နိုင်ငံအဝန်း စစ်ရေးရှုံးနိမ့်မှုများစွာ စဉ်ဆက်မပြတ်ကြုံနေရသည့် အာဏာသိမ်းစစ်တပ်သည် အွန်လိုင်းပေါ်ရှိ ဝါဒဖြန့်ချိမှုစစ်ဆင်ရေးတွင် အရေးမနိမ့်စေရန်အတွက် ကြိုးပမ်းလျက်ရှိရာ အသွင်ပြောင်းသည့် ပုံစံဖြင့် Facebook Platform တွင် ပြန်လည်ခြေချလာပြီဖြစ်သည်။ သတင်းမှားဖြန့်ချိသူများအဖြစ် ကျော်ကြားသည့် စစ်ကောင်စီဆက်စပ်ဝါဒဖြန့်ချိရေး အကောင့်များ၊ အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်အကောင့်များသည် အာဏာသိမ်းရန်ကြိုးပမ်းကြံစည်သည့်ဖြစ်စဉ် နောက်ပိုင်းတွင် Facebook ပလက်ဖောင်း၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအရ ကြာရှည်ရပ်တည်ခွင့်မရခဲ့ပါ။ သို့ရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း Facebook၏ မူဝါဒအပြောင်းအလဲထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဆက်စပ် ကျော်ကြားသည့် ဝါဒဖြန့်ချိရေးအကောင့်များ Facebookပေါ်တွင် ပြန်လည်ခြေချလာခဲ့ပြီး စစ်ကောင်စီ၏ အသွင်ပြောင်းဖြန့်ချိလာသည့် သတင်းမှားဖြန့်ချိမှု ပုံစံများကို The Red Flag က သတိမူမိခဲ့ပါသည်။
၁။ Facebook ပလက်ဖောင်း ပေါ်တွင်ပြန်လည်နေရာချလာမှု
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွင်း Facebook၏ ပေါ်လစီအပြောင်းအလဲအား ကြေညာပြီးသည့်နောက် စစ်ကောင်စီဝါဒဖြန့်ချိသူများသည် ယင်းအကြောင်းအရာအား ချက်ချင်းသတိမူမိခဲ့ပြီး ၎င်းတို့၏သတင်းမှန်များ ပြန်လည်နေရာရလာပြီဟု ပြောဆို၊ ဖြန့်ချိမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက်သတင်းမှားဖြန့်ချိကြောင်း နာမည်ကြီးသည် Bad Actor Influencer အကောင့်များ ဖြစ်သည့် ကျော်စွာ၊ ကိုသက် နှင့် မှိုင်းဝေ တို့သည့် Facebook Platform သို့ ပြန်လည်ခြေချ၍ သတင်းမှား ဖြန့်ချိမှုများပြုလုပ်ရန် ကြိုးစားခဲ့ကြောင်း ယခုအချိန်တွင် အကောင့်များ ပြန်လည်ဖြုတ်ချထားသည်ကို တွေ့ရှိရပါသည်။
ယင်းကဲ့သို့ နာမည်ကြီး Bad Actor Accountများအား ၎င်းတို့သုံးစွဲနေကျ အမည်များအတိုင်း Facebookပေါ်တွင် မတွေ့ရတော့သော်လည်း တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေ ရေးသားချက်မျာအား တသွေမတိမ်းပြန်လည်ကူးယူကာ ဖော်ပြပေးနေသည့် အမည်ကွဲများစွာဖြင့် Facebook Account များကိုမူ စဉ်ဆက်မပြတ်တွေ့ရှိနေရပါသည်။ အောက်ပါဇယားတွင် ဥပမာအနေဖြင့် နမူနာ(၃)ခုအား Screenshots များဖြင့် ဖော်ပြထားပါသည်။
Facebook Platformရှိ အကောင့်များ
