FACT CHECK| သီတင်းကျွတ်လပြည့် ဆီမီးသပိတ်ပြုလုပ်သူတွေက ပြည်သူတွေမဟုတ်ဆိုသည့် သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
အောက်တိုဘာ ၇ ၊ ၂၀၂၅

အနှစ်ချုပ်အကြောင်းအရာ

မုံရွာနှင့်ချောင်းဦးမြို နယ်အစပ်မှာ အောက်တိုဘာ ၆ရက်နေ့၊ သီတင်းကျွတ်လပြည့်ညတုန်းက ပြည်သူများမှ မီးထွန်းပွဲနှင့်ဆီမီးသပိတ် ပြုလုပ်နေစဉ် စစ်တပ်မှ ဗုံးကြဲခဲ့သည့်အတွက် ပြည်သူအများအပြားသေဆုံးခဲ့သည်။ ယင်းဖြစ်ရပ် နှင့် ပတ်သက်ပြီး စစ်တပ်လော်ဘီဝါ ဒဖြန့်တယ်လီဂရမ်ချယ်နယ်ဖြစ်သည့် Kyaw Swar မှ ဆီမီးသပိတ်ပြု လုပ်နေသူများသည် ပြည်သူများမဟုတ်ဘဲ PDF များသာ ဖြစ်သည်ဟု လိမ်လည်လှည့်ဖြား ထားသည့် သတင်းမှားကို (ဟုတ်တယ် Vs မဟုတ်ဘူး) အဖွဲ့သားများမှ အချက်အလက်စစ်ဆေး ပေးထားပါသည်။

ဖြန့်ဝေထားမှု

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်ဖြစ်သည့် Kyaw Swar ချယ်နယ်မှ ” စစ်ဖြစ်နေတဲ့နေရာမှာ ဘယ်သောက်ရူးကမီးထွန်းသပိတ်လုပ်ခိုင်းတာလဲသောက်ဥဏှောက်မှ မရှိတာပဒက်တွေပဲ လုပ်တာ ဘယ်ပြည်သူမှမလုပ်ဖူး။သောက်ရူးတွေ ခိုင်းတိုင်းလိုက်မလုပ်နဲ့ ခေါင်းသုံးကြအုံး ” (မူရင်းသတ်ပုံ ) ဆိုသော စာသားနှင့်အတူဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားမှုကို အောက်ကလင့်ခ်မှာ ကြည့် ရှုနိုင်ပါတယ်။

Web Archive Link >>> https://archive.ph/JtxQo

အချက်အလက်စစ်ဆေးမှု

ဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ ချောင်းဦးမြို့နယ်တနေရာက မီးထွန်းသပိတ်ကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာလုပ်ငန်းစဉ်တိုင်းလုပ်နေတဲ့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားတဲ့ သတင်းတွေနဲ့ စစ်လော်ဘီ Kyaw Swar ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ကွဲလွဲနေပါတယ်။

BBC သတင်းမီဒီယာရဲ့ဖော်ပြချက်အရ သီတင်းကျွတ်ဆီမီးသပိတ်ကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဆီမီးသပိတ်ကို သပိတ်အင်အားစုတွေ၊ ကျေးရွာဒေသခံ ပြည်သူတွေသာမက ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့လည်းပူးပေါင်းပါဝင်ခဲ့ကြပြီး လူဦးရေအယောက် ၁၀၀ ဝန်းကျင်ခန့် ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါကြောင့် Kyaw Swar စွပ်စွဲရေးသားထားသလို ဆီမီးသပိတ်လုပ်တာက ပြည်သူတွေမဟုတ်ဘူးဆိုတာက မှားယွင်းနေတယ် ဆိုတာကို စိစစ်တွေ့ရှိနိုင်ပါတယ်။ BBC သတင်းဌာနရဲ့ သတင်းဖော်ပြချက်>>> https://bit.ly/46TTUsl

ချောင်းဦးမြို့နယ် ဆီမီးသပိတ် ဗုံးကြဲခံရမှုဖြစ်စဉ်မှာ လသားအရွယ် ကလေးငယ်အပါဝင် သေဆုံးသူ ၄၀ ကျော်ရှိလာပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Mandalay Free Press – MFP က ရေးသား ထားပါတယ်။
Mandalay Free Press – MFP ရဲ့ သတင်း>>> https://bit.ly/4gU31xO

ဒါ့အပြင် The Irrawaddy သတင်းဌာနရဲ့ သတင်းထဲမှာဆိုရင်လည်း ချောင်းဦးမြို့နယ် ဆီမီးသပိတ် ဗုံးကြဲခံရမှုဖြစ်စဉ်မှာ၂၀ ဦးထက်မနည်း သေဆုံးပြီးတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအများ အပြားပါဝင်တယ်လို့ ရေးသားထားပါတယ်။
The Irrawaddy သတင်းဌာနရဲ့ သတင်း>>>https://bit.ly/3KImpln

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် ချောင်းဦးမြို့နယ်က ဆီမီးသပိတ်ဗုံးကြဲ ခံရမှုဖြစ်မှာ သေဆုံးသူတွေဟာ ပြည်သူတွေမဟုတ်ဘဲ လက်နက်ကိုင် PDF တွေဖြစ်တယ်ဆိုပြီး စစ်လော်ဘီ Kyaw Swar တယ်လီဂရမ်ချယ်နယ်က ဖြန့်ဝေထားတာက ပြည်သူလူထုအပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့အတွက် လိမ်လည်လှည့်ဖြား ပြီး ပုံဖော်ထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

အကြံပြုချက်

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။

Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #ဆီမီးသပိတ် #ဗုံးကြဲ #သီတင်းကျွတ်မီးထွန်းပွဲ