အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ

နိဒါန်း

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ လအနည်းငယ်မျှ ရပ်တန့်ထားသည့် ရှမ်းမြောက်စစ်ပွဲများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ လက်ရှိ စစ်ဆင်ရေးနယ်မြေများမှာ မိုးမိတ် မြို့၊ မန္တလေး-လားရှိုး လမ်းမကြီးတလျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုးမြို့၊ မန္တလေးတိုင်း အတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့ဖြစ်သည်။ ဇူလိုင် ၂၃ ရက်နေ့ သတင်းဖော်ပြမှုများအရ နောင်ချိုနှင့် စဉ့်ကူးမြို့တို့ကို တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်ထားပြီး ကျန်ဒေသ များ ဖြစ်သည့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး၊ မတ္တရာတို့တွင် အလုံးစုံထိန်းချုပ်နိုင်ရေး ထိုးစစ်များ ပြင်းထန်နေသည်။ စစ်ကောင်စီကလည်း ရှုံးမဲမဲပြီး ယင်းဒေသများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ဗုံးကြဲလျက်ရှိနေသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စိုးမိုးမှုနှင့် တော်လှန်ရေးအားကောင်းသည့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်တိုင်းတို့တွင် စစ်တပ်က လေကြောင်းဗုံးကြဲမှု မကြာခဏ ပြုလုပ်လျက် ရှိနေသည်။

လေကြောင်းရန် လှုံ့ဆော်ရာတွင် လေကြောင်းမှ ဗုံးကြဲရန် လှုံ့ဆော်အခါတော်ပေးခြင်း၊ ယင်းနောက် တကယ်ကြဲမကြဲစောင့်ကြည့်ခြင်း၊  ထိုမျှမက ဗုံးကြဲခြင်းကို ကောင်းချီးဩဘာပေးခြင်းတို့ အားတက် သရော လုပ်ဆောင်သည်။ ဗုံးကြဲမည့် နေရာများသည် အရပ်သားမဲ့ ဧရိယာများအဖြစ် လိမ်လည် သတ်မှတ်ပြီး သူပုန်လက်နက်ကိုင်များသာ ရှိသဖြင့် ထိုသို့ ဗုံးကြဲသင့်ကြောင့် စစ်ရာဇဝတ်မှုကို  ဖုံးကွယ် လိမ်လည် ဖြန့်ချိကြသည်။ အရပ်သားများ ရှိသည့်တိုင် ၎င်းတို့သည် ရန်သူ့ဘက်တော်သား သူပုန်အားပေးများအဖြစ် တံဆိပ်ကပ်လိုက်သည်။ ထိုကြောင့် လွတ်လပ်စွာ ဗုံးကြဲခွင့် ရှိသည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အကောင့်တုများ သာမက လူပုဂ္ဂိုလ် အကောင့်များဖြင့်လည်း ဖြန့်ဝေ သည်။ ထိုသို့ ဖြန့်ဝေရာတွင် အမည်ခံ ဂျာနယ်လစ်၊ လွှတ်တော် အမတ်ဟောင်း တို့လည်း ပါဝင် သည်ကို တွေ့ရသည်။

အထူး အလေးအနက်ထားသင့်သည်မှာ အွန်လိုင်းမှ လှုံ့ဆော်သည့် အတိုင်း မြေပြင်တွင် အမှန် တကယ် ဗုံးကြဲသည့် သာဓကများ ရှိခြင်းပင်ဖြစ်သည်။ ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် ဇူလိုင် လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် လေကြောင်း ဗုံးကြဲမှု မတိုင်မီ အွန်လိုင်းမှာ လှုံ့ဆော်မှု ရှိခဲ့သည်။ ထိုကြောင့် မြေပြင် ဝေဟင် စစ်ဆင်ရေးမှာ အွန်လိုင်းနှင့် အတိုင်းအတာ တစ်ရပ်အထိ ဆက်စပ်မှု ရှိကြောင်း ယခု အစီရင်ခံစာတွင် မှတ်တမ်းပြုထားသည် (အပိုင်း ၄ တွင်ရှု)။

တခါတရံ ကပျက်ကချော်များလည်း ဖြစ်တတ်သည်။ အွန်လိုင်းလော်ဘီတို့ ကိုယ့်စစ်တပ်ကိုယ်ကိုယ် မှားယွင်း ဗုံးကြဲရန် အခါတော် ပေးမှု တစ်ရပ်ကိုလည်း အပိုင်း ၅ တွင် မှတ်တမ်းတင်ထားပါသည်။

အရေးလည်း အကြီးဆုံး၊ အလေးလည်း အထားအပ်ဆုံး အပိုင်းမှာ အစီရင်ခံစာပါ နောက်ဆုံးပိုင်း ဖြစ်သည်။ လူထုကို ဗုံးကြဲရန် ပရိသတ် လူသိန်းချီရှိသော စစ်လော်ဘီ တယ်လီဂရမ်နှင့် တစ်တော့ အကောင့်များမှ တစ်ဆင့် မည်သို့ လှုံ့ဆော်သည်ကို ယင်းအပိုင်းတွင် အကျယ်တဝင့် ဖော်ပြထား သည်။ လူထုကို သတ်ဖြတ်ရန် ၎င်းတို့၏ ပလက်ဖောင်းများကို သုံးကာ ပြောင်ပြောင် တင်းတင်း လှုံ့ဆော်နေသော်လည်း တယ်လီဂရမ်နှင့် တစ်တော့ တာဝန်ရှိသူတို့မှာ တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်နေဆဲဖြစ်သည်။

ထိုသို့သော တယ်လီဂရမ်ပလက်ဖောင်းပေါ်တွင် ရက်ပေါင်းများစွာကြာသည်အထိ ဖြုတ်ချခြင်းမရှိ သေးဘဲ ခွင့်ပြုထားသည့် လေကြောင်းရန်လှုံ့ဆော်မှုအကြောင်းအရာများကို နောက်ဆက်တွဲ ဇယား ဖြင့်လည်း အသေးစိတ် ဖော်ပြထားပါသည်။

