Fact-check – Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
ဇူလိုင် ၁၈ ၊ ၂၀၂၅
Facebook လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့စ်တခုကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က သတိပြုမိတဲ့အတွက် အချက်အလက်စစ်ဆေးထားပါတယ်။ အဲ့ဒီပျံ့နေတဲ့ပို့စ်ရဲ့ အကြောင်းအရာကတော့ ယင်းမာပင် PDF အဖွဲ့ဆီကနေ CDF ဟားခါးက သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ဟန်ပြလောက်ပဲဖျက်ဆီးပြီး ကျန်တဲ့ မူးယစ်ဆေးဝါးတွေကို CDF ဟားခါးက အိန္ဒိယနိုင်ငံထဲမှာသွားရောင်းတဲ့အတွက် မီဇိုရမ်ရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်တယ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ Facebook အကောင့်ကတော့ Henry Aung ဆိုတဲ့အကောင့်ဖြစ်ပြီး အဲ့ဒီပို့စ်ဟာ Like ၇၀၀ နီးပါးနဲ့ Share ၁၃၀ ကျော်ထိပျံ့နှံ့နေတာဖြစ် ပါတယ်။ ဖြန့်ဝေထားတဲ့ ပို့စ်ကို ဒီလင့်ခ် မှာ ကြည့်ရှုနိုင်ပါတယ်။
Web Archived Link>>https://archive.ph/iPNxb
အချက်အလက်စိစစ်ချက်
ပျံ့နှံ့နေတဲ့ ပို့စ်မှာ ရေးသားထားတဲ့ CDF ဟားခါးအဖွဲ့ဟာ ယင်းမာပင် PDF အဖွဲ့ဆီက သိမ်းယူထားတဲ့ မူးယစ်ဆေးဝါးတွေကို အိန္ဒိယနိုင်ငံမှာ ပြန်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေမတွေ့ရပါဘူး။ အိန္ဒိယအခြေစိုက်သတင်းဌာနကြီးတွေနဲ့ ဒေသတွင်းသတင်းဌာနတွေမှာလည်း သတင်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။
မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်တွေမှာလည်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဆီက မူးယစ်ဆေးဝါးဖမ်းဆီးရမိတယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးမတွေ့ရပါဘူး။ အိန္ဒိယမီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာကို ဒီလင့်ခ်မှာသွားကြည့်နိုင်ပါတယ်။
>>> https://bit.ly/3IBD751
ချင်းပြည်နယ်အတွင်းက ဒေသတွင်းသတင်းဌာနဖြစ်တဲ့ zalen media ကလည်း ချင်းဘာသာနဲ့ပျံ့နှံ့နေတဲ့ CDF ဟားခါးအဖွဲ့က အိန္ဒိယနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းချလို့ အဖမ်းခံရတယ်ဆိုတဲ့သတင်းကို အချက်အလက်စစ်ဆေးပေးထားပါတယ်။ Zalen ရဲ့ အချက်အလက်စစ်ဆေးချက်ထဲမှာတော့ ဖမ်းဆီးခံရတာက အရပ်သားတဦးဖြစ်ပြီး အဲ့ဒီဖြစ်စဉ်ဟာ ဧပြီလ အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး CDF ဟားခါးအဖွဲ့နဲ့ မသက်ဆိုင်ဘူးဆိုတာကို စစ်ဆေးထားပါတယ်။ Zalen ရဲ့ အချက်အလက်စစ်ဆေးထားတဲ့ ပို့စ်ကို ဒီလင့်ခ်မှာသွားဖတ်နိုင်ပါတယ်။
>>>https://bit.ly/3TMO2v2
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အတိုင်းအချက်အလက်စိစစ်လိုက်မယ်ဆိုရင် ယင်းမာပင် PDF အဖွဲ့ဆီက သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို CDF ဟားခါးအဖွဲ့က အိန္ဒိယနိုင်ငံမှာပြန်သွားရောင်းတဲ့ အတွက်အိန္ဒိယ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအကြောင်းအရာဟာ မှားယွင်းချိတ် ဆက်ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာတိုင်းကို အလွယ်တကူ လက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် Real or Not ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #မူးယစ်ဆေး #အချက်အလက်စစ်ဆေးခြင်း