သုတေသန နောက်ခံ
၂၀၂၁ နောက်ပိုင်း အခြေအနေသစ်များထဲမှ ပြည်သူ့ရပ်ဝန်း- Civic space တွင် ကြုံနေရသော ချုပ်ချယ်မှုများ
ယခုကာလကဲ့သို့ ပဋိပက္ခအကဲဆက်သည့် အချိန်နှင့် နိုင်ငံရေး၊အုပ်ချုပ်ေရး အပြောင်းအလဲများဖြစ်ပေါ်နေသည့်ကာလတွင် သတင်းအချက်အလက် စီးဆင်းမှု လွန်စွာအရေးကြီးသည်။ ထိုနည်းတူစွာ ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လည်းကောင်း၊ သတင်းရယူခွင့်သည် လည်းကောင်းများစွာ ထိခိုက် နေသည်မှ အငြင်းပွားဖွယ်လဲမရှိပါ။ လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ (Independent Press Council Myanmar) ထံမှပင် ပြည်သူတို့၏ သတင်းရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့နှင့် စပ်လျဉ်းသော ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုကောင်စီ၏ ကြေညာချက်အမှတ် (၁၀/၂၀၂၄) ပြည်သူအကျိုးအလို့ငှာ သတင်း အချက်အလက်များစုစည်း၍ တင်ပြပေးရသော လုပ်ငန်း၊ ဖြန့်ဝေပေးရသော လုပ်ငန်းတို့ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် အခြေအနေမှာ စစ်ကောင်စီ၏ ဆက်တိုက်ဖိနှိပ်မှုများကြောင့် ပျက်ယွင်းခဲ့ရကြောင်း၊ “စစ်ကောင်စီအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့်လုပ်ရပ်များ ဖြစ်သည့် လိုင်စင် ပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်းတို့ကို အမြန်ဆုံး ရပ်တန့်ပြီး ဖမ်းဆီးထားသည့် သတင်း သမားများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်၊ အများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို တာဝန်ခံမှုရှိစွာ သတင်းသမားများ သတင်းရယူခွင့်ရှိစေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာ ဒေသများတွင် သတင်းသမားများအနေဖြင့် လွတ်လပ်စွာ သတင်းရယူခွင့်ရှိရန် အလေးအနက် တောင်းဆို”ပါကြောင်း ပါရှိသည့် ကြေညာချက်တစ်ရက်ကို စက်တင်ဘာလ ၁၄ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။[1]
ဤ ကြေညာချက်တွင် အများပြည်သူ၏ ရပိုင်ခွင့်အဖြစ် ပြည်သူတို့သည် လက်ရှိဖြစ်ပျက် နေသော တရားမမျှတမှု၊ မသမာမှု၊ မတရားမှုများကို သိရှိခွင့် ရှိသည်ဖြစ်ရာ ထို လူတိုင်းရရှိရမယ့် တန်းတူညီမျှသည့် အခွင့်အရေးတို့အတွက် သတင်းမီဒီယာများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်မရှိ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းကို ရှေးရှုတောင်းဆိုခဲ့သည်။