      လေကြောင်းဖြင့် တိုက်ခိုက်ရန် လှုံ့ဆော်မှု

စစ်ကောင်စီ အားပေးဝါဒဖြန့်ချိသူများသည် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် တယ်လီဂရမ်ကို ခြေကုပ်ယူပြီး သတင်းတုသတင်းမှားများ၊ စစ်ကောင်စီကိုတော်လှန်ဆန့်ကျင်သူများအား လိင်ပိုင်း ဆိုင်ရာ ညစ်ညမ်း အကြောင်းအရာများဖြင့် တိုက်ခိုက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှု လှုံ့ဆော်ခြင်း၊ တော်လှန် ရေး အင်အားစုများစိုးမိုးထားသည်ဟု ယူဆရသော နေရာများအား  လေကြောင်းမှ ဗုံးကြဲရန် နှင့် မီးလောင် တိုက်သွင်းရန် လှုံ့ဆော်မှုများကို တစိုက်မတ်မတ် ပြုလုပ်လေ့ ရှိကြသည်။

The Red Flag ၏ လေ့လာစောင့်ကြည့်မှုများအရ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒ ဖြန့် ချန်နယ်လ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်သည့် ဇွန် ၂၅ ရက်နေ့ကတည်းက “TNLA ရှိတဲ့ ဘာမြို့ဘာရွာမှ မချန်ပါနဲ့” ဆိုသည့် ပြင်းထန်သော တိုက်တွန်းမှုများနှင့် “ပြတ်ပြတ်သားသား ကြိတ်ပစ်တာပဲလိုလားကြပါတယ်” စသည့် ဆန္ဒပြုလှုံ့ဆော်မှုများကို စတင်ဖြန့်ဝေခဲ့သည်။ ယင်း နောက်ပိုင်း တောက်လျှောက် “မြေကြီးကျန်ရင် ရပြီ၊ လူမကျန် နဲ့ အဆောက်အဦး မကျန်နဲ့ရတယ်(မူရင်းသတ်ပုံအတိုင်း) ဆိုသည့် အကြမ်းဖက်လှုံ့ဆော်မှုများကို တယ်လီဂရမ်ပလက်ဖောင်းပေါ်တွင် စည်းလွတ်ဝါးလွတ်ဖြန့်ဝေခဲ့သည်။

ဗုံးကြဲရန် စတင်လှုံ့ဆော်ခဲ့သည့် အထောက်အထားများ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ဆိုရှယ်မီဒီယာကိုလက်နက်သဖွယ်အသုံးပြုနေသည့် စစ်ကောင်စီ ထောက်ခံသူတို့နှင့် ပတ်သက်၍ အလေးဂရုပြုအပ်စသော ကိစ္စမှာ

၁)        လေကြောင်းဗုံးကြဲရန်

၂)         လှုံ့ဆော်အခါတော် ပေးခြင်း၊

၃)        တကယ်ကြဲမကြဲစောင့်ကြည့်ခြင်း၊ 

၄)        ဗုံးကြဲခြင်းကိုကောင်းချီးဩဘာပေးခြင်းနှင့်  

၅)        ဗုံးကြဲသည့်နေရာတွင် ပြည်သူမနေထိုင်ဘဲ သောင်းကျန်သူသာ ကျန်ရှိသည်ဟု ဖုံးကွယ်ခြင်း တို့ဖြစ်သည်။

စစ်ကောင်စီ ထောက်ခံသည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများသည် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ရာ ဒေသ၊ ဌာနချုပ်တို့ကို မီးလောင်တိုက်သွင်းရန် နှင့် လေကြောင်းမှ တဆင့် ဗုံးကြဲ တိုက်ခိုက်ရန် မကြာခဏ လှုံ့ဆော်လေ့ရှိသည်။ ယင်းသို့ဗုံးကြဲရန် ပြောဆိုသည့် အစုအဖွဲ့တွင် နာမည်ဆိုးနှင့်ကျော်ကြားပြီးသား စစ်ကောင်စီ ထောက်ခံ ဝါဒဖြန့်ချိသည့် အကောင့်များဖြစ်သည့် မှိုင်းဝေ၊ ကိုသက်၊ ဘညွန့်၊ ဟန်ငြိမ်းဦး စသည်တို့ အပြင် လူပုဂ္ဂိုလ်အစစ်အမှန်တို့၏ ပုံရိပ်ကို အသုံးပြု ဖြန့်ဝေကြသည်။ ယင်းတို့တွင်  စစ်တပ်ထောက်ခံသူများ ယုံကြည် လာစေရန် ဝါဒမှိုင်း သွတ်သွင်း နေသည့် ကျော်စွာ၊ နောင်တော်လေး၊ သဇင်ဦး၊ ကျော်စိုးဦး၊  အောင်မိုးကျော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဘူးလက်လှဆွေ တို့ဦးဆောင်ပါဝင်သည်။ တော်လှန် ရေး အင်အားစုများ စိုးမိုးထားသည်ဟု ယူဆရသည့် နေရာများကို အရပ်သားမဲ့ ဧရိယာ အဖြစ် သတ်မှတ်ပြီး အမြစ်မကျန်ချေမှုန်းရန်၊ ဗုံးကြဲရန်၊ မီးလောင်တိုက်သွင်းရန် စစ်ကောင်စီအားပေးဝါဒ ဖြန့်ချိသူများက  တယ်လီဂရမ် ချန်နယ်လ်များမှတဆင့် အားပေးလှုံ့ဆော်ထားသည့် အကြောင်းအရာ များ၊ မြေပြင်အထိ လက်တွေ့သက်ရောက်ခဲ့မှုများ၊ ထိုသက်ရောက်မှုများကို ကောင်းချီး ပေးထား သည့် အကြောင်းအရာများကို ယခုလေ့လာမှုထည့်သွင်းထားပါသည်။

       ဗုံးကြဲမည့်နေရာများအား အရပ်သားမဲ့ဧရိယာအဖြစ်လိမ်လည်သတ်မှတ်ခြင်း

လေကြောင်းဗုံးကြဲမှု အခါတော်ပေးအကြောင်းအရာများတွင် ပြင်းထန်၍ လူမဆန်သော အသုံးအနှုံး များ လူမျိုးရေး မုန်းတီးများနှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုကိုဖုံးကွယ်လိုသော အကြောင်းအရာများ ပါဝင်သည်။ ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုနှင့် အရင်းအမြစ်သုံးစွဲနိုင်မှုတို့ကို အခြေခံပြီး လူထုကို ဖမ်းဆီးရန်၊ သတ်ဖြတ်ရန်၊ လေကြောင်း မှ တိုက်ခိုက်ရန် စစ်ကောင်စီအားပေးဝါဒဖြန့်ချိသူများသည် မကြာခဏ လှုံ့ဆော်ဖြန့်ဝေကြသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဌာနချုပ်များကို ဗုံးကြဲပြီး အမြစ်ဖြတ်ချေမှုန်းရန်လည်း စဉ်ဆက်မပြတ် တိုက်တွန်း သည်။ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့များ စစ်ဆင်ရေးပြုလုပ်နေသည့် မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ် လျက်ရှိနေသည်။ လေကြောင်းတိုက်ခိုက်မှုကို ထောက်ခံသင့်ပြီး ထိုသို့ တိုက်ခိုက်မှုသည် တရားဝင်သော တိုက်ခိုက်မှု အဖြစ်ဖုံးဖိနိုင်ရန်လည်း စစ်တပ် အားပေးဝါဒဖြန့်ချိသူများက ကြိုးပမ်းသည်။

ဗုံးကြဲရန် စတင်လှုံ့ဆော်ခဲ့သည့်အထောက်အထားများ

စစ်တပ်သည် တော်လှန်ရေးအင်အားစုများက နယ်မြေတစ်ခုကို စိုးမိုးထိန်းချုပ်လိုက်ပြီဆိုသည်နှင့် ရန်သူ၊ မိတ်ဆွေ၊ ပြည်သူ မခွဲခြားဘဲ လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ဗုံးကြဲခြင်းကြောင့် အရပ်သား သေဆုံးသည့်ဖြစ်စဉ် အများအပြားရှိခဲ့သည်။ အရပ်သားသေဆုံးမှုများကို ဖုံးကွယ်ရန်နှင့် လေကြောင်းဗုံးကြဲမှုကို ပိုမိုတရားဝင် စေရန်အတွက် ဗုံးကြဲသင့်သည့်နေရာတွင် အရပ်သားများ မရှိတော့ကြောင်း၊ သောင်းကျန်းသူများသာ ကျန်နေတော့ကြောင်းလည်း စစ်ကောင်စီအားပေးဝါဒ ဖြန့်ချိသူများက လေလှိုင်းပေါ်မှတစ်ဆင့် ဝါဒဖြန့်လျက်ရှိသည်။ “လွတ်လပ်စွာဗုံးကြဲတိုက်ခိုက်ခွင့်” ဆိုသည့် ပြင်းထန်သော အသုံးအနှုန်းဖြင့် စစ်ကောင်စီ ဝါဒဖြန့်သူ များသည် ပြည်သူရှိနေသေး သည့်နေရာများကို အရပ်သားမဲ့ဧရိယာအဖြစ် သတ်မှတ်ပြီး လေကြောင်း တိုက်ခိုက်ခြင်းအား ‘တရားဝင်မှု’ အဖြစ်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိသည်။

ပြည်သူများနေထိုင်သည့် ရွာမဟုတ်တော့ကြောင်း လေလှိုင်းပေါ်မှ လိမ်လည်နေသည့် အထောက်အထားများ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းမှူးအား လက်နက်ချရန် PDF များက ကမ်းလှမ်းသည့် အသံဖိုင်တခုကို စစ်တပ်ထောက်ခံသူများက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ စစ်ကောင်စီ တပ်သားများပြုန်းတီးမှုလာမှုနှင့် တပ်စွန့်ခွာမှု၊ လက်နက်ချမှုတို့ကို ပြန်လည်ထိန်းသိမ်းရန်အတွက် တပ်တွင်းဝါဒဖြန့်ချိကြောင်း ယူဆနိုင်သည်။ အသံဖိုင် အဆုံးတွင် စစ်တပ်ဗုံးကြဲမှုကို အာမမခံနိုင်သည့် ကိစ္စပါဝင်ခဲ့သည်။ “လေယာဉ်လာပြီး ဗုံးမကြဲပါဘူးလို့ ခင်ဗျား အာမခံနိုင်သလား၊ ကျွန်တော်မေးမယ်၊ ထားပါတော့၊ ကျွန်တော်တို့က တသက်မှာ တခါပဲ သေမှာ ဂုဏ်သိက္ခာရှိရှိပဲ သေမယ်၊ ခင်ဗျားတို့နဲ့ ပူးပေါင်းပြီး၊ ဒီရွာကို ခင်ဗျားတို့နဲ့ ကာကွယ်တယ်။ လေယာဉ်နဲ့ ဗုံးမကြဲဘူးလို့ ခင်ဗျားအာမခံလား” ဟု ရဲမှူးဆိုသူက ပြောသည်။ လက်နက်ချလိုက်မိပါက အရပ်သားများရှိနေသေးသည့် ဧရိယာဖြစ်စေကာမူ စစ်တပ်က လေကြောင်းမှ လာရောက် ဗုံးကြဲ တိုက်ခိုက်မည် ဖြစ်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ် တောင်ကုတ်နှင့်ဂွနယ်မှ ရွာများတွင် AA လက်နက်ကိုင် အဖွဲ့ဝင်များသာ ရှိနေပြီး ရွာသားတဦးမျှ မရှိတော့သဖြင့် အကုန် ရှင်းလင်းရန် (၎င်းတို့ထံ ရခိုင်ပြည်သူ တယောက်က လာရောက်ပေးပို့သည့် သတင်းဟု ဆိုကာ) ကိုသက်ချန်နယ်လ်တွင် ဖော်ပြခဲ့သည်။

