Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
စက်တင်ဘာ ၁၅ ၊ ၂၀၂၅
TNLA ရဲ့ သူနာပြုဆရာမ အယောက် ၃၀ စကမ ရဲ့ ဒရုန်းကြောင့် အကုန်ကျဆုံးသွားတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအကြောင်းအရာတခုဟာ လူမှုမီဒီယာဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့ကတွေ့ရှိထားပါတယ်။ အဲ့ဒီအကြောင်းအရာကို စတင်ဖြန့်ဝေထားတဲ့ စာမျက်နှာက တော့ “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့စာမျက်နှာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး စစ်တပ်လော်ဘီ စာမျက်နှာတချို့ကပါ ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေနေကြပါတယ်။ ဒီအကြောင်းအရာဟာ ပျံ့နှံ့မှုအားကောင်းနေပြီး မှတ်ချက်တွေထဲမှာဆိုရင် လူမျိုးရေးအရ အမုန်းစကားပြောဆိုမှုတွေပါ ရှိနေတာတွေ့ရှိရပါတယ်။ ဖြန့်ဝေထားတဲ့ပို့စ်တွေကိုအောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
Link 1 >>> https://archive.is/d9GBr
Link 2 >>> https://archive.is/wip/gzbmf
အချက်အလက်စိစစ်ချက်
ဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ “ TNLAရဲ့သူနာပြု ဆရာမ အယောက် ၃၀ စကမရဲ့ ဒရုန်းကြောင့်အကုန်ကျဆုံးသွားတယ်” ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာလုပ်ငန်းစဉ်တိုင်း လုပ်ဆောင်နေတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ သတင်းဖော်ပြထားတာမျိုးလုံးဝမတွေ့ရပါဘူး။
ဖြန့်ဝေထားတဲ့ပုံမှာအသုံးပြုထားတဲ့ဓာတ်ပုံကို Reverse Image Search နဲ့ရှာဖွေလိုက်တဲ့အခါမှာတော့ အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တခုရဲ့ဓာတ်ပုံဖြစ်ပြီး စစ်တပ်လော်ဘီချယ်နယ်တွေမှာ မကြာခဏ ဆိုသလို အသုံးပြုလေ့ရှိတဲ့ဓာတ်ပုံဖြစ်ပါတယ်။ အဲ့ဒီပုံအဟောင်းကိုအသုံးပြုပြီး ဖြန့်ထားတဲ့ သတင်းအမှားတခုကို အချက်အလက်စစ်ဆေးတဲ့ဝဘ်ဆိုဒ်တခုဖြစ်တဲ့ Boom Myanmar က ၂၀၂၄ ခုနှစ် မတ်လ တုန်းက အချက်အလက်စစ်ဆေးခဲ့ဖူးပါတယ်။
Boom Myanmar မှ အချက်အလက်စစ်ဆေးထားတဲ့ Link >>> https://bit.ly/41Pk2TJ
ဒါ့အပြင်ဖြန့်ဝေထားတဲ့ပုံဟာဆိုရင် ရှမ်းပြည်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနက ဖြန့်ဝေထားတဲ့ပုံစံနဲ့ တုပပြုလုပ်ဖြန့်ဝေထားတာကိုလည်းတွေ့ရှိရပါတယ်။ သျှမ်းသံတော် ဆင့်သတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်နဲ့ဖေ့ဘွတ််ခ်စာမျက်နှာတွေမှာလည်း အဲ့ဒီအကြောင်းအရာကိုဖော်ပြထား တာမျိုးလုံးဝမတွေ့ရပါဘူး။
သျှမ်းသံတော်ဆင့်ဝဘ်ဆိုက်ဒ်>>> https://bit.ly/465c23y
သျှမ်းသံတော်ဆင့် ဖေ့ဘွတ်ခ်>>> https://bit.ly/4n0w8Sn
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် “TNLAရဲ့သူနာပြု ဆရာမ အယောက် ၃၀ စကမရဲ့ ဒရုန်းကြောင့်အကုန်ကျဆုံးသွားတယ် “ ဆိုတဲ့အကြောင်းအရာဟာ ဒေသတွင်း သတင်းမီဒီယာ ဖြစ်တဲ့ သျှမ်းသံတော်ဆင့်သတင်းဌာန ကိုတုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထား တဲ့သတင်းအမှားဖြစ်တယ် ဆိုတာကိုတွေ့ရှိနိုင်ပါတယ်။
ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့စာမျက်နှာဟာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေနိုင်တဲ့အကြောင်းအရာတွေကို ဖြန့်ဝေဝါဒဖြန့်နေတဲ့ ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာ တခုဖြစ် ပြီး စာမျက်နှာကိုထိန်းချုပ်ထားတဲ့ Admin အကောင့် ၁ခုရှိပြီး ထိုင်းနိုင်ငံကနေ ထိန်းချုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီစာမျက်နှာက ဖြန့်ဝေထားတဲ့အကြောင်းအရာတွေကို သတိပြုဖတ်ရှုဖို့ အတွက်လည်း တိုက်တွန်းချင်ပါတယ်။ အဲ့ဒီစာမျက်နှာကဖြန့်ဝေထားတဲ့ သတင်းအတု သတင်းအမှားတွေကို အချက်အလက်စစ်ဆေးထားတဲ့ပို့စ်တချို့ကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဂုတ်ထိပ်တံတားကို မိုင်းခွဲရန် ပြင်ဆင်နေဆိုပြီး သက်သေအတုဖြင့် သတင်းအမှားဖြန့်
>>> https://bit.ly/4mlvg9Y
TNLA ဗိုလ်ချုပ်တားဘုန်းကျော်မှ မန္တလေး PDF ခေါင်းဆောင်များကို ပြစ်တင်ရေးသားထားသည့် Photoshop ပိုစ့်အတု
>>>https://bit.ly/4goG7i3
ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေးသယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟုသတင်းအမှားဖြန့် >>> https://bit.ly/4nwXKP1
စာဖတ်ပရိသတ်တွေအနေနဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရှိရတဲ့ သတင်းအကြောင်းအရာတိုင်းကို အလွယ်တကူလက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်း အမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #TNLA