Akyab Post- Red Flag – MFCN
5 May 2025
ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းက ဘူရာခါဆစ်ကျေးရွာမှာ အေအေဖက်ကနေပြီးတော့ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့နေပါတယ်ဆိုပြီးတော့ စာသားနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုဟာ Facebook စာမျက်နှာထက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာပေါ်မှာ Voice of Arakan News ဆိုတဲ့ Page ကနေ မေလ ၂ ရက်နေ့မှာ “ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ဘူရာဆစ်ဒါကျေးရွာတွင် ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ သောင်းကျန်းသူဟု သတ်မှတ်ထားသော ရက္ခိုင့်တပ်မတော်AAမှ လက်နက်ကိုင်အဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာမွတ်စလင်အသိုင်းအဝိုင်းကို ရက်စက်စွာ ချေမှုန်းတိုက်ခိုက်ခဲ့သည်။ နေအိမ်များတွင် ကျည်ဆန်များ ပွန်းပဲ့နေပြီး မိသားစုများ ပြိုပျက်သွားကာ နောက်ဆုံးတွင် တိုက်ခိုက်သူများက နေအိမ်တစ်ခုလုံး မီးတင်ရှို့ခဲ့သည်။” ဆိုပြီးတော့ ဗီဒီယိုဖိုင်နဲ့တကွ ပို့စ်မှာဖော်ပြထားပါတယ်။
ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှူသူ 196K၊ Like နဲ့ Reactions ပြုလုပ်သူ 994 ဦး၊ Comments ပေးသူ 156 ဦးနဲ့ Share ပြုလုပ်သူ 243 ဦးထိရှိပြီးတော့ Facebook စာမျက်နှာနဲ့ အခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ YouTube ပေါ်မှာလည်း ပျံ့နှံ့လျက်ရှိပါတယ်။
Voice of Arakan News မူရင်းပို့စ်ကို ဝင်ရောက်ဖတ်ရှုရန် – https://archive.ph/ojoBH
YouTube စာမျက်နှာ ပျံ့နေတဲ့ ဗီဒီယို – https://www.youtube.com/watch?v=cIpp9cJUi8w
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ မောင်တောမြို့နယ်၊ ဘူရာခါဆစ်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်မဟုတ်ပဲ TikTok ကနေ ဗီဒီီယိုတစ်ခုကိုသုံးပြီး အေအေဖက်ကနေ ရိုဟင်ဂျာအိမ်တွေကို မီးရှို့နေပါတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။
သတင်းစိစစ်ချက်
Facebook စာမျက်နှာနဲ့ YouTube မှာ ပျံ့နေတဲ့ ဗီဒီယိုကို Akyab Post ဖက်ကနေ google advanced search tools, Invid tools အပါအဝင် reversed search tools တွေနဲ့ စစ်ကြည့်လိုက်တဲ့အခါ Voice of Arakan News ရဲ့ Facebook Page ကနေ တင်ထားတဲ့ ဗီဲဒီယိုဖိုင်ဟာ TikTok အကောက် @user10923937506288 ကနေ ဧပြီလ ၁၄ ရက်နေ့ကနေ တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
မူရင်းတင်ထားတဲ့ @user10923937506288 အကောက် – https://www.tiktok.com/@user10923937506288
@user10923937506288 အကောက်ကနေ တင်ထားတဲ့ ဗီဒီယို အပြည့်အစုံကို ကြည့်ရှုရန် – https://www.tiktok.com/@user109…/video/7492953483453238546
မူရင်းတင်ထားတဲ့ ဗီဒီယိုဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခြင်းမရှိပဲ ဒီဗီဲဒီယိုကိုပဲ လာအိုဘာသာစကားနဲ့ “ຂ່າວແປກ ລາຍງານ” ဆိုတဲ့ facebook page ကနေ ဒီဗီဒီယိုဖိုင်ကိုပဲ “နိုင်ငံခြားသားတွေက ရွေလာတူးကြတယ်။ ဒါပေမဲ့ သူတို့ သေနတ်တွေနဲ့ အပစ်ခံရတယ်” ဆိုပြီးတော့ လာအိုဘာသာစကားနဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ရေးပြီးတော့ ပြန်မျှဝေထားတာတွေကိုလည်း တွေ့ရပါတယ်။
ຂ່າວແປກ ລາຍງານ ရဲ့ မူရင်း page – https://www.facebook.com/profile.php?id=100033482108452
ຂ່າວແປກ ລາຍງານ page ကနေ ပြန်ကူးဖော်ပြထားတဲ့ မူရင်းဗီဒီယိုဖိုင်အပြည့်အစုံ – https://www.facebook.com/share/r/1BZxDGzYaH/
ဒီဗီဒီယိုကိုလည်း အခြား user တွေကနေ ပြန်လည်ကူးယူပြီးတော့ မျှဝေထားကြတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် Voice of Arakan News ရဲ့ ဗီဒီယိုဖိုင်မှာပါရှိတဲ့ 1 5 2025 ဆိုတဲ့ စာသားဟာ @user10923937506288 စာသားကိုဖျက်ပြီးတော့ ရေးသားထားတာကိုလည်း မူရင်းဗီဒီယိုဖိုင်နဲ့ တိုက်ကြည့်တဲ့အခါမှာ မြင်တွေ့ရပါတယ်။
သုံးသပ်ချက်
Akyab Post ကနေ စစ်ဆေးပြီးတော့ ရရှိထားတဲ့ အချက်အလက်တွေအရ Voice of Arakan News facebook page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ဗီဒီယိုဖိုင်ဟာ မောင်တောမြို့နယ် ဘူရာခါဆစ်ကျေးရွာမှာ အေအေဖက်ကနေပြီးတော့ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့နေတဲ့ ဗီဒီယိုဖိုင်မဟုတ်ပဲ Tik Tok User @user10923937506288 တင်ထားတဲ့ ဗီဒီယိုဖိုင်သာဖြစ်ပါတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဗီဒီယိုဖိုင်မှာ အေအေရဲ့ တပ်သားတွေပါဝင်တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိဘဲ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို အေအေဖက်ကနေ မီးရှို့နေတယ်ဆိုတာကို မတွေ့ရပါဘူး။
ဒါကြောင့် Voice of Arakan News ကနေ တင်ထားတဲ့ ဗီဒီယိုဖိုင်ဟာ အကြောင်းအရာနဲ့ သက်ဆိုင်ခြင်းမရှိပဲ ရည််ရွယ်ချက်ရှိရှိနဲ့ ဗီဒီယို အသုံးချပြီးတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖြန့်နေတာကိုသာ တွေ့ရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းက နိုင်ငံရေးအခြေအနေများကြောင့် အာဆာထောက်ခံသူတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေဟာ ပဋိပက္ခကိုတိုးစေအောင် အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့ သတင်းတုသတင်းမှားတွေ ဖြန့်နေတာကြောင့် သတိထားဖို့လိုအပ်ပါတယ်။
စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌာနတွေရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။
ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/