တောင်ကုတ်က အေအေရဲ့ သင်တန်းဌာနချုပ်ကို ဗုံးကြဲဆိုတဲ့ သတင်းမှား

၂၀၂၅ အောက်တိုဘာ ၂

Fact-check_ Akyab Post/ The Red Flag

ယခုရက်ပိုင်း ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်တောင်ကုတ်မြို့က အေအေရဲ့ သင်တန်းဌာနချုပ်ကို ဒေသခံတွေရဲ့ သတင်းပေးပို့ချက်ကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။​

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ” ချန်နယ်ကနေ စက်တင်ဘာလ ၂၇ ရက်နေ့မှာ “တောင်ကုတ်ရှိ အကြမ်းဖက် အေအေ အဖွဲ့ အခြေပြုနေတဲ့ စခန်းနေရာကိုတပ်မတော်က လေကြောင်းဖြင့် စတင်ချေမှုန်းရှင်းလင်း” ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။

📌 “တိုက်ပွဲသတင်းစုံ” –https://archive.ph/CNCYO

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၄၇.၄ k၊ reaction ပြုလုပ်သူ ၁၁၀၂ ဦးထိရှိပြီးတော့ Facebook လူမှုစာမျက်နှာကွန်ရက်မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။​

📌 ဆက်စပ်သတင်းမှား လင်ခ့် – https://archive.ph/YtFK6

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ နေရာမှာ အေအေရဲ့စစ်စခန်း သင်တန်းကျောင်း မဟုတ်ဘဲ အရပ်ဖက်ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ဖြစ်နေတာကိုသာ တွေ့ရပါတယ်။

▪️သတင်းစိစစ်ချက်

ပျံ့နှံ့နေသော ပို့စ်မှာပါရှိတဲ့ တောင်ကုတ်မြို့က အေအေရဲ့သင်တန်းကျောင်းကို ဗုံးကြဲဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

ပို့စ်မှာပါရှိတဲ့ ပုံတွေကို ရှာကြည့်လိုက်တဲ့အခါ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခု ဖြစ်တဲ့ Development Media Group ကနေ စက်တင်ဘာလ ၂၇ ရက်နေ့မှာ “တောင်ကုတ်မြို့ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။

DMG ရဲ့ ရေးသားချက်တွေအရ “စက်တင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်က တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် စကခ ၅ အနီးရှိ တပ်ဦးကျောင်းတိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။

🔗 DMG သတင်းအပြည့်အစုံ – https://bitly.cx/EZkgG

ဒါ့အပြင် ဒီသတင်းကိုပဲ “သံလွင်ခက်” သတင်းဌာနကလည်း စက်တင်ဘာလ ၂၆ ရက်နေ့မှာ “အာရက္ခတပ်တော် AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်မရှင်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။

🔗 သံလွင်ခက် – https://bitly.cx/vV2zq

အခြားမြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေလည်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ “တောင်ကုတ်မြို့ရှိ တပ်ဦးဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။

🔗 DVB  – https://bitly.cx/tfU7N

▪️သုံးသပ်ချက်

သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ တောင်ကုတ်မြို့မှာ စစ်ကောင်မရှင်ကနေ ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပျက်ဆီးခဲ့တာဟာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် စကခ ၅ အနီးက တပ်ဦးကျောင်းတိုက်သာဖြစ်ပြီးတော့ အေအေရဲ့ စခန်းမဟုတ်ပါဘူး။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူပိုင်တဲ့ ဘာသာရေးအဆောက်အအုံသာ ပျက်ဆီးခဲ့တာသာ ဖြစ်ပါတယ်။

လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး လိုသလို ပုံဖော်ပြီး ရေးသားထားတဲ့ မှားယွင်းတင်ပြချက် သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

https://bitly.cx/ahf2

https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA