FACT CHECK| ပုံအဟောင်းတွေအသုံးပြုပြီး NUG လက်အောက်ခံ PDFတွေက ပြည်သူပိုင်ပစ္စည်း ခိုးယူနေတယ်ဆိုပြီး သတင်းအမှားဖြန့်

Fact-check_  Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)

စက်တင်ဘာ ၁၆ ၊ ၂၀၂၅

NUG လက်အောက်ခံ PDF တွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အခက်တွေ့နေတယ်ဆိုတဲ့ ဇာတ်ကြောင်းနဲ့ ဖြန့်ဝေနေတဲ့ အကြောင်းအရာတခု  ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က သတိပြုမိခဲ့ပါတယ်။ ဖြန့်ဝေထားတဲ့အကြောင်းအရာကတော့ “NUG လက်အောက်ခံ အကြမ်းဖက် PDF များက ပြည်သူပိုင်ပစ္စည်းများကို ထဘီကအစခိုးယူနေသည့်အတွက် ပြည်သူများအခက်တွေ့နေ..တချို့PDFတွေဆိုရင် လှေကားအခြေမှာရှိတဲ့ အုန်းဆံခြေသုတ်ခုံများကိုပင် ဓါးပြတိုက်ယူနေ” ဆိုတဲ့စာသားနဲ့အတူ   လက်နက်ကိုင်ဆောင်ထားတဲ့သူအချို့က ပစ္စည်းတွေရွှေ့ပြောင်းနေတဲ့ ပုံတွေပါဝင်သော  Screenshot တခုနဲ့ အတူပူးတွဲဖြန့်ဝေထားတာဖြစ်ပါတယ်။  ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက် က လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


ဖြန့်ဝေထားတဲ့အကြောင်းအရာ Web Archive Link >>> https://archive.ph/vTnCo 

 

အချက်အလက်စိစစ်ချက် 

 

ဖြန့်ဝေထားတဲ့ပို့စ်ရဲ့ Screenshot ထဲမှာတွေ့ရတဲ့  “မြို့တော်”နာမည်နဲ့ဖွင့် လှစ်ထားတဲ့ မီဒီယာက တင်ထားတဲ့အကြောင်းအရာ မှန်/မမှန် ကိုစိစစ်နိုင်ဖို့အတွက်   Facebook Search မှာ “မြို့တော် “ စကားလုံးနဲ့ ရှာဖွေကြည့် လိုက်တဲ့အခါမှာတော့ “မြို့တော်” နာမည်နဲ့ဖွင့်လှစ်ထားတဲ့ သတင်းမီဒီယာစာမျက်နှာ တခုတွေ့ရှိရပြီး အဲ့ဒီသတင်းမီဒီယာစာမျက်မှာတော့  ဖြန့်ဝေထားတဲ့ပို့စ်မှာအသုံးပြုထားသည့် Screenshot ထဲက အကြောင်းအရာကို ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။ 

 

မြို့တော်သတင်းမီဒီယာဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပေါ်ပေါက်လာခဲ့တဲ့ နေပြည်တော် ဒေသ အခြေပြု သတင်းမီဒီယာတခုဖြစ်ပါတယ်။ အဲ့ဒီသတင်းမီဒီယာစာမျက်နှာမှာ တင်ထားတဲ့သတင်းနဲ့ ဖြန့်ဝေထားတဲ့ ပို့စ်ရဲ့ Screenshot မှာပါဝင်တဲ့အကြောင်းအရာဟာ ကွဲလွဲနေတာကိုလည်း တွေ့ရှိရပါတယ်။ မြို့တော်သတင်းဌာနက တင်ထားတဲ့သတင်းကတော့ “ပြည်သူလူထုရဲ့ ပစ္စည်းတွေကို အနိုင်ကျင့် ဖမ်းဆီးထိန်းသိမ်းတာတွေမပြုလုပ်ကြဖို့နဲ့ မြေပြင်သတင်းနဲ့ နေ့စဥ်သိရှိနိုင်ရေး ဆောင်ရွက်သွားကြဖို့ကို မြိုင်-ပကဖက အသိပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ထုတ်ပြန်ချက်ကို ပူးတွဲဖော်ပြပြီး သတင်းရေးသားထားတာတွေ့ရပါတယ်။ ဒါကြောင့်ဖြန့်ဝေထားတဲ့ Screenshotမှာပါဝင်သည့် အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ 

မြို့တော်သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>>> https://bit.ly/4nBztaA 

 

ဖြန့်ဝေထားတဲ့ပို့စ်မှာပါဝင်တဲ့ Screenshot က ပုံတွေကို Google မှာ ပုံတွေကိုရှာဖွေစိစစ်တဲ့နည်းလမ်းနဲ့ စိစစ် ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ပုံအဟောင်းတွေဖြစ်ပြီး ဖော်ပြထားတဲ့အကြောင်းအရာနဲ့ ကွဲလွဲနေတာ ကိုတွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ပို့စ်ထဲမှာ စွပ်စွဲထားသလို PDF တွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ နေတဲ့ပုံမဟုတ်ဘဲ ၂၀၂၂ခုနှစ် မေလ၄ ရက်နေ့က ကနီမြို့နယ်၊ ဝင်းမနားနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်ရှင်းလင်းခဲ့စဉ်က ပစ္စည်းတွေကိုသိမ်းယူနေတဲ့ ပုံတွေဖြစ်ပါတယ်။ အဲ့ဒီတုန်းက သတင်းဖော်ပြခဲ့တဲ့သတင်းဌာနတွေရဲ့ သတင်းတွေမှာလည်း အဲ့ဒီပုံတွေကို မြင်တွေ့ရနိုင်ပါတယ်။ အောက်ကလင့်ခ်တွေမှာ သတင်းဌာနရဲ့ သတင်းဖော်ပြမှုတွေကိုကြည့်ရှုနိုင်ပါတယ်။ 

လူထုနွေဦးသတင်းဌာနရဲ့သတင်းဖော်ပြမှု>>> https://bit.ly/4mY8yWq 

Khit Thit Media ရဲ့သတင်းဖော်ပြမှု>>> https://bit.ly/4nvEQI2 

 

ဒါ့အပြင် လက်ရှိဖြန့်ဝေထားတဲ့ အဲ့ဒီဓာတ်ပုံတွေကို အသုံးချပြီး အရင်ကလည်း သတင်းအမှားတွေဖြန့်ဝေခဲ့ဖူးပြီး အချက်အလက်စစ်ဆေးသည့် အဖွဲ့အစည်းတခုဖြစ်တဲ့ fact crescendo ကလည်း ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ အချက်အလက်စစ် ဆေးခဲ့ဖူးပါတယ်။ 

fact crescendo ရဲ့ အချက်အလက်စစ်ဆေးထားမှု>>>https://bit.ly/4n6nmm7 

 

သုံးသပ်ချက် 

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စိစစ်ကြည့်လိုက်မယ်ဆိုရင် ဖြန့်ဝေထားတဲ့အကြောင်း အရာဖြစ်တဲ့ NUG လက်အောက်ခံ PDF တွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အခက်တွေ့နေတယ်ဆိုတဲ့ အကြောင်းအရာဟာ ပုံအဟောင်းတွေကိုအသုံးပြုပြီး ပြုပြင်ဖန်တီးထားတဲ့ Screenshotနဲ့အတူ လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားဖြစ်တယ်ဆိုတာ ကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ 

 

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရှိရတဲ့ သတင်းအကြောင်းအရာတိုင်းကို အလွယ်တကူလက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်း အမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #PDF #NUG