FACT CHECK| NLD အစိုးရလက်ထက်က နိုင်ငံခြားသားမွေးစားခွင့် ဥပဒေပြဌာန်းခဲ့ဆိုတဲ့ သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)

စက်တင်ဘာ ၃၀ ၊ ၂၀၂၅ 

အနှစ်ချုပ်အကြောင်းအရာ 

NLD အစိုးရလက်ထက်တုန်းက မြန်မာနိုင်ငံကို မွတ်ဆလင်နိုင်ငံ ဖြစ်လာစေဖို့အတွက် နိုင်ငံခြားသား မွေးစားခွင့် ဥပဒေကို ပြဌာန်းခဲ့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့  လုပ်ကြံဖန်တီးထားသော သတင်းအမှားကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေ က အချက်အလက်စစ်ဆေး ပေးထားပါတယ်။

 

ဖြန့်ဝေထားမှု 

လူမှုမီဒီယာဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ Ba Gyi အမည်နဲ့ ဖွင့်လှစ်ထားတဲ့ အကောင့်ကနေ စက်တင်ဘာ ၂၇ရက်နေ့တုန်းက   “မြန်မာနိုင်ငံကို ကုလားဇတ်သွင်းဖို့ ဒုက္ခသယ်လက္ခံရေး လက်မှတ်ထိုးနိုင်ငံခြားသားမွေးစားခွင့် ဥပဒေပြဌာန်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် OIC  ငွေတွေ ပုံအေားပြီး ထောက်ပံစနစ် အကွက်ကျကျ ပုံဖော်သွားတာ နီပိန်း နီပိတ် ပတ်မများ သိကြလား ” (မူရင်းသတ်ပုံအတိုင်း) စာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ပူးတွဲချိတ်ဆက်ရေး သားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ Share ပြုလုပ်သူ ၂၉၀ကျော်နဲ့ပျံ့နှံ့နေပါတယ်။ 

အချက်အလက်စစ်ဆေးချက် 

ဖြန့်ဝေထားတဲ့ အကြောင်းအရာဖြစ်တဲ့ နိုင်ငံခြားသားမွေးစားခွင့် ဥပဒေကို NLD အစိုးရလက်ထက်တုန်းက ပြဌာန်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို အချက်အလက်စစ်ဆေးဖို့ အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ သတင်းဖော်ပြထားလားဆိုတာမျိုးကို ရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ နိုင်ငံခြားသားမွေးစားခွင့်ဥပဒေကို ပြဌာန်းထားတာမျိုး လုံးဝမရှိခဲ့ပါဘူး။  


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တုန်းက  ပြည်ထောင်စု လွှတ်တော်ကနေ ပြဌာန်းခဲ့တဲ့ ဥပဒေကတော့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ အဲဲ့ဒီဥပဒေထဲမှာပါဝင်တဲ့ အခန်း (၈)  ကလေးသူငယ်ကိုမွေးစားခြင်း ဆိုတဲ့ အကြောင်းအရာပဲပါရှိပြီးတော့ နိုင်ငံခြားသားမွေးစားခွင့် ဆိုတဲ့ စကားလုံးမျိုးလုံးဝမပါရှိပါဘူး။ 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://bit.ly/3KunNrK 

ဒါ့အပြင် ဘီဘီစီသတင်းဌာနနဲ့ ဒေါက်တာမြတ်ဥာဏစိုးတို့  ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးမွေးစားလိုက်တာနဲ့ နိုင်ငံသားဖြစ်ခွင့် ရမယ်ဆိုတာ လုံးဝမှားယွင်းပြီး တမင်သက်သက် အမုန်းစကား ဖြန့်ဖြူးနေတာမျိုးဖြစ်တယ်လို့ ပြောဆိုထားဖူးပါတယ်။

BBC သတင်းဌာနရဲ့ အင်တာဗျူး >>> https://bit.ly/48FBQEU 

 

NLD အစိုးရလက်ထက်တုန်းက  နိုင်ငံခြားသားမွေးစား ခွင့်ဥပဒေပြဌာန်းခဲ့တယ် ဆိုတဲ့သတင်းအတု သတင်းအမှားဟာ မကြာခဏဆိုသလို ပြန်လည်ဖြန့်ဝေလေ့ရှိပြီး ၂၀၂၃ ခုနှစ်တုန်းကလည်း  မဇ္ဈိမ သတင်းဌာနက ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်းကို အချက်အလက်စစ်ဆေး ထားဖူးပါတယ်။ 

မဇ္ဈိမ သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးထားမှု>>> https://bit.ly/478mXJ9 

 

သုံးသပ်ချက် 

အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေနဲ့ စိစစ်ကြည့်လိုက်ရင် NLD အစိုးရလက်ထက်တုန်းက  နိုင်ငံခြားသားမွေးစားခွင့် ဥပဒေပြဌာန်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားသော သတင်းမှား ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။


အကြံပြုချက် 

 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း  #NLD #နိုင်ငံခြားသားမွေးစားခွင့်ဥပဒေ