဖို့ KIA နဲ့ TNLA တို့ ညှိနှိုင်းနေကြချိန်မှာပဲ TNLA ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ဖေ့ဘွတ်ခ်အကောင့်ခ်က ရေးသားသယောင် ပဋိပက္ခမပြေစေလည်မယ့် သတင်းမှား တစ်ခုကို အချိန်ကိုက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာပါတယ်။
KIA နဲ့တွေ့ဆုံဆွေးနွေးဖို့ မလိုဘူးဆိုတာနဲ့ ပြည်နယ်ထဲကနေ KIA ထွက်သွားဖို့သာလိုတယ်ဆိုတဲ့သဘော ထားရေးထားတဲ့ စာစုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ရဲ့ အထွေထွေအတွင်းရေးမှုး ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်မှာ ရေးသားသယောင် ဧပြီလ ၉ ရက်က သတင်းမှား စတင်ဖြန့်ဝေတာပါ။
အခုလိုဖြန့်ဝေလာချိန်ဟာ KIA ခေါင်းဆောင်ပိုင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က TNLA နဲ့ KIA တို့ဆွေးနွေးကြဖို့ ရှေ့ပြေးညှိနှိုင်းမှုတွေ ပြုလုပ်နေပြီဆိုတာကို သူရဲ့ ဖေ့ဘွတ်ခ်ကနေ ဧပြီလ ၈ ရက်က အသိပေးဖော်ပြလိုက်ပြီး နောက်ရက်မှာပဲသတင်းမှားဖန်တီးဖြန့်ဝေမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
TNLA နဲ့တွေ့ဆုံဆွေးနွေးမှု ကို ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့အသိပေးဖော်ပြချက်ဖေ့ဘွတ်ခ်လင့်ခ်
သတင်းမှားဖြန့်ရာမှာ TNLA ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်တားဘုန်းကျော်ကဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကို ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေ တုံ့ပြန်သယောင် ဟန်မျိုး သုံးထားပါတယ်။
ဗိုလ်ချုပ် တားဘုန်းကျော် သုံးတဲ့ Mai Tea Land ဖေ့ဘွတ်ခ် မှာ KIA နဲ့ဆွေးနွေးဖို့မလို ၊ KIA ထွက်ခွာသွားဖို့ပဲ လိုတယ်ဆိုတဲ့စာသားနဲ့အတူ KIA ခေါင်းဆောင်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ပုံ ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ရေးသားအသိပေးထားတဲ့ စာကိုပါ ဖေ့ဘွတ်သုံးစွဲသူတိုင်းတွေ့မြင်အောင် Public နဲ့ တင်ထားပါတယ်ဆိုပြီး screenshot နဲ့ ဖြန့်လာတာပါ။
အဲဒီ screenshot ကို စတင်ဖြန့်ဝေတဲ့မူရင်းကတော့ ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီသတင်းစုံ ဆိုတဲ့ဖေ့ဘွတ်ခ်ပေ့ချ်ဖြစ်ပါတယ်။ သတင်းမှား screenshot ကိုအောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီသတင်းစုံ ဖေ့ဘွတ်ခ်ပေ့ချ်
ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီသတင်းစုံ ဆိုတဲ့ဖေ့ဘွတ်ခ်ပေ့ချ် ဟာဆိုရင် သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး ပြန်လည်တင်လေ့ရှိတဲ့ ပေ့ချ်တစ်ခုဖြစ်တာတွေ့ရပါတယ်။
စိစစ်တွေ့ရှိချက်
KIA နဲ့ဆွေးနွေးဖို့မလို ၊ KIA ထွက်သွားဖို့ပဲလိုတယ်ဆိုတဲ့ပို့စ်ဟာ Mai Tea Land ဖေ့ဘွတ်ခ်အကောင့်ခ်မှာ TNLA ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်တားဘုန်းကျော် အမှန်တကယ်ရေးသားထားတာမဟုတ်ပါဘူး။
People’s Springရဲ့စစ်ဆေးချက်အရPhotoshopနဲ့ပြင်ဆင်ဖန်တီးထားတာပဲဖြစ်တယ်ဆိုတာကိုသိရှိရပါတယ်။
ဗိုလ်ချုပ်တားဘုန်းကျော်သုံးတဲ့ Mai Tea Land ဖေ့ဘွတ်ခ်မှာ မတ်လ ၂၉ ရက်ကနေ ဧပြီ ၆ ရက်အထိ Public နဲ့ တင်တားတဲ့ ပို့စ်အရေအတွက်က ၂ ခုသာရှိပါတယ်။
မတ်လ ၂၉ ရက်မှာ ရွှေဖီမြေသတင်းဌာန က ရေးသားတဲ့ နောင်ချိုမြို့နယ် ၊နောင်လင်ရွာ ဗုံးကြဲခံရတဲ့သတင်းကို Share ထားတာ၊ ဧပြီ ၆ ရက်မှာ တရုတ်ရဲ့စွက်ဖက်မှုနဲ့ နွေဦးတော်လှန်ရေးဆိုတဲ့ ပို့စ် ကို Share ထားတာပဲ တွေ့ရပါတယ်။
Screenshot ထဲမှာပါတဲ့ Mai Tea Land အကောင့်မှာတော့ မတ်လ ၂၉ ရက် ပို့စ်ရဲ့အပေါ်မှာ KIA နဲ့ဆွေးနွေးစရာဘူးဆိုတဲ့ ရေးသားချက်ကို တွေ့ရပြီး ဧပြီလ ၆ ရက်က ပို့စ် ပျောက်နေပါတယ်။
ဒါဟာ ဧပြီ ၆ ရက်က ပို့စ်နေရာမှာ KIA နဲ့ဆွေးနွေးစရာဘူးဆိုတဲ့ ရေးသားချက်နဲ့ ပုံတွေကို ဗိုလ်ချုပ်တားဘုန်းကျော် အမှန်တကယ်ရေးသားသယောင် Photoshop နဲ့ အစားထိုး ဖန်တီးလိုက်တာပဲဖြစ်ပါတဘ်။
နောက်တစ်ချက်အနေနဲ့ Mai Tea Land ဆိုတဲ့အမည်နဲ့ ဖေ့ဘွတ်ခ်မှာ ရှာကြည့်တဲ့အခါ အခြားသောအကောင့်ခ်တွေကိုမတွေ့ရပါဘူး။ဒါက ပို့စ်ကို Photoshop နဲ့ဖန်တီးတယ်ဆိုတဲ့အချက်ကို ပိုခိုင်မာစေပါတယ်။
ပိုမိုသေချာအောင် People’s Spring က ဗိုလ်ချုပ်တားဘုန်းကျော်ဆီဧပြီလ ၁၀ ရက်ညပိုင်းက ဆက်သွယ်မေးမြန်း ရာမှာ လူမှုကွန်ရက်မှာဖြန့်ဝေနေတဲ့ screenshot က အတုဖြစ်ကြောင်း အတည်ပြုပါတယ်။
သုံးသပ်ချက်
၁၀၂၇ စစ်ဆင်ရေး အပြီး ရှမ်းပြည်မြောက်ပိုင်းမှာ KIA ၊ TNLA ၊ MNDAA တို့ကြား နယ်မြေအငြင်းပွားမှု တွေ ဖြစ်ပွားခဲ့ပါတယ်။ KIA နဲ့ TNLA အောက်ခြေတပ်တွေဆိုရင် ရိုက်ကြ နှက်ကြတဲ့အထိ ဖြစ်ခဲ့ကြတာရှိပါတယ်။
ဒီလိုအခြေအနေမှာ ပဋိပက္ခတွေကို ပိုမိုကြီးထွားအောင် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေ သွေးထိုး လှုံ့ဆော် ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့တာရှိပါတယ်။
ဒါအပြင် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်မရှိတော့တဲ့နောက်ဆက်တွဲအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား နယ်မြေလု စစ်ပွဲတွေ ဖြစ်တော့မယ်လို့ တယ်လီဂရမ်မှာ ဝါဒဖြန့်တာတွေ လည်းရှိခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဏာသိမ်းစကာလက စစ်တပ် ၊ စစ်တပ် နဲ့ ဆက်နွယ်တဲ့ဖေ့ဘွတ်ခ်အကောင့်ခ် တွေကို ပိတ်ပင်တာတွေ ဖေ့ဘွတ်ခ်က ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် ဝါဒဖြန့်မှုတွေကို အခြားသော ဆိုရှယ်မီဒီယာဖြစ်တဲ့ တယ်လီဂရမ် မှာ ခြေကုပ်ယူပြီး လုပ်ဆောင်တာတွေ့ရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းကစတင်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာပါ စစ်တပ်ဝါဒဖြန့် အကောင့်ခ်တွေ ပြန်လည် ခြေချလာပြီး ဝါဒဖြန့်ဝေမှုတွေ၊ သတင်းမှားဖြန့်တာတွေ ပြန်လည် ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။