၂၀၂၄ခုနှစ်အတွင်းတွင် ကြီးမားသော ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သည့် သဘာဝဘေး အန္တရာယ်? ရေလွှမ်းမိုးမှု အဖြစ်အပျက်များနှင့် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများက အသက်အန္တရယ်နှင့် အခြားထိခိုက်မှုများကို ရှောင်ရှားနိုင်ရန် လူထုအတွက် သတင်းအချက်အလက် လက်လှမ်းမီမှု မည်မျှ အရေးကြီးသည်ကို ပိုမို တွေ့မြင်လာစေသည်။ ပြည်သူလူထုအတွက် လုံလောက်သည့် သတင်း အချက် အလက် များကို မထုတ်ပြန်ပေးနိုင်သည်များသည် နေရာတိုင်းလိုလိုပင် ကြုံတွေ့နေရသော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာဒေသများတွင်မူ လုံခြုံရေးအကြောင်းပြချက်များကြောင့် ပို၍ပင် ပြည်သူများ၏ သိပိုင်ခွင့်မှာ ပို၍ပင်အကန့်အသတ် ဖြစ်နေရသည်။ ဒေသတစ်ခုကို မည်သည့်အဖွဲ့အစည်းက ထိန်းချုပ်ထား နိုင်သည်ဖြစ်စေ ယခုအချိန်တွင် မည်သည့် အဖွဲ့အစည်းတစုံတရာကမျှ ပြည်သူတို့၏ ကြားသိပိုင်ခွင့်၊ ဒုက္ခကို ဖွင့်ဟ ပြောကြားနိုင်ခွင့်၊ မီဒီယာနှင့် ဆက်သွယ်နိုင်ခွင့်တို့ကို များစွာကန့်သတ်ထားသည်။ စစ်ကောင်စီ၏ ထိန်းချုပ်မှုမှ များစွာ လွတ်မြောက်ပြီးသည်ဟု ယူဆနိုင်သော လွတ်မြောက် နယ်မြေများ၌ပင် ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များနှင့် သတင်းရယူနိုင်သည့်အခြေအနေများ များစွာ အကန့်အသတ်ရှိသည်။ ထင်ရှားသည်မှာ ပြည်သူများရင်ဆိုင်ရသည့် အခက်အခဲက စစ်မဖြစ်သည့် ကာလအတွင်း ကပ်ဘေးကို ရင်ဆိုင်ရခြင်းထက် များစွာပို၍ ကူကယ်ရာမဲ့ရသည့်အခြေအနေဖြစ်သည်။
သို့ရာတွင် စစ်အာဏာသိမ်းပြီး ရက်ပိုင်းမှ စတင်ကာ စစ်ေကာင်စီ သည် ပြည်သူတို့၏ လွတ်လပ်ခွင့်ကို အဓိကထားကန့်သတ်ခဲ့သည်။ သတင်းမီဒီယာများကို နှိပ်ကွပ်ရန် သတင်းဌာနများကို လိုင်စင် ပိတ်သိမ်းခြင်း၊ သတင်းဌာနရုံးခန်းများကို သိမ်းဆည်းခြင်း၊ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခြင်း၊ သတင်းသမား နေအိမ်အချို့ကို ဝင်ရောက်စီးနင်းရန်ရှာခြင်း၊ သတင်းသမားများကို တရားစွဲ အကျဉ်းချထားခြင်း၊ မဆီလျော်သည့် ပုဒ်မများဖြင့် နှစ်ရှည်ပြစ်ဒဏ်များသတ်မှတ်ခြင်း၊ သတင်းဌာန ပိုင် ပစ္စည်းများကို သိမ်းယူခြင်းတို့၏ နောက်ဆက်တွဲတွင် ပြည်တွင်းမြေပြင်အခြေစိုက် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နိုင်သော သတင်း မီဒီယာများ၏ နေရာကွယ်ပျောက်သွားခဲ့ရသည်။ ပြည်ပတွင် အခြေစိုက် လုပ်ဆောင်ကြသည့် တိုင်အောင် မီဒီယာ လွတ်လပ်ခွင့်ကို အနည်းငယ် ခံစားခွင့်ရရှိခဲ့သည့် ၂၀၁၂- ၂၀၂၀ ရှစ်နှစ်တာ ကာလထက်စာလျှင် သတင်းများကို အကန့်အသတ်ဖြစ်သာ ရယူတင်ပြနိုင်ကြသည်။ စစ်ရေး၊ လုံခြုံရေးသတင်းများက သတင်းမီဒီယာများ၏ အာရုံကို အချိန်တိုင်း ဖမ်းဆုပ်မိထားနိုင်သော်လည်း အခြားသော အရေးအရာ များသည်လည်း နောက်ကောက်ကျခဲ့ရသည်။ တစ်ချိန်တည်းတွင် စစ်တပ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေးအတွက် ပြည်သူတို့၏ လွတ်လပ်ခွင့်အချို့ကိုလည်း သည်းခံ ခြိုးခြံကြရမည်ဟူသော အခြေအနေနှင့် တိုက်တွန်းချက်များသည်လည်း စိုးမိုးပေါ်ထွက်နေလေ့ ရှိရာ မီဒီယာများအနေနှင့် တော်လှန်ရေးပန်းတိုင်ကို ငဲ့၍ မိမိကိုယ်ကို ဆင်ဆာ ဖြတ်တောက်ကြ ခြင်းများလည်း ရှိသည်။ ထို့ပြင် ဒေသအသီးသီးက သတင်း ရယူရန်မှာ အခက်အခဲရှိပြီး သတင်းသမားများအနေဖြင့် ဖြစ်စဉ်၊ ဖြစ်ရပ်၊ အကြောင်းအရာများကို စုံစမ်းရေးသားရသည့် အခြေအနေများမှာ စိန်ခေါ်မှု အန္တရာယ်ကြီးမားလှသည့် အတွက် လျှို့ဝှက် သတင်း ယူနိုင်သော ဒေသခံ (နိုင်ငံသား) သတင်းထောက်များကို အားကိုးနေရသည့် မီဒီယာစနစ်တစ်ရပ်ပင် တွင်ကျယ်လာခဲ့သည်။ သာမန်ပြည်သူအများစုကမူ မီဒီယာနှင့် တိုက်ရိုက် ဆက်သွယ် ပြောဆိုရန် များစွာ တွန့်ဆုတ်လာခဲ့သည်။ မီဒီယာကို အမည်ရင်းဖြင့် ထုတ်ဖော် အကြောင်းကြားရန်ဝေးစွ ဆိုရှယ်မီဒီယာ ပေါ်တွင် ပေါ်ပေါ်ထင်ထင် ပြောဆိုရန်ပင် ကြောက်ရွံ့ရသည့် အနေအထားဖြစ်လာခဲ့သည်။
တစ်ဖက်တွင်လည်း အသစ်ပေါ်ပေါ်လာသည့် တော်လှန်ေရး အင်အားစုများ တိုက်ပွဲဝင် နေသော နယ်မြေများတွင်လည်း အုပ်ချုပ်သူအဖွဲ့အစည်းများအနေနှင့် အင်စတီကျူးရှင်းအသစ်များ တည်ဆောက် နေချိန်တွင် မည်မျှအထိ ဒီမိုကရေစီစံနှုန်းများကို ကျင့်သုံးခွင့်ရှိနေကြသနည်း၊ လုံခြုံရေးကို စိုးရိမ်ရသော အခြေအနေ အရပ်ရပ်ကြားတွင် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော ပြည်သူတို့၏ သတင်း အချက်အလက် ရပိုင်ခွင့်နှင့် ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် များ မည်မျှအထိ ခွင့်ပြုထား သနည်း၊ ပွင့်လင်းမြင်သာမှုကို မည်မျှအထိ အကောင်အထည် ဖော်နိုင်သနည်း ဆိုသော အချက်အလက်များကို သိရှိရန် ခက်ခဲလှသည်။ ထိုသို့ အုပ်ချုပ်ရေး စနစ်သစ်များ တည်ဆောက် လည်ပတ်ရာတွင် လည်းကောင်း၊ ထိုစနစ်များအောက်ပြည်သူတို့၏ သတင်းရပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ပေးအပ်ရာတွင်လည်းကောင်း ကြုံနေရသော အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ ကြားက ဆက်ဆံရေး – State Society Relations ကို စေ့ငုနိုင်ရန်အတွက် သုတေသနတစ်ရပ်ကို ဒေသခံတို့၏ အသံများဖြင့် ဆောင်ရွက်ရန် ပြင်ဆင်ခဲ့ပါသည်။
[1] Independent Press Council Myanmar (၂၀၂၄၊ စက်တင်ဘာ ၁၄)။ သတင်းလွတ်လပ်ခွင့်ကောင်စီ၏ သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၄)။ Facebook။ Retrieved from https://www.facebook.com/share/p/1AryTz8t8c/?mibextid=wwXIfr
Download – Myanmar Report