မေလ ၂၉ ရက်နေ့ ၂၀၂၅ ခုနှစ်မှာ လူမှုကွန်ရက် ဆိုရှယ်မီဒီယာဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းတခုကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ သတိပြုမိခဲ့ပါတယ်။ ဒီပျံ့နှံ့လာတဲ့ သတင်းအကြောင်းအရာကတော့ “ဆော်ဒီကိုဘုရားဖူးသွားတဲ့ လေယာဉ်တစင်းဟာ ပင်လယ်ထဲကိုပျက်ကျခဲ့တဲ့အတွက် ဘုရားဖူးအစ္စလာမ်ဘာသာဝင် ၂၂၀ ကျော်သေဆုံးတယ်” ဆိုတဲ့သတင်းအကြောင်းအရာဖြစ်ပါတယ်။ အဲ့ဒီသတင်းအကြောင်းအရာကို Oo Kyaw Zay Oo ဆိုတဲ့ ဖေ့ဘုတ်ခ်အကောင့်က ဖေ့ဘွတ်ခ်ပေါ်မှာ မေလ ၂၉ရက် ၂၀၂၅ ခုနှစ် မွန်းလွဲ ၂နာရီ မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ Like ၂၅၀၀ ကျော်၊ Share ၃၁၀၀ ကျော် View ၅သိန်းကျော်နဲ့ ပျံ့နှံ့နေခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ မူရင်းပို့စ် ကတော့ “ဆော်ဒီကို ဘုရားဖူးလိုက်ပါလာတဲ့ အစ္စလာမ်ဘာသာဝင် ၂၂၀ကျော်ဟာ မေလ၂၉ရက်ဒီနေ့ လေယာဉ်ပျက်ကျမှုကြောင့် အားလုံးသေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်” ဆိုတဲ့စာသားနဲ့ အတူ လေယာဉ်တစင်းရေထဲမြုပ်နေတဲ့ဗီဒီယိုကလစ်နဲ့အတူဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ပို့စ်ကို ဒီလင့်ခ်တွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
မူရင်းလင့်ခ်>> https://bit.ly/43raSfW
Archived လင့်ခ်>>https://archive.ph/IBzQN
အချက်အလက်စိစစ်ချက်
◼️ဆော်ဒီကိုဘုရားဖူးသွားတဲ့လေယာဉ်ပျက်ကျတယ်ဆိုတာနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ကမ္ဘာ့ထိပ် တန်းသတင်းဌာနတွေမှာ သတင်းအနေနဲ့ ဖော်ပြထားသလားဆိုတာကို Google မှာ Keywords တွေနဲ့ရိုက်ရှာကြည့်တဲ့ အခါမှာတော့ သတင်းဖော်ပြထားတာမျိုးလုံးဝမရှိပါဘူး။
◼️ဒီပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်နိုင်ဖို့အတွက် ဗီဒီယိုကလစ်မှာပါတဲ့ လေယာဉ်ကိုယ်ထည်ရေထဲနစ်မြုပ်နေတဲ့ပုံကို Google Lens ကနေတဆင့်ရှာဖွေ ကြည့်လိုက်တဲ့အခါ ထပ်တူညီတဲ့ပုံရိပ်တွေ အများအပြားတွေ့မြင်ရပါတယ်။ မြင်တွေ့ရတဲ့ ပုံတွေကနေတဆင့် ထပ်မံရှာဖွေစိစစ်ကြည့်တဲ့အခါ၊ ၂၀၁၉ခုနှစ်ကတည်းက ဒီဗီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာရှိနေတယ်ဆိုတာ မြင်တွေ့ရပါတယ်။ DiveMagazine ရဲ့ Youtube ပေါ်မှာရှိတဲ့ဗီဒီယိုအပြည့်အစုံမှာတော့ အခုပျံ့နှံ့နေတဲ့ဗီဒီယိုထဲမှာပါတဲ့ရုပ်တွေ အသံတွေနဲ့ထပ် တူညီနေတာတွေ့ရပါတယ်။
ဗီဒီီယိုကြည့်ရှုရန်လင့်ခ်>>> https://bit.ly/4mCWQ3A
◼️ဒီအကြောင်းအရာရဲ့ ဖြစ်စဉ်ကတော့ ၂၀၁၉ခုနှစ် ဇွန်လ အတွင်းက တူရကီနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပျက်ကျမှုတခုလည်းမဟုတ်ပါဘူး။ တူရကီလေကြောင်းလိုင်းကနေအနားပေးလိုက်တဲ့ Airbus A330 လေယာဉ်ကို ရေအောက်ရှုခင်းကြည့်တဲ့ခရီးသွားကိုဆွဲဆောင်နိုင်ဖို့အတွက် Ibrice ဆိပ်ကမ်းကနေ ရေမိုင် ၁မိုင်ခန့်အကွာ ရေအနက်မီတာ ၃၀ အောက်ကိုနှစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို အဲ့ဒီ အချိန်က ကမ္ဘာ့သတင်းတွေမှာဖော်ပြခဲ့ပါတယ်။
ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့တဲ့သတင်းကို ဒီလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။
Link >>https://bit.ly/4546aYh
သတင်းသုံးသပ်ချက်
အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ မေလ ၂၉ ရက်နေ့ ၂၀၂၅ ခုနှစ်တွင် ဆော်ဒီကိုသွားတဲ့ဘုရားဖူးလေယာဉ်ပျံ ပျက်ကျမှုကြောင့် လူ ၂၂၀ ကျော်သေဆုံးတယ်ဆိုတဲ့သတင်းက တခြားနေရာဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ မတူညီတဲ့အဖြစ်အပျက်တစ်ခုရဲ့ ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး ဖန်တီးဖြန့်ဝေထားတဲ့သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နေတဲ့ ဆော်ဒီကိုဘုရားဖူးသွားတဲ့လေယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်းအကြောင်းအရာက တခြားအကြောင်းအရာဖြစ်ရပ်တခုနှင့် ချိတ်ဆက်ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆို တာကို စစ်ဆေးဖော်ထုတ်ပေးလိုက်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။