ထို့ပြင်၂၀၂၁ခုနှစ်၌ တယ်လီဂရမ်တွင်စတင်ခြေချခဲ့ပြီး အမည်ဆိုးဖြင့် ကျော်ကြားလာသည့် မန္တလေးမှ အမျိုဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် Ko Chit Mdy ဆိုသည့် အကောင့်သည် ၎င်း၏အမည်အတိုင်း Facebook အကောင့်တွင်အသုံးပြုပြီး ယခုအချိန်ထိ(မတ်လ-၅ရက်) သတင်းတု၊သတင်းမှားများ ဖြန့်ချိနေသည်ကို The Red Flagက တွေ့ရှိထားပါသည်။
၎င်းအသုံးပြုထားသည့် Facebookအကောင့်သည် ဩဂုတ်လ၊၂၀၂၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့်အကောင့် ဖြစ်သော်လည်း Ko Chit Mdyဆိုသည့် တယ်လီဂရမ်တွင် ကျော်ကြားသည့် Profileပုံအတိုင်း ပြောင်းလဲခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ(၁၈)ရက်တွင်မှ ဖြစ်ပါသည်။
ထူးခြားချက်မှာ ၎င်းအကောင့်မှ Like လုပ်ထားသည့် စာမျက်နှာများသည် ပြည်သူယုံကြည်သည့် သတင်းဌာနများနှင့် တော်လှန်ရေးတွင် လူသိများထင်ရှားသည့်သူများ၏ အကောင့်များ ဖြစ်ပါသည်။ ယင်းအကောင့်များကို နေ့စဉ်စောင့်ကြည့်ပြီး မှတ်ချက်၊ မျှဝေသည့် ပြည်သူများကို ဖမ်းဆီးရန် လှုံ့ဆော်ခြင်းများပြုလုပ်ခြင်း ဖြစ်နိုင်ချေများခြင်းကြောင့် သတိမူသင့်ပါသည်။
လုပ်ထားသည့် သတင်းဌာနနှင့် တော်လှန်ရေးထောက်ခံအကောင့်များ
၂။ အသွင်ပြောင်းဖြန့်ချိမှုများ
စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုယန္တရားတွင် ဩဇာလွှမ်းမိုးမှုရှိသောစာမျက်နှာများ၊ စစ်တပ်နှင့်နိုင်ငံပိုင်မီဒီယာ များ၊ မီဒီယာအယောင်ဆောင်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ သည် အချက်အခြာ ကျသော ဖြန့်ချိရေးလမ်းကြောင်းများအဖြစ်ပါဝင်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်တစ်ခုချင်းစီကို ပစ်မှတ်ထား အခြေပြု၍ ဖြန့်ဝေသည့် ဝါဒဖြန့်ချိရေးစာမျက်နှာများသည်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Information and Public Relations Department(IPRD)) ပုံစံတူအသွင်ယူကာ စစ်ကောင်စီနှင့် ၎င်းထောက်ခံသူများက ဖြန့်ဝေလိုသည့် အကြောင်းအရာများကို ဖြန့်ဝေလျက်ရှိနေသည်။ ယင်း ဒေသအခြေပြုစာမျက်နှာများကို စိစစ်လေ့လာကြည့်ရာ-
- ဒေသအခြေပြုအမည်နာမဖြင့်ဖန်တီးထားသည့် အကောင့်များ၊ Pageများနှင့် Groupများ
- လူမျိုးစုအမည်ကို အစွဲပြုသည့် ဖန်တီးထားသည့်အကောင့်များ၊ စာမျက်နှာများ
- လူသိများထင်ရှားပြီးသားဖြစ်သည့် သတင်းဌာနများအမည်ကို တုပ၍ ဖန်တီးထားသည့် စာမျက်နှာများ စသည်တို့ကို တွေ့ရှိရသည်။
