FACTCHECK|ဂါနာနိုင်ငံရဲ့၆၉နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား တက်ဖို့မင်းအောင်လှိုင် ကို ဖိတ်ကြား ထားတယ်ဆိုတဲ့သတင်းအမှား

ဂါနာနိုင်ငံရဲ့ ၆၉နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကိုတက်ရောက်ဖို့အတွက် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂါနာသမ္မတက ဖိတ်ကြားထားတယ်ဆိုတဲ့ အကြောင်းအရာတခုဟာ ဖေ့ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ အကောင့်ဖြစ်တဲ့ စဝ်နန်း ဝတီ မောင်က ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကတော့ (မူရင်းသတ်ပုံအတိုင်း)

“ July 10 သတင်းကောင်းပါပဲဂါနာနိုင်ငံ၏ ၆၉နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂါနာသမ္မတကြီး မစ္စတာဖူဂီနူမူစကူအာဂူဂူးမှ ဖိတ်ခေါ်ထားပြီး တပ်ချုပ်ကြီးသာ ယင်းပွဲသို့တတ်ရောက်ဖြစ်ပါက ဂါနာတပ်မတော်၏နည်းပညာမြင့် စက်ရုပ်များ အထူးစက်ရုပ်စစ်သည်များ၏ နည်းပညာများ အတူတကွပူးပေါင်းရန် ဆန္ဒရှိကြောင်း ရန်ကုန်မြို့ရှိဂါနာသံရုံးရှိ အမည်မဖော်လိုသူ သံဝန်ထမ်းမှ ထုတ်ပြန် ” ဆိုပြီး ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ 

အလားတူပဲ ဒီအကြောင်းအရာတွေကို အခြားစစ်တပ်ထောက်ခံတဲ့အကောင့် တွေက ဖြန့်ဝေထားတဲ့ပို့စ်တွေကို ဒီလင့်ခ်တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://archive.is/VL9XQ

https://archive.is/wip/HmyZ6 

 

အချက်အလက်စိစစ်ချက် 

မင်းအောင်လှိုင်ကို ဂါနာနိုင်ငံရဲ့ ၆၉နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကိုတက်ဖို့အတွက် ဖိတ် ကြားထားတယ်ဆိုတဲ့ အကြောင်းအရာကို Google မှာ ရှာဖွေကြည့်လိုက်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ အခြားအရင်းအမြစ်တွေက ရေးသားဖော်ပြထားတာမျိုးမရှိပါဘူး။ 

 

ဖြန့်ဝေထားတဲ့ပို့စ်မှာပါဝင်တဲ့ ဂါနာသမ္မတ နာမည်မှာဆိုရင် မစ္စတာဖူဂီနူမူစကူးအာဂူဂူး ဆိုပြီးရေးသား ထားပါတယ်။ တကယ်တော့ ဂါနာသမ္မတနာမည်က John Mahama ဖြစ်ပြီးသူဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှာသမ္မတတာဝန်ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဖြန့်ဝေထားတဲ့ပို့စ်မှာပါတဲ့ ဂါနာသမ္မတနာမည်က လုပ်ကြံဖန်တီးထားတဲ့ နာမည်တခုသာဖြစ်ပါတယ်။ ဂါနာသမ္မတနဲ့ပတ်သက်တဲ့ သတင်းတခုကို AFP သတင်းဌာနက ကဖော်ပြထားတဲ့ လင့်ခ်ကို ဒီမှာကြည့်ရှုနိုင်ပါတယ်။ https://bit.ly/44rEtry

ဂါနာနိုင်ငံရဲ့ ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို လာမယ့် ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့မှာမှ ကျင်းပမှာဖြစ်ပါတယ်။ ဂါနာဟာ ၁၉၅၇ ခုနှစ် မတ်လ ၆ ရက်နေ့က အင်္ဂလိပ်ကိုလိုနီလက် အောက်က လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ 

 

ပို့စ်ထဲမှာပါတဲ့ နောက်ထပ်အကြောင်းအရာဖြစ်တဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဂါနာသံရုံးရဲ့ အမည်မဖော်လိုသူ သံဝန်ထမ်းက ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကလည်း လုပ်ကြံဖန်တီးရေးသားထားတဲ့ အကြောင်း အရာဖြစ်ပါတယ်။  မြန်မာနိုင်ငံနဲ့ ဂါနာနိုင်ငံတို့ကြားမှာ သံရုံးအပြန်အလှန်ထားရှိဆက်ဆံတာမျိုးမရှိ သေးပါဘူး။ ဒါကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ဂါနာသံရုံး ဆိုတဲ့ အချက်အလက်ကလည်း မှားယွင်းပါတယ်။ မြန်မာနိုင်ငံနဲ့ဂါနာနိုင်ငံတို့ကြားမှာ အနီးစပ်ဆုံး အနေနဲ့ ဗီဇာလျှောက်ထားလို့ရတဲ့ နိုင်ငံကတော့ အ်ိန္ဒိယနိုင်ငံကတဆင့် လျှောက်ပြီးမှ သွားရောက်နိုင်မှာဖြစ်ပါတယ်။ 

https://bit.ly/44McTEj 


သုံးသပ်ချက် 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင်ဂါနာနိုင်ငံရဲ့၆၉နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ဖို့မင်းအောင်လှိုင် ကို ဖိတ်ကြား ထားတယ်ဆိုတဲ့အကြောင်းအရာ က လုပ်ကြံဖန်တီးဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။  ဒါကြောင့် ဒီသတင်းအကြောင်းအရာက လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားဖြစ်ပါတယ်။ 

 

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ 

တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် Real or Not  ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။