စစ်တပ်ကို ပြည်သူများကယုံကြည်ထောက်ခံနေကြသည့်ပုံစံဖန်တီးထားသည့် Tiktok Comment ပုံစံများ

TikTok ပလက်ဖောင်းတွင် ဆင့်ပွားဖန်တီးထားသည့် ကျော်စွာ၏ အကောင့်က စစ်တပ်သည် လုပ်သင့် လုပ်ထိုက်သည်များ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယုံကြည်ပါက မှတ်ချက်ရေးရန် နှင့် မည်သည့် လုပ်ငန်းများ ဆောင်ရွက် သင့်ကြောင်း ဗုံးကြဲရန် နှပ်ကြောင်းပေး အကြောင်းအရာ ဖြန့်ဝေခဲ့သည်။ အဆိုပါပိုစ့်အောက်တွင် စစ်တပ်ထောက်ခံသူများနှင့် အကောင့်တုများက လူပေါင်း သန်း ၅၀ အေးချမ်းရန်အတွက် ၅ သန်းမျှ သတ်သင့်လျှင်လည်း သတ်ရမည်၊ ရန်သူဌာနချုပ်များအား မငဲ့ညှာဘဲ ဗုံးများများကြဲရမည် စသည့် အစွန်းရောက် ပြင်းထန်လွန်းသော မှတ်ချက်များပြုခဲ့ကြသည်။

ပြည်သူများက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များကို ရှင်းလင်းပေးရန် အလို ရှိနေကြောင်းနှင့် တိုက်ပွဲရှိရှိမရှိရှိ EROများ ရှိနေလျှင် ပစ်ခတ်ရမည်ဟု ဖြန့်ဝေမှု

ထို့ပြင်တိုက်ပွဲရှိရှိ၊ မရှိရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအခြေစိုက်သည့် နေရာ များအား လေယာဉ်ဖြင့် ပစ်ခတ်ခြင်းသည် မှန်ကန်သည်ဟု အမျိုးသားရေးအစွန်းရောက်သမား နောင်တော်လေး ချန်နယ်လ်က ထောက်ခံအားပေးထားသည်။ ယင်းမှာ တအာင်းတပ်မတော်နှင့် ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများသို့ စစ်တပ်က ဂျက်ဖိုက်တာများဖြင့် လာရောက် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ရန်သူသိမ်းပိုက်ထားသည့် မြို့များအား လောင်စာဆီများ ပက်ကြဲ ပြီး လေယာဉ်မီးလောင်ဗုံးများဖြင့် အုပ်စုအလိုက် ကျဲချမည်ဆိုပါက ပြည်တွင်းစစ် တခါတည်း ပြီး ဆုံးမည်၊ ကျန်သေးသည့်နေရာများအား အကုန်ပြာချပြီး လူမနေသည့်အရပ် ဖြစ်အောင်လုပ်ပစ်ရန် ကျော်စွာချန်နယ်လ်က လှုံ့ဆော်နေသည် (မူရင်း သတ်ပုံအတိုင်း)။စစ်ကောင်စီ ထောက်ခံ အားပေးသည့် ဝါဒဖြန့်ချိရေးအစုအဖွဲ့များသည် အရပ်သားမဲ့ ဧရိယာများအား ဗုံးကြဲကာ ယင်း စစ်ရာဇဝတ်မှု ကို ဖုံးကွယ်ရန် တက်ညီလက်ညီဆောင်ရွက်နေခြင်းဖြစ်သည်။

      အရပ်သားများကို ရန်သူ့ဘက်တော်သားအဖြစ်တံဆိပ်ကပ်ခြင်း

မိုးကုတ်ပြည်သူများ က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မြို့တွင်းဝင်ရောက်လာသည့်အတွက် ကြိုဆိုနေကြသည်ကို ရန်သူ့ဘက်တော်သားအဖြစ်တံဆိပ်ကပ် ခြိမ်းခြောက်ခြင်း

တော်လှန်ရေးအင်အားစုများ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်သည့် မိုးကုတ်မြို့တွင်းသို့ တအာင်း တပ်မတော်နှင့် မန္တလေး PDF ပူးပေါင်းတပ်များ ဝင်ရောက်လာသည်ကို မိုးကုတ်ပြည်သူများက သပြေခက်များဖြင့် ကြိုဆိုသည့် ဓာတ်ပုံနှင့် ရုပ်သံဖိုင်များ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက် ညပိုင်းတွင် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သည်။ ထိုသို့ ပျံ့နှံ့ခဲ့သည်နှင့်ပတ်သက်၍ စစ်တပ်လော်ဘီများက ဓာတ်ပုံ တွင် ပါဝင်သည့် ပြည်သူများအား ‘နီပိတ်များ၊ ပြည်သူမဟုတ်သူများ၊ ဉာဏ်ရည်နိမ့်သူများ’ အဖြစ် နာရီပိုင်း အတွင်း တံဆိပ်ကပ်ပုံဖော်ခဲ့ကြသည်။ နောက်ပိုင်းတွင် ‘ပြည်သူပါဟု မအော်ရန်၊ မြို့ပျက် ခြင်းသာ အဖတ်တင်မည်’ ဟု လည်း ခြိမ်းခြောက်ခဲ့သည်။ လက်နက်မကိုင်ထားသည့် ကလေးသူငယ် များ၊ သက်ကြီးရွယ်အိုများနှင့် မြို့ခံ ပြည်သူများ ကို ရန်သူ့ဘက်တော်သားအဖြစ် သတ်မှတ်သည်ကို ထင်ရှားစွာ တွေ့ရသည်။

      မြေပြင်ဝေဟင်စစ်ဆင်ရေးနှင့် အွန်လိုင်း ချိတ်ဆက် လှုံ့ဆော်မှုများ

စစ်ကောင်စီ၏ တပ်များသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းတပ် များ စိုးမိုး နယ်မြေကို မြေပြင်၊ ဝေဟင်စစ်ဆင်ရေးများဖြင့်သာမက  အွန်လိုင်းတစ်ဆင့်ပါ ချိတ်ဆက် လှုံ့ဆော်သည်။ တပ်ထောက်ခံသူများ စိတ်ဓာတ်အင်အားတက်ကြွစေရန်၊ ရန်သူကို စိတ်ပိုင်းဆိုင်ရာ အရ အသာစီးရစေရန် ထိုသို့ လုပ်ဆောင်လျက်ရှိနေခြင်း ဖြစ်သည်။ ကိုသက်ချန်နယ်လ်၏ ဆင့်ပွားချန်နယ်လ် တခုဖြစ်သော မှိုင်းဝေချန်နယ်လ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ နမ့်ပေါင်ကျေးရွာနှင့် သံလွင်ရွာတို့တွင် ကိုးကန့်တပ်များ ဝင်ရောက်နေရာယူနေသည့်အတွက် ဗုံးကြဲ ရန် လှုံ့ဆော်ခဲ့သည်။ ဇူလိုင် ၄ ရက် မနက်ပိုင်းတွင် လှုံ့ဆော်မှုကို စတင်ခဲ့ ခြင်း ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ဗုံးကြဲပြီး ပစ်ကူပေးသွားသည့် စက်ရပ်သတင်းပုံစံအကြောင်းအရာများကို အချိန်နှင့်တပြေးညီ ဖြန့် ဝေခဲ့သည်။ ထို့နောက် သံလွင်ရွာနှင့် နမ့်ပေါင်ရွာတို့အား ဗုံးမိုးရွာပီး လေယာဉ်နှင့်ပစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းချန်နယ်ကပင် ထပ်မံဖြန့်ဝေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မှိုင်းဝေတယ်လီဂရမ်ချန်နယ်လ်ပိုစ့်တင်သည့် အချိန်များကို လေ့လာ ကြည့်ရာ ဗုံးကြဲရမည့် နေရာများအား  နာရီပေါင်း ၁၂ နာရီအတွင်းမှာပင် အွန်လိုင်းပေါ်က လှုံ့ဆော်မှု အတိုင်း စစ်တပ်က ဗုံးကြဲပြီး ဆောင်ရွက်ပြနိုင်သည် ဆိုသည့်ပုံစံမျိုး ဖန်တီးထားသည်။ ဒစ်ဂျယ်တယ် ခေတ်ကို ရောက်လာသည့်အပြင် စစ်တပ်က ထိန်းချုပ်ထားသည့်အတွက်ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် မြဝတီရုပ်မြင်သံကြား (MWD) တို့ကို ပြည်သူများ စောင့်ကြည့်မှုမရှိတော့ ကြောင်း စစ်တပ်ဝါဒဖြန့်သူများ ကိုယ်တိုင်ဝန်ခံထားသည်။ [1] ရုပ်သံလိုင်းများကို လူစိတ်ဝင်စားမှု နည်းနေသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ နေရာများမှ စစ်ရေးသတင်းများကို တိုက်ရိုက်တင်ဆက် နိုင်အောင် ကြိုးစားသင့်သည်ဟု စစ်တပ်အားပေး ဝါဒဖြန့်ချိသူအချို့က ဆိုခဲ့ဖူးသည်။ ရုပ်သံလိုင်းများ တွင် ထို့သို့ စွမ်းဆောင်နိုင်စွမ်းမရှိသေးသော်လည်း စစ်တပ်ဝါဒဖြန့်ချန်နယ်များက စွမ်းဆောင်ရမည် ဆိုသည့် ပုံစံမျိုးဖြင့် ရန်သူကို လွှမ်းမိုးရန် ကြိုးပမ်းနေကြခြင်းလည်း ဖြစ်သည်။

လားရှိုးမြို့ရှိ နမ့်ပေါင်ရွာနှင့် သံလွင်ရွာတို့အား လေကြောင်းမှတစ်ဆင့်တိုက်ခိုက်သည့်ဖြစ်စဉ်အား အစအဆုံးအထိ စောင့်ကြည့်လှုံ့ဆော်မှု၊ စက်ရပ်သတင်းပုံစံတင်ဆက်ထားမှု
ဗုံးကြဲရန်ပိုစ့်တင်လိုက်သည့်အတွက် စစ်တပ်ကလုပ်ဆောင်ပေးကြောင်းနှင့် အွန်လိုင်းဆန္ဒမဲပေးမှုကို ဖြန်ဝေထားသည့် အထောက်အထား

သဇင်ဦးချန်နယ်လ်က ၎င်းပိုစ့်တင်လိုက်သည့်အတွက် စစ်တပ်က ထိုနေရာများကို တိုက်ခိုက် ခြင်း ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ပြန်လည်ဖော်ပြခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့ပြင် လူထု အွန်လိုင်း ဆန္ဒမဲပေးမှု (Poll) ကို ဖန်တီးဖြန့်ဝေပြီး ဗုံးကြဲပြာချရန် ပြည်သူများက ဆန္ဒပြုနေကြကြောင်း ပုံဖော် မှုများ ရှိနေသည်။

သတင်းမီဒီယာများက ဖော်ပြထားသည့် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့် အရပ်သားသေဆုံးမှု