ယင်းကဲ့သို့ ဒေသအမည်၊ တိုင်းရင်းသားမျိုးနွယ်စုများ အမည်ဖြင့် Facebookအကောင့်များဖြစ်သော်လည်း ဖြန့်ချိသည့် အကြောင်းအရာများသည် ဒေသခံများက ထုတ်ဖော်ရေးသားခြင်းထက် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားသည့် အသုံးအနှုန်း၊ အပြောအဆို၊ ပုံစံများနှင့် တူညီနေခြင်းရှိသည့် အပြင် ဝါဒဖြန့်စာမျက်နှာများက အကြောင်းအရာများကို ထပ်ဆင်မျှဝေခြင်းလည်း ပြုလုပ်လျက်ရှိကြောင်း The Red Flagအဖွဲ့က လေ့လာတွေ့ရှိထားပါသည်။
သို့သော် ပြည်သူများအနေဖြင့် ဒေသအခြေပြုအမည်များ ဖြစ်ခြင်း၊ တိုင်းရင်းသားအခြေပြု အမည်များဖြစ်ခြင်းကြောင့် ဖတ်ရှုယုံကြည်ပြီး မှတ်ချက်ပြုမျှဝေခြင်းများ ပြုလုပ်လေ့ရှိ၍ ပျံ့နှံ့မှုများပြားနေသည့် အတွက် သတိပြုသင့်ပြီး အန္တရာယ်ရှိခြင်းကြောင့် ဤဖြစ်ရပ်လေ့လာမှုအား ပြုစုမှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ Telegram ပလက်ဖောင်းပေါ်ရှိ Channel များတွင် ယခုကဲ့သို့သော လှုပ်ရှားမှုအား The Red Flag အဖွဲ့အနေဖြင့် ၂၀၂၂ခုနှစ်ကတည်းက လေ့လာမှတ်တမ်းတင်ခဲ့ပြီး ဖြစ်သည်။ နေရာဒေသအစွဲပြုဖွဲ့စည်းတည်ထောင်ထားသည့် မီဒီယာ အယောင်ဆောင် Telegram Channel များကို ၂၀၂၂ ခုနှစ် ဇူလိုင် လ အစောပိုင်းတွင် Kyaw Swar, Han Nyein Oo, Ba Nyunt, Ko Thet အစရှိသည့် နာမည်ကြီး ဝါဒဖြန့်Telegram Channel များက စတင်ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။
ယင်း မီဒီယာ အယောင်ဆောင် Channel များသည် စစ်ကောင်စီကို အားပေး ထောက်ခံသည့် အရေးအသားများနှင့် အာဏာရှင်ဆန့်ကျင်ရေးကို အားလျော့စေရန် ရည်ရွယ်ပြီး ဖြန့်ဝေ သည့် အကြောင်းအရာအမှားများကို ဖြန့်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် တရားဝင် သတ်မှတ်ထားသည့် တိုင်းနှင့် ပြည်နယ် (၁၄) ခု ရှိသည့် အနက် စစ်ကောင်စီ ထောက်ခံအားပေးသူ များသည် ပြည်နယ် ၁၃ ခုကို ပစ်မှတ်ထားပြီး ဝါဒဖြန့်ချိရေး Channel များ တည်ထောင်ခဲ့ရာ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ရက် နေ့အထိ စုဆောင်းရရှိခဲ့သည့်အချက်အလက်များအရ ဒေသအစွဲပြုမီဒီယာအယောင်ဆောင် Channel စုစုပေါင်း ၅၆ ခု အထိတွေ့ရှိခဲ့သည်။ အဆိုပါ Channel များ၏ အမည်နှင့် Profile ဓာတ်ပုံများတွင် မြို့နယ်ပြယုဂ်၊ တိုင်းနှင့်ပြည်နယ်ပြယုဂ် အမှတ် အသားများထားရှိလျက် စစ်တပ်နှင့် မပတ်သက်သည့် အသွင်ယူကာ ဝါဒဖြန့်အကြောင်းအရာ အမှားများကို ဖြန့်ဝေခဲ့သည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက Facebook ပလက်ဖောင်းပေါ်တွင် ဒေသအခြေပြုအမည်များဖြင့် ဖွင့်လှစ်ထားသည့် Groupများ၊ Page များနှင့် အကောင့်များ စုစုပေါင်း (၂၃)ခုတွင် ပါဝင်၊ ချိတ်ဆက်၍ သတင်းတုသတင်းမှားနှင့် ဝါဒဖြန့်ချိခြင်း ပြုလုပ်ခဲ့ကြောင်းကို မှတ်တမ်းတင် သိမ်းဆည်းနိုင်ခဲ့သည်။
