အေအေကိုထောက်ပံ့နေတဲ့ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်ဖက်ကနေ နှိမ်နင်းဆိုကာ ရုပ်သံဖြင့် သတင်းမှားဖြန့်

၂၀၂၅ အောက်တိုဘာ ၁

Fact-check_ Akyab Post/ The Red Flag

ယခုရက်ပိုင်း ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေကို ထောက်ပံ့နေတဲ့ ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖက်ကနေ နှိမ်နင်းနေဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Western 24 News ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ အေအေ အကြမ်းဖက် အဖွဲ့အားထောက်ပံ့နေသော ရက္ခိုင်များသာနေထိုင်သည့် ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara)တွင် နေအိမ်နှင့် စျေးဆိုင်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်းသိရသည်။ အေအေ အကြမ်းဖက် လော်ဘီများမှလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်အား အကြမ်းဖက် စစ်တပ်ဖြစ်ကြောင်းစွပ်စွဲပြစ်တင်နေကြသည်။” ဆိုပြီးတော့ ရုပ်သံဖိုင်တစ်ခုနဲ့ ဖြန့်ချိထားပါတယ်။

📌 Western 24 News – https://archive.ph/GaF7V

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၁ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူ ၅၀.၄ K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၂၆ ဦထိရှိပြီးတော့ ဆက်လက်ပြီးတော့ May Yu Htar Nay နဲ့ Facebook စာမျက်နှာက “စဝ်နန်းဝတီမောင်”ပျံ့နှံ့လျက်ရှိပါတယ်။

📌 သတင်းမှားလင့်ခ်များ –https://archive.ph/rHydZ

📌 သတင်းမှားလင့်ခ်များ – https://archive.ph/wRklg

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊  စစ်တကောင်းဒေသမှာ ဌာနေ မရမာ တိုင်းရင်းသူ အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ခတ် ဖြိုခွင်းမှုဖြစ်စဉ်ကို တွေ့ရပါတယ်။

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အေအေကိုထောက်ပံ့နေတဲ့ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖက်ကနေ နှိမ်နင်းဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကို Google reverse Image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ Daily Times of Bangaladesh ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တင်ထားတဲ့ “Protesters announce blockades across all three hill districts” ဆိုတဲ့ သတင်းက ဓာတ်ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။

Daily Times of Bangladesh ရဲ့ရေးသားချက်တွေအရ “ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းတောင်တန်းဒေသ ဂွီမာရာမြို့နယ်မှာ မရမာကြီးလူမျိုး အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံရပြီး စွန့်ပစ်ခံရမှုကို ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်လို့” ရေးသားဖော်ပြထားပါတယ်။

🔗 Daily Times of Bangladesh – https://bitly.cx/TMYdk

ဒါ့အပြင် ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC burmese ကနေလည်း “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊  စစ်တကောင်းဒေသမှာ ဌာနေ မရမာ တိုင်းရင်းသူ အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၄ ဦး ရှိလာပါတယ်။ ဆန္ဒပြပွဲတွေ မြို့တော် ဒါကာအထိ ဆက်ရှိနေလို့ ဒီဖြစ်ရပ်ကနေ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခ မဖြစ်လာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အထူးသတိထား ကိုင်တွယ်နေပါတယ်။ ဒီပြဿနာကြောင့် စစ်တကောင်းဒေသတွင်းတင်မက ရခိုင်စစ်ပွဲကြောင့် ရခိုင်ဒေသတွေကနေ စစ်တကောင်းဒေသကို ထွက်ပြေးတိမ်းရှောင်ကြနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေအတွက်လည်း  မလုံခြုံမှုတွေဖြစ်လာနေပါတယ်။” လို့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

🔗 BBC Burmese သတင်းများ –

https://bitly.cx/VLPX6

https://bitly.cx/vOnYA

အခြားဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေလည်း “စစ်တကောင်းတောင်တန်းနယ်၊ ခါကာဆိုရီခရိုင်၊ ဂွီမားရာ လူနည်းစုနေအိမ်များကို မီးရှို့၊ သေနတ်များဖြင့် ပစ်ခတ်၍ အသက် ၁၈ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့သည်။” ဆိုပြီးတော့  စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

Narinjara သတင်းအပြည့်အစုံ – https://bitly.cx/sU06

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ ဆန္ဒပြနေတဲ့ ရက္ခိုင်တိုင်းရင်းသား ကျောင်းသားလူငယ်တွေက အာရက္ခတပ်တော် အေအေ ကိုထောက်ခံတာကြောင့်  ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့ ဆိုတဲ့ အကြောင်းအရာကိုလည်း Myanmar fact checking network အဖွဲ့ဝင်ဖြစ်တဲ့ DNA ကနေ “ရက္ခိုင်လူငယ်တွေပစ်ခတ်ခံရတာ AAကိုထောက်ခံတာကြောင့်လို့ဆိုတဲ့သတင်းအမှား”ဆိုပြီးတော့ စစ်ဆေး ရေးသားထားပါတယ်။

DNA – https://bitly.cx/HByrs

▪️သုံးသပ်ချက်

သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ  အာရက္ခတပ်တော် အေအေကို ထောက်ပံ့နေတဲ့ ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖက်ကနေ နှိမ်နင်းနေတာ မဟုတ်ဘဲ စစ်တကောင်းဒေသမှာ ဌာနေ မရမာ တိုင်းရင်းသူ အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ခတ် ဖြိုခွင်းမှုဖြစ်စဉ်ကို တွေ့ရပါတယ်။

ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ဟာလည်း ဆန္ဒပြပွဲက မီးရှို့ခဲ့တဲ့ ဖြစ်စဉ်သာဖြစ်ပြီးတော့ အေအေကို ထောက်ပံ့နေတာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာဟာ လိုရာဆွဲပြီးတော့ ရေးသားဖြန့်ဝေထားကြတဲ့ သတင်းမှားသာဖြစ်နေပါတယ်။

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်း မှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA