အမုန်းတရား ဖြန့်ချိရေးဇာတ်ပွဲနှင့် နတ်ကရာကျီးမော ဆိုရှယ်မီဒီယာကုမ္ပဏီများ

စစ်ကောင်စီ၏ဝါဒဖြန့်ချိမှု နှင့် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများ၏ကိုင်တွယ်နိုင်မှု အခြေအနေကိုဆန်းစစ်ခြင်း

အပိုင်း ၁ − နိဒါန်း

ဇာတ်ကြောင်းတစ်ခုခုဖန်တီးလိုက်မယ်။ဒါဆိုရင်အုပ်စုတစ်ခုခုကိုရန်လိုတဲ့ခံစားမှုတွေရှိလာမယ်။ဒါကြောင့်မို့ပဲအမုန်းတရားလှုံ့ဆော်ရေးအုပ်စုတွေကလူတွေအကြမ်းဖက်ချင်လာအောင်ဒီလိုဇာတ်ကြောင်းဥပမာတွေဖန်တီးခလုတ်နှိပ်ကြတော့တာပေါ့

Marcel Danesi[1]

Professor of Semiotics and Linguistic Anthropology

University of Toronto

အနှစ်ချုပ်

လိမ်လည်ခြင်း၊ အမုန်းတရား သွတ်သွင်းခြင်း စသည့် နည်းနာများမှာ ၂၀ ရာစု အာဏာရှင်တို့ တသွင်သွင် အသုံးပြုခဲ့ ကြသော ဝါဒဖြန့်ချိနည်းနာများဖြစ်သည်။ မူဆိုလီနီ၊ စတာလင်၊ ဟစ်တလာတို့အပြင် ဗလာဒီမာပူတင် တို့၏ လက်စွဲ ကျမ်းလာနည်းနာများလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုနှင့် ၎င်း၏ လက်ဝေခံများသည် လူထု ကို စည်းရုံးသည့် ညင်သာသည့် ဝါဒဖြန့်ချိ နည်းနာများ အလုပ်မဖြစ်တော့သောအခါ လိမ်လည်ခြင်း၊ အမုန်းတရား သွတ်သွင်းခြင်း ဗျူဟာများ သုံး၍ အကြမ်းဖက်မှုကို တရားဝင်သဘော (လုပ်သင့်လုပ်အပ်သည့် သဘော) ဖြစ်အောင် ဝါဒဖြန့်ချိလာသည်ကိုတွေ့ရသည်။  ယခုအစီရင်ခံစာတွင် ယင်းတို့ကို အဓိက စုစည်းတင်ပြထားပါသည်။

၂၀၂၄ ခုနှစ် မေလ မှ ဩဂုတ်လအထိ ဒုတိယလေးလပတ် လူမှုကွန်ရက်ပေါ်ရှိ ပြဿနာ ဖြစ်ပွားစေနိုင်သော ‘အကြောင်းအရာများနှင့်နည်းဗျူဟာ လေ့လာချက်’ အစီရင်ခံစာကို The Red Flag အဖွဲ့ က ပြုစုထားပါသည်။ အကျဉ်းချုပ်အားဖြင့် ဤသို့ လေ့လာနိုင်ပါသည်။ 

ယခုဒုတိယလေးလပတ်သည် ရှမ်းမြောက်တကြော့ပြန်စစ်ဆင်ရေး ၁၀၂၇ ဒုတိယလှိုင်း စတင်သည်။ ထို့အပြင် ရခိုင် ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခအရှိန်အဟုန် ပိုမိုပြင်းထန်သည့် ကာလလည်း ဖြစ်သည်။ ၁၀၂၇ ဒုတိယလှိုင်းတွင် စစ်ကောင်စီလက်လွှတ်ဆုံးရှုံးရသည့် နယ်မြေများ ထပ်မံတိုးများလာခဲ့ပြီး အရေးကြီးသည့် စစ်တိုင်းဌာနချုပ်နှင့် မန္တလေးမြို့နှင့် အနီးကပ်ဆုံး မိုးကုတ်ကိုပါ လက်လွှတ်ခဲ့ရသည်ကို စစ်ကောင်စီဘက်က ပြန်လည်အသာစီးရစေရန်