တွေ့ရှိချက်အကြောင်းအရာများနှင့် ပတ်သက်၍လည်း The Red Flagအဖွဲ့က မိတ်ဖက်မီဒီယာများသို့ နေ့စဉ်ပေးပို့နေသည့် Daily Alertနှင့် အပတ်စဉ်ပေးပို့နေသည့် Weekly Briefing တွင် ထည့်သွင်းဖော်ပြပြီး ဖြစ်ပါသည်။ စောင့်ကြည့်နိုင်မှု လူအင်အား၊ နည်းပညာ အကန့်အသတ်များကြောင့် The Red Flag၏ လေ့လာ၊တွေ့ရှိမှုသည် အကန့်အသတ်ရှိသည့်အတွက် အခြား လက်လှမ်းမမီသော ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့်ယန္တရားနှင့် ဆက်စပ် အကောင့်များ၊ အကြောင်းအရာများ ကျန်ရှိနေနိုင်သေးသည်။
ကောက်နုတ်ချက်များ
(က) Telegram Channel နှင့် Facebook Platform ပေါ်တွင် တူညီသည့်အကြောင်းအရာတင်သည့် နမူနာပုံစံများ
အာရက္ခတပ်တော်(AA)က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် ဒုက္ခသည်စခန်းရောက် မွတ်ဆလင် အမျိုးသမီးတစ်ယောက်၏ သက်သေခံစကားဟု ဆိုကာ ရုပ်သံမှတ်တမ်းတစ်ခုကို Maungdaw Public Voice-MPVအမည်ရ Facebook pageက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ(၁၆)ရက် မနက်(၁၀)နာရီအချိန်ခန့်တွင် စတင်ဖြန့်ချိခဲ့သည်။ ယင်းနေ့ ည(၈း၄၀) အချိန်မှ စတင်ကာ စစ်ကောင်စီ ထောက်ခံဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ရှေ့ဆင့်နောက်ဆင့် ပြန်လည်ဖြန့်ချိခဲ့ကြသည်။ ရုပ်သံဖိုင်သည် နှစ်မိနစ်ကျော်ကြာမြင့်ပြီး ဘာသာစကားတစ်ခုကို အင်္ဂလိပ်စာတန်းထိုးကာ ဖော်ပြထားခြင်း ဖြစ်သည်။ ၂၀၁၇ခုနှစ်တွင် ထွက်ပြေးခဲ့သည့်ရသည့် မွတ်ဆလင်အမျိုးသမီးတစ်ဦးက AAအဖွဲ့၏ မုဒိမ်းကျင့်မှုခံရကြောင်းနှင့် ငွေကျပ်များစွာပေး၍ ထွက်ပြေးခဲ့ရကြောင်း စာတန်းထိုးထားပါသည်။
Telegram ပလက်ဖောင်းပေါ်၌ ရှေ့ဦးစွာစတင်ဖြန့်ချိသည့် Channel မှာ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် သတင်းမှားများကို ဦးစားပေးဖြန့်ချိသည့် May Yu Htar Nay Channel ဖြစ်ပြီး စစ်တပ်ထောက်ခံဝါဒဖြန့် ချန်နယ် (၁၀)ခုခန့်က ဆက်လက်ဖြန့်ချိကြကြောင်း အောက်ပါအတိုင်း မြင်တွေ့ရပါသည်။
အထက်ပါ Screenshotတွင် စစ်ကောင်စီလော်ဘီကျော်စွာချန်နယ်က ဗန်းမော်မြို့ကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ဖေဖော်ဝါရီ(၁၇)ရက် ည ၇:၄၈အချိန်တွင် စတင်ခဲ့သည်။ ယင်းတူညီသည့် အကြောင်းအရာကိုပင် ဗန်းမော်မြို့သူမြို့သားများဆုံဆည်းရာ Facebook Groupတွင် အမည်မဖော်ပြထားသည့် အဖွဲ့ဝင်အကောင့်တစ်ခုက ဖေဖော်ဝါရီ (၁၇)ရက် ည ၈:၁၀ အချိန်တွင် တင်ခဲ့သည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုနှင့် တစ်ခုတွင် ချိတ်ဆက်ဖြန့်ချိမှု အချိန်ကွာခြားချက် (၂၂)မိနစ်ခန့်သာ ရှိသည်ကို Screenshotများတွင် တွေ့နိုင်ပါသည်။
ထို့ပြင် USAID (နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီအဖွဲ့)က အာရက္ခတပ်တော် (AA)ကို ထောက်ပံ့ခဲ့သည့် သက်သေပစ္စည်းများအား၂၀၁၉ခုနှစ်က AAစခန်းသိမ်းပိုက်စဉ် တွေ့ရှိရသည်ဆိုသည့် ဇာတ်ကြောင်းရေးသား ဖြန့်ချိမှုကို ခင် ညို ချော တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ(၁၃)ရက်တွင် စတင်ခဲ့သည်။ ARF Burmeseအမည် ရသည့် နာမည်ကြီးသတင်းဌာန ပုံစံတုပထားသည့် Facebookစာမျက်နှာက ယင်းအကြောင်းချင်းရာအား အချိန်ကွာခြားချက် ၃ရက်ကွာဟသည့် ဖေဖော်ဝါရီ (၁၇)ရက်တွင် ပြန်လည်ဖြန့်ချိခဲ့ကြောင်း တွေ့ရှိရသည်။
Facebook Pageက ပြန်လည်ဖြန့်ချိပုံ
စစ်ကောင်စီလော်ဘီတိုက်ပွဲသတင်းစုံချန်နယ်ကလည်း ဗန်းမော်မြို့တွင် တော်လှန်ရေးအင်အားစုများအား ဒရုန်းဗုံးများစွာဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း KT Logo (ကိုသက်ချန်နယ်၏လိုဂိုဖြစ်သည်)ပါရှိသည့် ဗီဒီယိုဖိုင်အား ဖေဖော်ဝါရီ (၁၆)ရက် ည (၁၁:၃၄)အချိန်တွင်စတင် ဖြန့်ဝေခဲ့သည်။ ပြီးနောက် Thaw Zin Latအမည်ဖြင့် Facebookအကောင့်မှ ဗန်းမော်မြို့သူ/မြို့သားများဆုံစည်းရာ Groupတွင် ယင်းတူညီသည့်ဗီဒီယိုဖိုင်အား ည (၁၁:၅၅) အချိန်တွင် ဖြန့်ချိခဲ့ပြန်ရာ အချိန်ကွာခြားချက် ၂၁မိနစ်ခန့်သာကွာခြားသည်ကို တွေ့ရသည်။
စစ်တပ်လော်ဘီ KT၏ logoအား ရုပ်သံတွင် ထင်ရှားစွာမြင်ရ
(ခ) Facebook အကောင့်များမှ ပို့စ်များကို Screenshot ရိုက်၍ Telegram Channel များတွင် ပြန်လည်ဖြန့်ချိသည့် နမူနာပုံစံများ
(ဂ) အကောင့်မတူညီသော်လည်း ထပ်တူညီနေသည့် မှတ်ချက်များ
Facebook အကြောင်းအရာများအောက်တွင် အချို့အကောင့်များသည် Comment ဝင်ရောက်ရေးသားကြရာ အကောင့်အမည်များ မတူညီကြသော်လည်း မှတ်ချက်ပြုသည့် အကြောင်းအရာ၊ စာလုံးပေါင်းကအစ ထပ်တူကျနေခြင်းများရှိသည်ကို The Red Flag က တွေ့ရှိထားပါသည်။ အချိတ်အဆက်မိမိ မူမမှန်လှုပ်ရှားမှု(Coordinated Inauthentic Behavior) တွင် ထိုကဲ့သို့သော အင်္ဂါရပ်များပါဝင်နေပြီး စစ်ကောင်စီထောက်ခံသူများ ရှေးယခင်ကတည်းက အသုံးပြုလေ့ပြုထရှိသည့်နည်းဗျူဟာတစ်ခုလည်း ဖြစ်သည်။
၃။ အနှစ်ချုပ် သုံးသပ်ချက်
အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများ၊ အချက်အလက်၊ အထောက်အထားများကို ကြည့်ပါက အာဏာသိမ်းစစ်ကောင်စီသည် မြန်မာပြည်တွင်းမှ ဆိုရှယ်မီဒီယာအသုံးပြုနေကြသည့် ပြည်သူလူထုကို လှည့်ဖျားရန်အတွက် သတင်းတု၊ သတင်းမှားများအား ပုံစံမျိုးစုံနှင့် ဖြန့်ဝေနေကြောင်း တွေ့နိုင်ပါသည်။ ထို့ပြင် ယင်းကဲ့သို့ဆောင်ရွက်နိုင်စေရန်အတွက် စစ်ကောင်စီ၏ ဝါဒဖြန့်ယန္တရားတွင် လူအင်အားအမြောက်အများ အသုံးပြုပြီး အချိန်နှင့် တပြေးညီ အလုပ်လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း The Red Flag အနေဖြင့် သုံးသပ်မိပါသည်။
ဖော်ပြထားသည့် Facebook အကောင့်များအားလုံးသည် စစ်ကောင်စီဝါဒဖြန့် ယန္တရားနှင့် ချိတ်ဆက်၊ လုပ်ဆောင်နေသည်ဟု ဆိုလိုရန်အကန့်အသတ်ရှိသော်လည်း အချို့သည် စစ်ကောင်စီဘက်မှ လိမ်လည်ဝါဒဖြန့်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် အကောင့်များ ဖြစ်ကြောင်း သက်သေ အထောက်အထားနှင့် သာဓကများအရ သုံးသပ်နိုင်သည်။ အချို့အကောင့်များမှာမူ ပြည်သူများယုံကြည်နိုင်သည့် အကောင့်အမည်များ၊ Groupများ ဖြစ်ပါက စစ်ကောင်စီဝါဒဖြန့် ယန္တရားဘက်ကလူများက ဝင်ရောက်ပို့စ်တင်ခြင်း၊ မှတ်ချက်ပြုခြင်းနှင့် Screenshotများရိုက်ယူ၍ တယ်လီဂရမ်ချန်နယ်တွင် ချိတ်ဆက်ခြင်း စသဖြင့် ဖြန့်ချိခြင်းဖြစ်နိုင်ပါသည်။
စစ်ကောင်စီက အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် စစ်တိုင်းမှူးများ ဦးဆောင်ကာ နေ့စဉ် ဝါဒဖြန့်စေခဲ့ကြောင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခု လျှင် သတင်းအမှားနှင့် ဝါဒဖြန့်သတင်းများ တင်ရန် အနည်းဆုံး Facebook Page သုံးခု ဖွင့်ခိုင်းထားကြောင်း၊ စစ်တိုင်းများအလိုက် အထက်အရာရှိများဦးဆောင်ကာ ထိုသို့ သတင်းအကြောင်းအရာ အမှားများဖြန့်ဝေသည့် Facebook တွင် လက်အောက်ငယ်သားများက မဖြစ်မနေ Like ဝင်ပေးကြရပြီး၊ ပျက်ကွက်ပါက အဆဲပင်ခံရသည်ဟု CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇင်ယော်က ပြောကြောင်း Myanmar Now သတင်းဌာနက သတင်းတင်ဆက်ခဲ့ဖူးသည်။
