နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး ထိခိုက်သေဆုံးသူတွေဟာ TNLAနဲ့ PDFတွေသာ ဖြစ်တယ်ဆိုတဲ့သတင်းမှား

အောက်တိုဘာ ၈ ရက်၊ Fact-check
ဖက်ဒရယ် FM/ The Red Flag
ရှမ်းပြည်နယ်၊ နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး ထိခိုက်သေဆုံးသူတွေဟာ TNLAနဲ့ PDFတွေသာဖြစ်ကြောင်း စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းအမှားဝါဒဖြန့်ချိနေပါတယ်။
စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Truth Mediaတယ်လီဂရမ် ချန်နယ်က အောက်တိုဘာ ၂ ရက်နေ့မှာ အဲဒီအကြောင်းအရာကို ဖြန့်ချိခဲ့ပါတယ် ။ အဆိုပါ ဖြန့်ချိထားတဲ့ သတင်းကို ဝင်ရောက်ဖတ်ရှူသူဦးရေ သုံးထောင်နီးပါးနဲ့၊ Reaction ပြုလုပ် သူဦးရေ တစ်ရာကျော်ရှိပါတယ်။
ဖြန့်ချိထားတဲ့ သတင်းလင့်ခ် – https://t.me/Snowqueen1111233/41902
အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
စစ်ဆေးတွေ့ရှိချက်
လွတ်လပ်တဲ့ မီဒီယာ သတင်းဌာနဖြစ်တစ်ခု ဖြစ်တဲ့ ရွှေဖီမြေ သတင်းဌာနမှာတော့ “တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက် ၈ ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂ ရက်နေ့ မနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိမှန်သေဆုံးခဲ့ကာ ကလေးအပါအဝင် ၇ ယောက် ဒဏ်ရာ ရခဲ့ကြောင်း၊ အောက်တိုဘာ ၂ ရက် မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောကြောင်း၊ သေဆုံးသူ ၃ ဦးထဲ သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ပါဝင်ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့သူတွေဟာ ကျောက်မဲကနေ စစ်ရှောင်လာတဲ့ ဒေသခံလည်း ပါဝင်ပြီး သေဆုံးသူရဲ့ အချက်အလက်ကို ရွှေဖီမြေက စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုအတွင်း ၂ ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ဆေးရုံမှာ ၁ ဦး သေဆုံးခဲ့ကြောင်း” သတင်းမှာဖော်ပြပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/1AU83H8NqJ/
မောင်း မီဒီယာသတင်းဌာနမှာတော့ “ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားကြောင်း၊ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ အမှတ် ၈ ရပ်ကွက်၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးနဲ့ လူနေရပ်ကွက်ပေါ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲတဲ့နေရာအနီးရှိ စစ်ဘေးရှောင်ပြည်သူ ၃ ယောက်သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ” သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/v/1EVhKxPFVf/
နောက်ထပ်လွတ်လပ်တဲ့ မီဒီယာသတင်းဌာနဖြစ်တဲ့ ဧရာဝတီသတင်းဌာနမှာတော့ “ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်၊ ထိန်းချုပ် ထားတဲ့ နမ္မတူမြို့ကို အာဏာသိမ်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောကြောင်း၊ အာဏာသိမ်း စစ်တပ်ဟာ နမ္မတူမြို့ပေါ်က အရပ်သားတွေကို ဗုံးကြဲ တိုက်ခိုက် အပြီးမှာပဲ TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ စစ်တပ် ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးခိုလှုံဖို့ ရှောင်လာတဲ့ ကျောက်မဲနဲ့ နောင်ပိန်ဒေသခံတွေ ဖြစ်တယ်လို့လည်း နမ္မတူမြို့ခံက ပြောကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းလင့်ခ့် – https://www.facebook.com/share/v/1He3WwZ7tL/
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး TNLA ရဲ့ စစ်ရေးနီးစပ်သူတစ်ဦးကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းထားပါတယ်။
ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ပြီးနေနေတဲ့ စစ်ရှောင် ၃ ယောက်ထဲက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက် သေသွားတယ်။ ကလေးအပါအဝင် ၈ ဦးဒဏ်ရာရတယ်။ ဒီမနက် ၇ နာရီကျော်လောက်မှာ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲသွားတယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ TNLAရဲ့ စစ်ရေးနီးစပ်သူတစ်ဦးရဲ့ဖော်ပြချက်အရ ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတော့ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး ထိခိုက်သေဆုံးသူတွေဟာ TNLAနဲ့ PDFတွေသာဖြစ်တယ်ဆို“ ဆိုတာဟာ စစ်ကော်မရှင်တပ်တွေရဲ့လုပ်တွေကို ဖုံးကွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အချိန်ကိုက် ဖြန့်ချိတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
စစ်ကောင်မရှင်တပ်ဟာလည်း လေကြောင်းတိုက်ခိုက်ပြီးတဲ့ အချိန်တိုင်းမှာလည်း ထိခိုက်သေဆုံးသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်ကြောင်း စွပ်စွဲဖြန့်ချိထားတဲ့ သတင်းတွေလည်း များစွာလည်း ရှိနေပါတယ်။
သတင်းလင့်များ
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FM နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Fb-https://www.facebook.com/myanmarfactcheckingnetwork