Quarterly Report 2025 (January-March) The Red Flag
နိဒါန်း
ပြီးခဲ့သော ၂၀၂၄ ခုနှစ်သည် စစ်ကောင်စီတပ် အထူးအထိနာပြီး ထိန်းချုပ်နယ်မြေများနှင့် တပ်သား အများအပြားကို လက်လွှတ်ဆုံးရှုံးရသည့် နှစ်တနှစ်ဖြစ်သည်။ ထို့ကြောင့် စစ်ရေးအသာရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့ ထိန်းချုပ်ရာဒေသများကို ပစ်မှတ်ထား၍ တိုင်းရင်းသားများသည် ရာဇဝတ်မှု ကျူးလွန်နေသူများ၊ လူမျိုးရေးဘာသာရေးခွဲခြားသူများ၊ ဗမာများကို ဖိနှိပ်သူများဖြစ်သည်ဟု ပုံဖော်သည့် ဇာတ်ကြောင်းများဖြင့် အချက်အလက်စစ်ဆင်ရေး (Information Operations) [1]ကဏ္ဍကိုလွှမ်းမိုးရန် စစ်ကောင်စီ နှင့် ၎င်းထောက်ခံသူများက အားထုတ်ခဲ့ကြသည်။ NUG၊ PDF၊ တော်လှန်ရေးအင်အားစုများနှင့် ဒေါ်အောင်ဆန်း စုကြည်အပေါ် ထောက်ခံမှုကျဆင်းစေရန် အတွက်လည်း မဟုတ်မမှန်သော အချက်အလက်များဖြင့် စွပ်စွဲ ဖန်တီး ထားသည့်အကြောင်းအရာများကိုအသုံးပြုကာ သတင်းအချက်အလက် စီးဆင်းမှုလမ်းကြောင်းအား လွှမ်းမိုးနိုင် ရန် စနစ်တကျကြိုးပမ်းအားထုတ်ခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ စစ်ရေးရှုံးနိမ့်မှုနှင့် လက်နက်ချအညံ့ခံမှု ကို ဖုံးကွယ်သည့်အနေဖြင့် စစ်ကောင်စီထိန်းချုပ်ဝါဒဖြန့်ချိရေး စာမျက်နှာများတွင် တန်ပြန်ဖြန့်ဝေမှု များ တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့သော သတင်းတုသတင်းမှား ဆက်စပ်အကြောင်းအရာများအပြင် အရပ်သားများ၊ တက်ကြွ လှုပ်ရှားသူများနှင့် အာဏာရှင်စနစ်ဆန့်ကျင်သူများအတွက် အန္တရာယ်ဖြစ်ပွားစေမည့် လှုံ့ဆော်မှုများကို ယင်း စာမျက်နှာများကဖြန့်ဝေ၍ တန်ပြန်အထိနာစေရန်နှင့် စစ်ကောင်စီ၏ရာဇဝတ်မှုမြောက်သော စစ်ဆင်ရေးများကို ဖုံးကွယ်ရန် အထောက်အပံ့ပေးခဲ့ကြသည်။ သုတ်သင်ရေးအဖွဲ့များဖွဲ့စည်းကာ တယ်လီဂရမ် စာမျက်နှာများမှ တဆင့်ခြိမ်းခြောက်ခြင်း၊ မြေပြင်တွင်အမှန်တကယ်သုတ်သင်ခြင်း၊ လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများ ကို ပစ်မှတ်ထားပြီးအရပ်သားမဲ့ဧရိယာဟုတံဆိပ်ကပ်ကာ လေကြောင်းတိုက်ခိုက်ရေးလှုံ့ဆော်မှုများကို အွန်လိုင်း မှ တဆင့်ပြုလုပ်၍ မြေပြင်တွင်အမှန်တကယ် တိုက်ခိုက်ခြင်းရှိမရှိကိုလည်း အချိန်နှင့်တပြေးညီ စောင့်ကြည့်၍ တင်ဆက်ခြင်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို သာမက စီးပွားရေးလုပ်ငန်းရှင်များကိုပါ ပစ်မှတ်ထားဖမ်းဆီးရန် လှုံ့ဆော်ခြင်းတို့ဖြင့် အာဏာရှင်စနစ်သက်ဆိုးရှည်ရန် စစ်ကောင်စီဆက်စပ်ဝါဒဖြန့်ချိရေးစာမျက်နှာများက အချက်အခြာ ကျသည့် အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်းတွေ့ရသည့် ဝါဒဖြန့်ချိရေးဇာတ်ကြောင်းကြီးများ
ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ The Red Flag ၏ နေ့စဉ်နှင့်အပတ်စဉ် စောင့်ကြည့်မှု လုပ်ငန်းစဉ်မှတဆင့် သိမ်းဆည်းရရှိထားသော လူမှုမီဒီယာအချက်အလက်စုစုပေါင်း ၆၀၄ ခု ရှိခဲ့ပါသည်။ အဆိုပါ အချက်အလက်များတွင် စစ်ကောင်စီ၏ ဝါဒဖြန့် စာမျက်နှာများမှ ဖြန့်ဝေနေသည့် သတင်းတုသတင်းမှား သံသယ ဖြစ်ဖွယ်ရာအကြောင်းအရာများ၊ အန္တရာယ်ဖြစ်စေနိုင်သောအကြောင်းအရာများနှှင့် သုတသနလုပ်ငန်းစဉ် အတွက် သက်သေအထောက်အထားအဖြစ် သိမ်းဆည်းသောအကြောင်းအရာများပါဝင်ပါသည်။ ယခင်နှစ်များ ကတည်းက ပျံ့နှံ့ခဲ့သောဇာတ်ကြောင်းများလည်း လက်ရှိ၂၀၂၅ခုနှစ်တွင်ဆက်လက်ပျံ့နှံ့ လျက်ရှိနေသေးသည်။
စစ်ကောင်စီ၏ အွန်လိုင်းဝါဒဖြန့်စာမျက်နှာများသည် ၂၀၂၅ ခုနှစ် နှစ်ဦးပို်င်းတွင် ဇာတ်ကြောင်းကြီး ၈ ခုဖြင့် အဓိက စိုးမိုးချယ်လှယ်ကာ ဆန့်ကျင်ဘက်အင်အားစုများကို တိုက်ခိုက်ခဲ့ကြောင်းတွေ့ရှိရသည်။ အဆိုပါ ဇာတ်ကြောင်းများတွင် အပ်ကြောင်းထပ်ပုံဖော်ဖန်တီးမှုများနှင့် အကြောင်းအရာဟောင်းများလည်း မကြာခဏ ဆိုသလိုပါဝင်လေ့ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)များအား ဒုစရိုက်သမားများ အဖြစ် ပုံဖော်ခြင်း၊ စစ်သုံ့ပန်းများကို EROများက သတ်ဖြတ်လိုက်ပြီဟု စစ်ကောင်စီထောက်ခံသူများအကြား သတင်းလွှင့်ခြင်း၊ တော်လှန်ရေးအင်အားစုများကြောင့် ထိုင်းရောက်မြန်မာများအခက်တွေ့ပြီဟု ပုံဖော်ခြင်း၊ အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များက သာ အတင်းအဓမ္မ စစ်သားစုဆောင်းနေသည်ဟု ပုံဖော်ခြင်း၊ ပြည်သူများဆန္ဒအရ ဗုံးကြဲ၍ ချေမှုန်းခြင်းများပြုလုပ်နေခြင်းဟုလိမ်လည်ခြင်း စသည့် ဇာတ်ကြောင်းများကို အထောက်အပံ့ပြုသည့် အကြောင်းအရာများအား လူမှုမီဒီယာပလက်ဖောင်းအစုံတွင် စနစ်တကျ ချိတ်ဆက် ဖြန့်ဝေခဲ့ကြသည်။ ထိုဇာတ်ကြောင်း ၈ ခု အား အထူးပြုလေ့လာမှုကို အပိုင်းလိုက်ခွဲခြားပြီး နောက်ဆက်တွဲ အခန်းများတွင် ဖော်ပြထားပါသည်။
[1] Information operations and warfare, also known as influence operations, includes the collection of tactical information about an adversary as well as the dissemination of propaganda in pursuit of a competitive advantage over an opponent.https://www.rand.org/topics/information-operations.html