FACT CHECK| မန္တလေး PDF က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ဥာဏ်ရည်မပြည့်မီတဲ့သူတွေကို တပ်သားအဖြစ် စုဆောင်းနေတယ်ဆိုပြီး ပုံဖျက်ထားတဲ့ သတင်းအမှား

လူမှုကွန်ရက်တခုဖြစ်တဲ့ တယ်လီဂရမ်ပေါ်မှာ စစ်တပ်အားပေးထောက်ခံတဲ့ လော်ဘီချယ်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦးချယ်နယ်ကနေ မန္တလေးPDF အဖွဲ့နဲ့ပတ်သက်ပြီး ပုံဖျက်ထားတဲ့ သတင်းအမှားတခုကို ဖြန့်ဝေနေပါတယ်။

အဲ့ဒီပို့စ်ရဲ့ အကြောင်းအရာကတော့ မန္တလေး PDF က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ဥာဏ်ရည် မပြည့်မှီတဲ့သူတွေကို အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးပြီး တပ်သားအဖြစ် စုဆောင်းနေတယ်ဆိုပြီး လုပ်ကြံဖန်တီးပြီး ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာကတော့ (မူရင်းအတိုင်း)  ” MDY-PDF အကြမ်းဖက်အဖွဲ့က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ကျပ်မပြည့်တဲ့သူတွေကို အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီး လူသစ်စုဆောင်းပြီး တိုက်ပွဲတွေအတွင်း ရှေ့ဆုံးကနေ အသေခံတိုက်ခိုင်းကာ ထိုးကျွေးချနင်း စတေးနေတယ်လို့ သိရပါတယ်…အဲဒီလိုမျိုး လူသားဒိုင်းကာလုပ်ပြီး ထိုးကျွေး ချနင်း စတေးနေတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ကျပ်မပြည့်တဲ့သူတွေ အများအပြား သေဆုံးခဲ့ရပြီဆိုပဲ..” ဆိုပြီး ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

သတင်းအမှားလင့်ခ်>> https://archive.ph/wFlPM 


ဒီအကြောင်းအရာကို အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာတော့ လုပ်ကြံဖန်တီးပြီး ပုံဖျက်ထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။


အချက်အလက်စိစစ်ချက် 

◾️ပို့စ်မှာ ဖြန့်ဝေထားတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ဥာဏ်ရည်မပြည့်မီသူတွေကို အတင်းအဓမ္မခြိမ်းခြောက်ပြီးတပ်သားအဖြစ်စုဆောင်းတယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး  အချက်အလက်စိစစ်ကြည့်လိုက်တဲ့အခါမှာ ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။

◾️PDF တပ်ရင်းတပ်ဖွဲ့တွေ အားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးမူဝါဒဖြစ်တဲ့ နိုင်ငံတကာက လက်ခံထားသည့် ဥပဒေများ၊ ကျင့်ထုံးများကို လိုက်နာခြင်းဆိုတဲ့ အချက်အတိုင်း ကျင့်သုံးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ MOD ရဲ့ စည်းမျဉ်းတွေကို ဒီမှာဖတ်ရှုနိုင်ပါတယ်။
https://bit.ly/3SAaJSA 

◾️ပို့စ်မှာ ဖြန့်ဝေထားတဲ့ ပုံတွေကို စစ်ဆေးရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ ကလေးစစ်သားလို့ ဆိုထားတဲ့ ဓာတ်ပုံတခုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၂/က သင်တန်းဆင်းပွဲပုံရိပ်တွေထဲက ၁ပုံဖြစ်ပြီး ကလေးစစ်သားလည်း မဟုတ်ပါဘူး။ အဲ့ဒီသင်တန်းဆင်းပွဲရဲ့ အကြောင်းကို ထုတ်ပြန်ထားတဲ့ MDY -PDF ရဲ့ ထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3SvFJDg 

သုံးသပ်ချက် 

ဒီအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ စစ်လော်ဘီတယ်လီဂရမ်ချယ်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦးချယ်နယ်က ဖြန့်ဝေထားတဲ့ မန္တလေး PDF က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ဥာဏ်ရည်မပြည့်မီတဲ့သူတွေကို တပ်သားအဖြစ် စုဆောင်းနေတယ်ဆိုတဲ့ အချက်ဟာ ယုတ္တိမရှိကြောင်း ထင်ရှားပေါ်လွင်ပါတယ်။

ဒါ့အပြင် ဖြန့်ဝေထားတဲ့ချယ်နယ်ဖြစ်တဲ့‌ ဟန်ငြိမ်းဦးတယ်လီဂရမ်ချယ်နယ်ဟာ ဆိုရင်လည်း သတင်းအတု သတင်းအမှားတွေနဲ့ တော်လှန်ရေးကို ပုံဖျက်တဲ့ အကြောင်းအရာတွေကို ဖြန့်ဝေနေတဲ့ချယ်နယ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာဟာ  လုပ်ကြံဖန်တီးပြီး ပုံဖျက်ထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရမှာ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာတိုင်းကို အလွယ်တကူ လက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။