ထို့ပြင် အချက်အလက်စိစစ်ပေးသည့် သတင်းဌာနများနှင့် သတင်းတု၊ သတင်းမှားဖြန့်ချိမှုပုံစံများကို စောင့်ကြည့်၊ လေ့လာနေသည့် The Red Flagကဲ့သို့သော အဖွဲ့အစည်းများကလည်း သတင်းတု၊ သတင်းမှားပျံ့နှံ့မှုများ၊ ပျံ့နှံ့တတ်သည့် သဘောသဘာဝပုံစံများ၊ စစ်ကောင်စီဝါဒဖြန့် ယန္တရား၏ ပါဝင်ပတ်သက်မှုများ စသဖြင့် တွေ့ရှိချက်များအား အချိန်နှင့် တပြေးညီ တန်ပြန်နိုင်ရန် ကြိုးစားအားထုတ်၊ အချက်အလက်စိစစ်၍ ပြည်သူကို အသိပေးလျက်ရှိသည်။
သို့သော် စစ်ကောင်စီဘက်က သတင်းတု၊ သတင်းမှားနှင့် ဝါဒဖြန့်ချိလိုသည့် အကြောင်းအရာများကို ပြည်သူ ဖတ်ရှုမှုများနိုင်သည့် အကြောင်းအရာအများအတွင်း သွတ်သွင်းနိုင်ရန်နှင့် Facebook Platform ပေါ်တွင်နည်းမျိုးစုံဖြင့် အခြေချရန်ကြိုးစားနေမှုရှိကြောင်းကို တွေ့ရှိချက်များအားလုံးက သက်သေခံနေပါကြောင်း The Red Flag၏ နှစ်လတာ ဖြစ်ရပ်လေ့လာတွေ့ရှိချက်များနှင့်တကွ တင်ပြလိုက်ပါသည်။
ပြည်သူများအနေဖြင့်လည်း ဒေသအခြေပြုအမည်များ ဖြစ်ခြင်းကြောင့် ယုံကြည်၊ ဖတ်ရှု၊ မှတ်ချက်ပြု၊ မျှဝေခြင်းများ ပြုလုပ်လေ့ရှိ၍ ပျံ့နှံ့မှုများပြားနေသည်။ ယင်းကဲ့သို့ သတင်းမှားဖြန့်ချိသည့်ဖြစ်စဉ်သည် ပြည်သူမှ ပြည်သူသို့ ဖြစ်သွားပါက လူထုကြားထဲတွင် သတင်းအဆိပ်အတောက်များလျင်မြန်စွာ ပျံ့နှံ့နိုင်ပြီး အန္တရာယ်ရှိနေကြောင်း သတိမူသင့်ပါသည်။
မည်သို့ပင်ဆိုစေကာမူ လူထုကြားအတွင်းသို့ သတင်းမှားများရောက်ရှိမှုသည် လျော့ပါးမသွားဘဲ ပုံစံမျိုးစုံ၊ လူမှုမီဒီယာပလက်ဖောင်းမျိုးစုံမှ ထပ်မံပျံ့နှံ့လာနိုင်သည်မှာ သေချာပါသည်။ အာဏာသိမ်းစစ်တပ်သည် စစ်ရှုံးနေသည်နှင့်အမျှ ပြည်သူကို အမှန်တရားနှင့် ဝေးကွာလာရန်နှင့် သတင်းမှန်သိပိုင်ခွင့် ဆုံးရှုံးရန်အတွက် ဥပဒေ၊ အာဏာ၊ လက်နက်များကို အသုံးချလျက်ရှိနေသည်။ ထိုမျှသာမက သတင်းတု၊သတင်းမှားဖြန့်ချိမှုယန္တရားကို စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ နည်းဗျူဟာ၊ လူ့စွမ်းအားအရင်းအမြစ် ၊ နည်းပညာများဖြင့် လူမှုမီဒီယာ ပလက်ဖောင်းများတွင် ဆင်နွှဲနေခြင်းဖြစ်သောကြောင့် မလျော့သော စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်ရန်လိုအပ်ကြောင်း The Red Flag အနေဖြင့် ရှုမြင်မိပါသည်။
နောက်ဆက်တွဲ ဇယားဖော်ပြမှု
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ထပ်ဆင့်ပြန်လည်ဖော်ပြနေသည့် ဒေသအခြေပြုအမည်များဖြင့် Facebookအကောင့် (၂၃)ခုအား မူရင်းလင့်၊ Screenshotများနှင့်တကွ အောက်ဖော်ပြပါဇယားတွင် အသေးစိတ်လေ့လာနိုင်ရန် မှတ်တမ်းတင်ဖော်ပြထားပါသည်။