မြေပြင်တွင်သာမက လူမှုကွန်ရက်ဆိုရှယ်မီဒီယာများမှ တဆင့်ကြိုးပမ်းခဲ့ကြသည်။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိလိုက်သည့် နေရာများအား လေကြောင်းမှတဆင့်ဗုံးကြဲရန် စစ်ကောင်စီထောက်ခံသူများ က Telegram Channel များမှလှုံ့ဆော်ခဲ့ပြီး ထိုဒေသများကိုအရပ်သားမဲ့ဧရိယာဟု တံဆိပ်ကပ်ခဲ့သည်။ Telegram သည် ထို အကြောင်းအရာများကို လက်ရှိအချိန်အထိ ဖယ်ရှားခြင်း မရှိသေးဘဲ နောက်ဆက်တွဲလှုံ့ဆော်မှုများကိုလည်း လွတ်လပ်စွာဖြန့်ဝေခွင့်ပြုထားသည်။

ထို့ပြင် ၂၀၂၄ နှစ်ဦးပိုင်းက အမျိုးသားရေးအစွန်းရောက်အင်အားစုများနှင့် စစ်ကောင်စီအကြား တင်းမာမှုမြင့်တက်ခဲ့ သည့် အခြေအနေနောက်ပိုင်းတွင် ထေကြီးဝါကြီး ဆရာတော်တစ်ပါးအား မှားယွင်းပစ်သတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ ထိုဖြစ်စဉ်ကို စစ်ကောင်စီနှင့် ၎င်းထောက်ခံသူများက ကနဦးတွင် ဖုံးဖိလိမ်ညာမှုမျိုးစုံပြုလုပ်ခဲ့သော်လည်း မျက်မြင် သက်သေ ဆရာတော်တစ်ပါးက ဖော်ထုတ်ခဲ့သည့်အတွက် စစ်ကောင်စီအနေဖြင့် ငြင်းဆို၍ မရဘဲ ဝန်ခံတောင်းပန်ခဲ့ ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်သည့် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခြင်းများကို The Red Flag က အချိန်နှင့် တပြေးညီ စောင့်ကြည့်ပြီး ဖြစ်ရပ်လေ့လာမှု ပြုလုပ်ခဲ့သည်။

ရှမ်းမြောက်စစ်ရေးအခြေအနေအပေါ် အခြေခံ၍ လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုများတွင် ဗမာနှင့် ကိုးကန့်၊ တအာင်းလူမျိုးများကြားသော်လည်းကောင်း၊ ဗမာနှင့် မန္တလေးရှိ တရုတ်လူမျိုးများအကြား သော်လည်း ကောင်း  အမုန်းပွားရန်လှုံ့ဆော်ခဲ့ကြသည်။ Tiktok လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီထောက်ခံသူများနှင့် အမျိုး သားရေးအစွန်းရောက် အကောင့်များက တရုတ်လူမျိုးများကို သတ်ဖြတ်ရန်လှုံ့ဆော်မှုများ၊ လေကြောင်းမှ ဗုံးကြဲရန် ပြည်သူများက ထောက်ခံနေသည့်ပုံစံ ဖော်ပြမှုများ အများအပြားပျံ့နှံ့မှုရှိနေပြီး Tiktok အနေဖြင့် ထိထိရောက် ရောက်ကိုင်တွယ်နေခြင်း မရှိပေ။

စစ်ကောင်စီဝါဒဖြန့်ချိသူများသည် ဝါဒဖြန့်ချိရေးနည်းဗျူဟာများကို စဉ်ဆက်မပြတ်တီထွင်နေပြီး ဘာသာစကား တိုးချဲ့မှု၊ အွန်လိုင်းနှင့်မြေပြင်ချိတ်ဆက်မှုများအပြင်၊ အင်တာဗျူးပုံစံများဖြင့်ပါ ဆန့်ကျင်ဘက် အင်အားစုများ၏ သတင်းအချက်အလက်ရယူနေကို ချေဖျက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဒုတိယလေးလပတ်ကာလ အတွင်း စစ်ကောင်စီတပ်၏အထိနာမှု ပိုမိုမြင့်တက်ခဲ့သည်ကို သတင်းဌာနများ၏ ဖော်ပြချက်များနှင့် နယ်မြေ လက်လွှတ်မှုများအရ သိရပြီး ၎င်းတို့ ကြမ်းကြုတ်မှုများသည်လည်း ပိုမိုပြင်းထန်ခဲ့သည်။ 

ယခုအစီရင်ခံစာတွင် ဒုတိယလေးလပတ်အတွင်း ထူးခြားထင်ရှားသည့်အကြောင်းအရာများ (အပိုင်း ၂)၊ စစ်ကောင်စီ ၏ဝါဒဖြန့် Channel များ၏ဝါဒဖြန့်နည်းနာများ (အပိုင်း ၃)၊ ကိန်းဂဏန်းဆိုင်ရာအချက်အလက်များ (အပိုင်း ၄) တို့ကို လေ့လာနိုင်ပါသည်။ နိဂုံးပိုင်း (အပိုင်း ၅) တွင် ဆိုရှယ်မီဒီယာကုမ္ပဏီများ၏ စည်းကမ်းပျက်နေသည့် အရေးယူမှု အခြေအနေများ စသည်တို့ကို ဆန်းစစ် တင်ပြထားသည်။ 

ထူးခြားထင်ခြားသည့် အကြောင်းအရာများ အပိုင်းတွင် လူအုပ်စုတခုခုအား မုန်းတီးရေးကို လက်နက်အသွင် ဖိဖိစီးစီး လုပ်ဆောင်ကြောင်း တွေ့နိုင်ပါသည်။ အဓိက ပစ်မှတ်ထားခံရသော အုပ်စုများမှာ ရိုဟင်ဂျာ၊ ရခိုင်၊ တိုင်းရင်းသား သံဃာများနှင့် တရုတ်လူမျိုးတို့ ဖြစ်သည်ကိုတွေ့ရသည်။ တိုင်းရင်းသား ဗုဒ္ဓဘာသာ သံဃာတော်များကို ပစ်မှတ် ထားလာခြင်းမှာ အရေးအရာ ကိစ္စသစ်တခုဖြစ်သည်ကို တွေ့ရသည်။ တရုတ်မုန်းတီးရေးကြောင့် မန္တလေးမြို့ရှိ တရုတ်လူမျိုး အသိုင်းအဝိုင်းကို များစွာရိုက်ခတ်မှုရှိကြောင်းလည်း သတိထားဖွယ်ရာဖြစ်သည်။ ဝါဒဖြန့် နည်းနာအပိုင်းတွင် Facebook အကောင့်သစ်ဖွင့်ရာတွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများ အသုံးပြုရန် လှုံ့ဆော် ခြင်း၊ VPN များ ပိတ်ခြင်း၊ ယင်းတို့နှင့်အတူ My Space ဟု အမည်ပေးထားသော မြန်မာပြည်ဖြစ် ဆိုရှယ်မီဒီယာ သုံးစွဲရန် လှုံ့ဆော်ခြင်း၊ လူပြိန်းကြိုက်အကြောင်းအရာများဖြင့် ‘ပွဲဆူ’ အောင် ဖန်တီးပြီး တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များ လွှမ်းမိုးမှု ကျဆင်းသွားအောင် လုပ်ဆောင်ခြင်း၊ Tiktok နှင့် Telegram ကို လူသုံးများလာစေရန် လှုံ့ဆော်ခြင်း တို့ကို တွေ့နိုင်သည်။ 

ထိုသို့ လုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ လက်ဝေခံတို့သည် စေတနာ့ဝန်ထမ်း အသွင်မဟုတ်ဘဲ အချိန်ပြည့်လခစား ဝန်ထမ်းကဲ့သို့ တွန်းတွန်းတိုက်တိုက်လုပ်ဆောင်နေကြောင်းကိုလည်း စိစစ်တွေ့ရှိရသည်။ 

ကန့်အသတ်များ

ယခု လေးလပတ် အစီရင်ခံစာသည် ၂၀၂၄ ခုနှစ် မေလ မှ ဩဂုတ်လ အထိ Telegram ပေါ်ရှိအကြောင်းအရာ များအား အဓိက လေ့လာစောင့်ကြည့်ပြီး ပြုစုထားသည့် အစီရင်ခံစာတစ်ခုဖြစ်သည်။ စောင့်ကြည့်မှုတွင် Tiktok, Youtube နှင့် Facebook လူမှုကွန်ရက်များပေါ် ရှိအကြောင်းအရာအချို့ပါဝင်သော်လည်း အကြောင်းအရာ အလုံးစုံ ကို လွှမ်းခြုံနိုင်ခြင်း မရှိပေ။ အချက်အလက်စုဆောင်းမှုတွင်လည်း ပြဿနာ ဖြစ်ပွားစေနိုင်သည့်၊ အန္တရာယ်ရှိသည့် အကြောင်းအရာအများကို ခြုံငုံစောင့်ကြည့်ကာ မှတ်တမ်းတင် သိမ်းဆည်းထားသည့်အတွက် ခေါင်းစဉ်နှင့်ဖြစ်စဉ် အသေးစိတ် အချက်အလက်များကို လွှမ်းခြုံနိုင်မှုရှိမည် မဟုတ်ပေ။


[1] ပါမောက္ခ Marcel Danesi မှာ Politics, Lies and Conspiracy Theories (2023) စာအုပ်ရေးသားသူဖြစ်သည်။

The Red Flag Quarterly Report #Q2

(May-August 2024)