အချို့ဗုံးကြဲခံရသည့် နေရာများတွင် အရပ်သားနေထိုင်မှု ရှိနေသေးကြောင်းသတင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ ဇူလိုင် ၃ ရက်နေ့ သိန္ဒီမြို့ ဗုံးကြဲခံရသည့် ဖြစ်စဉ်တွင် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဒေသခံများ၏ အတည်ပြုချက်ဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနက တင်ဆက်ထားသည်။ ဇူလိုင် ၁၉ ရက် တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းနှင့် လွှစင်ကုန်းလမ်းဆုံနေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၉ ဦး ထက် မနည်းသေဆုံးခဲ့သည်ဟု RFA သတင်းဌာန ဖော်ပြချက်အရ သိရသည်။ ထို့ပြင် လားရှိုး၊ ကျောက်မဲ၊ စဉ့်ကူး၊ မိုးကုတ်တို့တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သားသေဆုံးမှုများရှိခဲ့သည်ဟု ဘီဘီစီ၊ ရွှေဖီမြေ၊ ဧရာဝတီ သတင်းဌာနတို့တွင် သတင်းများ တင်ဆက်ထားသည်။ စစ်တပ် အာဏာသိမ်းချိန်မှစ၍  ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော် အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိနေကြောင်း RFA က စာရင်းပြုဖော်ပြထားသည်။

      မှားယွင်းလှုံ့ဆော်မှု

စစ်ကောင်စီဝါဒဖြန့်ချန်နယ်လ်တခုက တည်နေရာပြမြေပုံ တစ်ခုဖြင့် ညွှန်းဆိုကာ လေကြောင်းတိုက် ခိုက်ရန် လှုံ့ဆော်မှုတခုကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင်ဖြန့်ဝေခဲ့သည့်။ သို့သော် ထိုနေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်ရာနေရာဖြစ်ကြောင်း၊ ဆိုက်ဝါးထည့်ခံရခြင်းသာ ဖြစ်ကြောင်း နာရီပိုင်း အတွင်း အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်လ်များက ပြန်လည်ထောက်ပြခဲ့ကြသည်။  ထိုသို့သော မှားယွင်းလှုံ့ဆော်မှုရှိကြောင်းကို ယခု အစီရင်ခံစာတွင် မှတ်တမ်းတင်ထားလိုရင်း ဖြစ်သည်။

ဗုံးကြဲမည်နေရာကို စစ်တပ်လော်ဘီအချင်းချင်းမှားယွင်းဖော်ပြမှု ဟု ထောက်ပြခဲ့သည့်ကိစ္စ

      အရေးယူမှုညံ့ဖျင်းသည့် စည်းကမ်းမဲ့ပလက်ဖောင်းများ

တယ်လီဂရမ်သည် အကြောင်းအရာဖယ်ရှားရေးနှင့် အကောင့်ဖြုတ်ချရေးတို့တွင် ညံဖျင်းသည့် နည်းပညာကုမ္ပဏီတစ်ခုအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် မီဒီယာများက Telegram အနေဖြင့် အရေးယူရန် ပျက်ကွက်နေ သည့် ကိစ္စများကို ထောက်ပြမှု၊ ဆက်သွယ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် Telegram ဘက်က တိကျသည့်ဖြေရှင်းချက်မျိုး တုန့်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ အချို့ အဖွဲ့အစည်းများကို ပြန်လည် တုန့်ပြန်မှုပင် မလုပ်ခဲ့ဟုဆိုသည်။ ၎င်း၏ ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍လည်း မကြာခဏ ဆိုသလို မေးခွန်းထုတ်ခံနေရသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ် အစကတည်းက စစ်တပ်ထိန်းချုပ် အကောင့်များနှင့် စစ်တပ်အားပေးဝါဒဖြန့်ချိသူများသည် ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖယ်ရှားအရေးယူခံခဲ့ရ သည်။ ယင်းကြောင့် အစားထိုးပလက်ဖောင်းအဖြစ် တယ်လီဂရမ်တွင် ခြေကုပ်ယူပြီး ဆန့်ကျင်ဘက် အင်အားစုများကို သတင်းတုသတင်းမှားများ၊ အသက်အန္တရာယ်နှင့် ပုဂ္ဂလိက လုံခြုံရေးခြိမ်းခြောက် မှုများ၊ ဖမ်းဆီးရန်လှုံ့ဆော်မှုများ၊ လေကြောင်းတိုက်ခိုက်မှုအကြောင်းအရာများဖြင့် တိုက်ခိုက်ခဲ့ သည်။ ယင်းလုပ်ဆောင်မှုအားလုံးသည် တယ်လီဂရမ်က ချမှတ်ထားသည့် မူဝါဒများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများ နှင့် အလုံးစုံသွေဖီနေသော်လည်း တယ်လီဂရမ်က ဖိဖိစီးစီး အရေးယူဆောင်ရွက်ခြင်းမျိုး မရှိသေးပေး။

လတ်တလောဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်ရေးဖြစ်စဉ်များနှင့် ဆက်စပ်လှုံ့ဆော်နေသည့် အကြောင်းအရာများသည် ပြင်းထန်သည့်အစွန်းရောက်အကြမ်းဖက်ကျူးလွန်မှုများဖြစ်သည်။ စတင်ဖြန့်ဝေခဲ့သည့် ရက်သည် ၂၀၂၄ ဇွန်လ ၂၅ ရက်နေ့ဖြစ်ပြီး ဇူလိုင်လ ၂၅ ရက် အထိ  ရက်ပေါင်း ၃၀ ကြာမြင့်ပြီဖြစ်သော်လည်း Telegram က အရေးယူဆောင်ရွက်ခြင်းမရှိသေးဘဲ အဆိုပါ အကြောင်း အရာများ ဆက်လက်တည်ရှိ၊ ပျံ့နှံ့နေဆဲဖြစ်သည်။ နာမည်ကြီးစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်လ်များသည် လက်ရှိအချိန်တွင် ပလက်ဖောင်း၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် သည့်အကြောင်းအရာများ စဉ်ဆက်မပြတ်ဖြန့်နေသော်လည်း ပရိသတ် တသိန်းနှင့် နှစ်သိန်းကြား အခိုင်အမာ ဆောက်တည်ခွင့်ရနေပြီး ငွေကြေးဖြင့်ဝယ်ယူ အသုံးပြုနိုင်သည့် အဆင့်မြင့် တယ်လီရမ်ပရီမီယမ် အစီအစဉ်ကိုလည်း အသုံးပြုခွင့် ရနေသည်။ နာမည်ကြီး စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်လ်များ၏ ပရိသတ်ထုအားကို အောက်ပါ ဇယားတွင် တွေ့မြင်နိုင်ပါသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်အထိ ရယူထားသောအချက်အလက်ပြ Screenshot ဇယား

VPN ပိတ်ဆို့မှုနှင့် ဆိုရှယ်မီဒီယာအသုံးပြုမှုကို ကန့်သတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသုံးများ လာသည့် တစ်တော့ပလက်ဖောင်းတွင်လည်း အမုန်းတရား၊ သတင်းတုသတင်းမှားများ ပိုမိုပျံ့နှံ့ လျက် ရှိနေသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဘူးလက်လှဆွေ က လေကြောင်းမှ ဗုံးကြဲ ရန် ဆက်တိုက်ပြောဆိုခဲ့သည့် ဖြစ်စဉ် များ တစ်တော့မှ တစ်ဆင့် ပျံ့နှံ့ခဲ့သည်။ တစ်တော့အနေဖြင့် အဆိုပါ အကြောင်းအရာအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့အထိ အရေးယူမှု တစုံတရာ ပြုလုပ်ထားခြင်းမရှိသေးပေ။  “လားရှိုးကို ရှေ့တိုက်ဒုံးတစ်လုံးကျရင် လောက်ကိုင်ကို ပေါင် ၁၀၀၀ နှစ်လုံးကျွေးလိုက် ဖလိုက်နဲ့” (မူရင်းသတ်ပုံအတိုင်း) ဟု ရုပ်သံဖိုင်က တဆင့် ဗုံးကြဲရန် လှုံ့ဆော်နေသည့် ဘူးလက်လှဆွေ၏ တစ်တော့ ဗွီဒီယိုဖိုင်ကို ကြိုက်နှစ်သက်သူ နှစ်သောင်းကျော် ရှိပြီး ပြန်လည်မျှဝေမှု ၈၀၀ ကျော်အထိ ရှိခဲ့သည်။ မှတ်ချက်ပြုမှု နှစ်ထောင်နီးပါးတွင်လည်း ဘူးလက်လှဆွေနှင့် စစ်တပ်၏ ဗုံးကြဲမှုကို ထောက်ခံမှုများပါဝင်ခဲ့သည်။ “ဒလန်ဆိုပြီးတော့ PDF က ရွာထဲဝင်ပြီးတော့ လာရှေ့လို့ရှိရင်ထောင်ထဲမှာ အမိန့်ကျပြီးသား နှစ်ယောက်ကို လျှော့လိုက် လွယ်လွယ်လေးရယ်” (မူရင်း သတ်ပုံအတိုင်း) ဟု ဘူးလက်လှဆွေက တစ်တော့ ဗွီဒီယိုမှ တဆင့် အစွန်းရောက်ပြင်းထန်သည့် လှုံ့ဆော်မှုများကို ဖြန့်ဝေခဲ့သည်။ ဇူလိုင် ၁၄ ရက်က တင်ထားသည့် အဆိုပါ ရုပ်သံဖိုင်တွင် အထက်ဖော်ပြပါ ဝါကျ နှစ်ကြောင်းသာ ပါဝင်ပြီး ကြာချိန် ၃၂ စက္ကန့်သာ ရှိသည်။  အမုန်းတရားကြီးထွားရေး၊ လူသတ်ခြင်း၊ ဗုံးကြဲခြင်း တို့ကို ထင်ရှားစွာ ထုတ်ဖော်လှုံဆော် ထားသည့် ရုပ်သံဖိုင်ဖြစ်သည်။ ထို့အပြင် ဗုံးကြဲမှုများကိုပြုလုပ်ရန် မိမိ အစောကတည်းက တိုက်တွန်းခဲ့ကြောင်း၊ ယခုလည်း နောက်မကျသေးကြောင်း နှင့် Heavy Bombardment လုပ်ရမည် ဖြစ်ကြောင်း နောက်ထပ်ရုပ်သံဖိုင်တခုတွင် ထပ်မံပြောဆိုခဲ့သေးသည်။ သို့သော် ယင်းအကြောင်း အရာများကို ယခု အစီရင်ခံစာ အဆုံးသတ်သည့် ဇူလိုင် ၂၅ရက်နေ့အထိ ဖယ်ရှားရန် ပျက်ကွက်နေသည့် တစ်တော့၏ အကြောင်းအရာဖြုတ်ချဖယ်ရှားမှုယန္တရားသည် မေးခွန်းဖွယ် ဖြစ်သည်။

ဗုံးကြဲရန်နှင့် လူသတ်ရန်လှုံ့ဆော်ခဲ့သည့် ဘူးလက်လှဆွေ၏ ရုပ်သံဖိုင်နှင့် ထောက်ခံမှတ်ချက်ပြုမှုများ

