အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။
KIC, The Red Flag, MFCN
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)နယ်မြေမှာရှိသည့် ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်ကျေးရွာသို့ ယမန်နေ့(အောက်တိုဘာ ၉)ရက်နေ့ညပိုင်းက စစ်အုပ်စုလေတပ်မှ ဗုံးကြဲတိုက်ခိုက်သဖြင့် သေဆုံးသူအရပ်သားများကို အကြမ်းဖက်များအဖြစ် ၎င်းတို့ကိုထောက်ခံသည့် လှုမှုကွန်ရက်မီဒီယာများက ဝါဒဖြန့်ချိ သတင်းအမှားဖြန့်ဝေနေသည်။
U Nay Win၊ Ka Ka Han၊ Min Din လူမှုကွန်ရက် တယ်လီဂရမ်ချန်နယ်တို့က “ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်ရွာ အနောက်ခြမ်းမှာ စုဝေးနေတဲ့အကြမ်းဖက်တွေ ဗုံးကြဲချေမှုန်းခံရတာကြောင့် အများအပြားသေ” ဆိုသည့် စာသား၊ ပုံများဖြင့် ယနေ့မှစတင်ဖြန့်ဝေလာခြင်းဖြစ်သည်။
သတင်းဖြန့်ဝေနေသည့် ချန်နယ်များမှာ စစ်အုပ်စုကိုထောက်ခံသည့် အသုံးအနှုန်းများဖြင့် သတင်းအဖြစ်အပျက်အမှားများကို မကြာခဏဆိုသလို ရေးသားဖော်ပြလေ့ရှိပြီး ၁ သောင်းဝန်းကျင်မှ ၅ သောင်းနီးပါးအထိ Follower လုပ်သူအခိုင်အမာရှိထားသည့် ချန်နယ်များဖြစ်သည်။
လက်ရှိအချိန်တွင်လည်း U Nay Win ဖြန့်ဝေထားသည့် အဆိုပါပို့စ်ကို ကြည့်ရှုသူ တစ်ထောင်ကျော်၊ Ka Ka Han နှင့် Min Din တို့၏ဖြန့်ဝေမှုကို ကြည့်ရှုသူ ၆၀၀ ကျော်အထိရှိနေပြီဖြစ်သည်။
U Nay Win – https://archive.ph/L9ITX
Ka Ka Han – https://archive.ph/ZbOLH
Min Din – https://archive.ph/4h3WM
သတင်းအတု၊ သတင်းအမှား စိစစ်ဖော်ပြနေသည့် Myanmar Fact-checking Network အဖွဲ့ဝင် ကရင်သတင်းဌာန-ကေအိုင်စီအနေဖြင့် အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ (၉)ရက်နေ့ ည (၈)နာရီခွဲတွင် ပျဥ်းမပင်ဆိပ်ရွာ အနောက်ခြမ်းသို့ လေကြောင်းဖြင့်ဗုံးကြဲခဲ့သည်၊ ဗုံးကြဲချေမှုန်းခံရ၍ အများအပြားသေကုန်ကြသည် ဟု စစ်အုပ်စု ဝါဒဖြန့်များက ဆိုသည်။
ပျဥ်းမပင်ဆိပ်ကျေးရွာသည် ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေတွင် ရှိသော်လည်း ဒေသခံပြည်သူအရပ်သားများ နေထိုင်ရာ ကျေးရွာဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားသောကြောင့် သေဆုံးသူ (၅)ဦး ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ အသက်မပြည့်သေးသော ကလေးငယ်များဖြစ်သည် ဟု ဒေသခံပြောကြားချက်ကို ကိုးကားပြီး သတင်းလုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်နေသည့် DVB နှင့် Mizzima သတင်းဌာနများတွင် ဖော်ပြသည်။
Mizzima – https://tinyurl.com/4n3j8d5n
သေဆုံးသူမှာ အသက်(၆)နှစ်မှ (၁၂)နှစ်အထိ အရွယ် ကလေးငယ်များဖြစ်ကြ၍ ဒေသခံ (၁၀)ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။ ရွာတာဝန်ရှိသူ၏ပြောဆိုချက်အရ လေယာဥ်အပြင် လက်နက်ကြီးတိုက်ခိုက်မှုလည်း ရှိခဲ့သဖြင့် ထိခိုက်သေဆုံးသူ များပြားခဲ့သည်ဟု မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီနှင့် ကရင်လူထုအခြေပြု သတင်းတင်ဆက်နေသည့် ကေအိုင်စီ တွင် ဖော်ပြသည်။
မွန်ဌာနေ သတင်းမီဒီယာ လွတ်လပ်သောမွန်သတင်းအေဂျင်စီ ကလည်း တိုက်ပွဲမဖြစ်သည့် ပြည်သူရှိနေသော ကျေးရွာတွင် လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပြီး ဒေသခံတွေစစ်ရှောင်နေရသည်ဟု ဆိုသည်။
Mon News Agency – https://shorturl.at/LmP6v
အလားတူ ဖော်ပြပါ မီဒီယာတို့အသုံးပြုထားသည့် သတင်းဓာတ်ပုံများကို ဝါဒဖြန့်ချန်နယ်များကလည်း တစ်ထပ်တည်းအသုံးပြုလျက်ရှိသည်။
သတင်းဖြန့်ဝေနေသည့် စစ်အုပ်စုထောက်ခံ ချန်နယ်များ၏ရေးသားမှုအရ ယမန်နေ့က ပျဥ်းမပင်ဆိပ်ရွာအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည်။ သို့သော် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူလည်း နေထိုင်ရာရွာဖြစ်သလို ဗုံးစထိမှန် သေဆုံးသူများမှာလည်း လက်နက်ကိုင်မဟုတ်သည့် ကလေးငယ်များသာဖြစ်သည်။ ထို့ကြောင့် ဝါဒဖြန့်ချန်နယ်တို့ပုံဖော်သလို အကြမ်းဖက်အဖြစ် သုံးနှုန်းခြင်းက လှည့်ဖြားမှားယွင်းသည့် အကြောင်းအရာသာ ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်သည့်နယ်မြေရှိ ရွာများကို အာဏာသိမ်းကာလတစ်လျှောက်လုံး စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းတို့ မကြာခဏပြုလုပ်နေသော်လည်း ၎င်းတို့ပြစ်မှုများကို ဖုံးကွယ်ရေး အရပ်သားများကို အကြမ်းဖက်များ၊ လက်နက်ကိုင်များအဖြစ် သုံးနှုန်းဖော်ပြလေ့ရှိသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။