၂၀၂၅ခုနှစ်၊ မေလ၊ ၂၀ရက်။
(Fact Check) DNA/ The Red Flag
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာထဲကို KNDF+KNPPအဖွဲ့တွေဝင်ရောက်ပြီး အကြမ်းဖက်တာတွေလုပ်ဆောင်နေကြတာကြောင့် ဒေသခံတွေစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီအားပေးထောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ မနေ့က မနက်အစောပိုင်းမှာပဲ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူများနေပြီး၊ တခြားလော်ဘီချန်နယ်တွေကလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်
Kyaw Swar – https://archive.ph/6wFQG
မှိုင်းဝေ – https://archive.ph/X55lQ
ရွှေနေကြာ – https://archive.ph/FdP6v
ပျံ့နှံ့လာတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ ဆောင်းပြောင်းရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ PNOပြည်သူ့စစ်တပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေစစ်ရှောင်နေရတာဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တပ် နဲ့ KNDF၊ KNPPတို့ကြားပြီးခဲ့တဲ့ မေလ၊ ၁၇ရက်က ဆောင်းပြောင်းရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့ နောက် စစ်ကောင်စီဘက်က လမ်းမကြီးဘေး၊ သစ်တော်ခြံအနီးကနေ ဆောင်းပြောင်းကျေးရွာကိုလက်နက်ကြီး ပစ်ခက်တိုက်ခိုက်နေသလို၊ တိုက်လေယာဥ်တွေလည်း ဝဲနေတာဖြစ်တယ်လို့ ခမ်းသားငေါဝ်း သတင်းဌာနကလည်း ပြီးခဲ့တဲ့ မေလ ၁၇ရက် ကလည်း သတင်းရေးသားဖော်ပြခဲ့ပါတယ်။
ခမ်းသားငေါဝ်း သတင်းလင့်- https://www.facebook.com/share/p/1ZcDGryk1z/
အဲ့ဒီလိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေပြီး ဂျက်ဖိုက်တာတွေလည်း ဝဲပျံနေကြတာကြောင့် ဆောင်းပြောင်းရွာအပါဝင်၊ ပင်ပွံ၊ လဲင်းဗွလ၊ ကောင်ဗာကျေးရွာတွေက ပြည်သူ၃၀၀၀ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ People’s Spring သတင်းဌာနကလည်း မနေ့က မေလ၊ ၁၉ရက်က သတင်းတင်ဆက်ခဲ့ပါတယ်။
People’s Spring သတင်းလင့် – https://www.facebook.com/share/v/15ftripfL1/
PNO ပြည်သူ့စစ်တပ်ဖွဲ့တွေအနေနဲ့ ဆောင်းပြောင်းရွာသားတွေကို နေအိမ်ကနေအပြင်မထွက်ဖို့ မှာကြားထားပေမယ့် စစ်ကောင်စီဘက်က ဆောင်းပြောင်းရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေကြတာကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့် သတင်းဌာနကို ပြန်လည်ဖြေကြားထားပါတယ်။
သျှမ်းသံတော်ဆင့် သတင်း လင့် – https://www.facebook.com/share/p/16FWy8isKh/
သတင်းသုံးသပ်ချက်
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုကြား ပြီးခဲ့တဲ့ မေလ၊ ၁၇ရက်က ဆောင်းပြောင်းကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲ့လိုထိတွေ့တိုက်ပွဲဖြစ်ပွားအချိန်မှာပဲ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ဆောင်းပြောင်းကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို၊ လေကြောင်းကပါ တိုက်လေယာဥ်တွေဝဲပျံနေခဲ့တာပါ။
ဒါပေမယ့် အဲ့ဒီဆောင်းပြောင်းကျေးရွာအတွင်းမှာ ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီမဟာမိတ် PNO ပြည်သူ့စစ်တပ်ဖွဲ့တွေပဲရှိနေခဲ့တာပါ။
ဒါကြောင့် စစ်ကောင်စီလော်ဘီမီဒီယာတွေပြောသလို “KNDF+KNPP အဖွဲ့များက ဆောင်းပြောင်းရွာထဲဝင်ရောက်လာပြီး အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့အတွက် ပြည်သူများ ထွက်ပြေးနေရ” ဆိုတဲ့အကြောင်းအရာက လုပ်ကြံဖန်တီးရေးသားထားတဲ့အကြောင်းအရာဖြစ်တာကို တွေ့ရှိရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။