နိဂုံးမှတ်စု

စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မြေပြင်စစ်ဆင်ရေး အခြေအနေမကောင်းသဖြင့် ဝေဟင် စစ်ဆင်ရေးကို အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်လျက်ရှိသည်။ သို့သော်လည်း မြို့များကို ထိထိ ရောက်ရောက်ပြန်လည် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အရပ်သားသေဆုံးခြင်းနှင့် ပြည်သူပိုင်ပစ္စည်း များ ပျက်စီးခြင်းကြောင့် နိုင်ငံတကာစာမျက်နှာတွင် ရှုံ့ချခံနေရသည်။ ထို့ကြောင့် မြေပြင်ဝေဟင် စစ်ဆင်ရေးအပြင် အွန်လိုင်းပေါ်မှ လှုံ့ဆော်မှု၊ ပစ်မှတ်ထားသော ဒေသများအား အရပ်သားမဲ့ ဧရိယာ အဖြစ် လိမ်လည်ပုံဖော်မှုနှင့် ပြည်သူများက ဗုံးကြဲရန် ထောက်ခံမှုရှိသည်ဟု ဖန်တီးမှုများအား အားစိုက်ဖြန့်ဝေလာကြသည်။ အဆိုပါ ကိစ္စရပ်များအား မီဒီယာအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနည်းပညာကုမ္ပဏီများက စဉ်ဆက် မပြတ်စောင့်ကြည်ပြီးပြီး ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများ ရှိရန် အထူး အရေးကြီးနေပြီ ဖြစ်သည်။

လူသတ်အားပေး ငရဲခွေးများ လွတ်နေဆဲ ဖြစ်ပြီး ငရဲခွေးများကို ချိုတပ်ပေးသော တယ်လီဂရမ်နှင့် တစ်တော့ တို့သည်လည်း အရေးယူဆောင်ရွက်မှု မရှိဘဲ မျက်ကွယ်ပြုနေဆဲ ဖြစ်သည်။

နောက်ဆက်တွဲဇယား

တယ်လီဂရမ်ပလက်ဖောင်းပေါ်တွင် ရက်ပေါင်းများစွာကြာသည်အထိ ဖြုတ်ချခြင်းမရှိဘဲ ခွင့်ပြုထားသည့် လေကြောင်းရန်လှုံ့ဆော်မှုအကြောင်းအရာများ

အမှတ်စဉ်ပိုစ့်URLဖြုတ်ချမှုရှိ၊မရှိပိုစ့်တင်သည့်ရက်စွဲ
https://t.me/kyawswar49111/12415ဖြုတ်ချမှုမရှိသေး3/7/2024
https://t.me/kyawswar49111/12218ဖြုတ်ချမှုမရှိသေး29/6/2024
https://t.me/kyawswar49111/12200ဖြုတ်ချမှုမရှိသေး29/6/2024
https://t.me/kyawswar49111/12198ဖြုတ်ချမှုမရှိသေး29/6/2024
https://t.me/kyawswar49111/12270ဖြုတ်ချမှုမရှိသေး30/6/2024
https://t.me/kyawswar49111/12242ဖြုတ်ချမှုမရှိသေး30/6/2024
https://t.me/kyawswar49111/12680ဖြုတ်ချမှုမရှိသေး9/7/2024
https://t.me/kyawswar49111/12738ဖြုတ်ချမှုမရှိသေး10/7/2024
https://t.me/kyawswar49111/12754ဖြုတ်ချမှုမရှိသေး11/7/2024
၁၀https://t.me/NaungTawLay/28156ဖြုတ်ချမှုမရှိသေး11/7/2024
၁၁https://t.me/Thazinoo969/19619ဖြုတ်ချမှုမရှိသေး3/7/2024
၁၂https://t.me/Thazinoo969/19616ဖြုတ်ချမှုမရှိသေး3/7/2024
၁၃https://t.me/Thazinoo969/20025ဖြုတ်ချမှုမရှိသေး18/7/2024
၁၄https://t.me/hminewai/55598ဖြုတ်ချမှုမရှိသေး4/7/2024
၁၅https://t.me/hminewai/55599ဖြုတ်ချမှုမရှိသေး4/7/2024
၁၆https://t.me/don121121/1722ဖြုတ်ချမှုမရှိသေး17/7/2024
၁၇https://t.me/hminewai/55604ဖြုတ်ချမှုမရှိသေး4/7/2024
၁၈https://t.me/hminewai/55616ဖြုတ်ချမှုမရှိသေး4/7/2024
၁၉https://t.me/hminewai/55645ဖြုတ်ချမှုမရှိသေး4/7/2024
၂၀https://t.me/Thazinoo969/19640ဖြုတ်ချမှုမရှိသေး3/7/2024
၂၁https://t.me/kyawswar49111/12664ဖြုတ်ချမှုမရှိသေး9/7/2024
၂၂https://t.me/kyawswar49111/12712ဖြုတ်ချမှုမရှိသေး10/7/2024
၂၃https://t.me/kyawswar49111/12239ဖြုတ်ချမှုမရှိသေး29/6/2024
၂၄https://t.me/snowqueen023/64227ဖြုတ်ချမှုမရှိသေး25/6/2024
၂၅https://t.me/kothetjournalist9000/68118ဖြုတ်ချမှုမရှိသေး3/7/2024
၂၆https://t.me/kothetjournalist9000/68158ဖြုတ်ချမှုမရှိသေး4/7/2024
၂၇https://t.me/Nyemoee/1432ဖြုတ်ချမှုမရှိသေး1/7/2024
၂၈https://t.me/aungnews/7689ဖြုတ်ချမှုမရှိသေး5/7/2024
၂၉https://t.me/kyawswar49111/13222ဖြုတ်ချမှုမရှိသေး23/7/2024
၃၀https://t.me/kyawswar49111/13243ဖြုတ်ချမှုမရှိသေး23/7/2024
၃၁https://t.me/KKM28640/4099ဖြုတ်ချမှုမရှိသေး28/5/2024
၃၂https://t.me/hminewai/56547ဖြုတ်ချမှုမရှိသေး23/7/2024
၃၃https://t.me/Nyemoee/1578ဖြုတ်ချမှုမရှိသေး23/7/2024
၃၄https://t.me/kyawswar49111/13192ဖြုတ်ချမှုမရှိသေး21/7/2024
၃၅https://t.me/kyawswar49111/13241ဖြုတ်ချမှုမရှိသေး23/7/2024
၃၆https://t.me/kyawswar49111/13078ဖြုတ်ချမှုမရှိသေး19/7/2024

PDF အား ရယူရန်