စစ်လက်ပါးစေတို့၏ အလံဖြူနှစ်

စစ်လက်ပါးစေတို့၏ အလံဖြူနှစ်

စစ်ကောင်စီလော်ဘီများ၏၂၀၂၄ခုနှစ်ဝါဒဖြန့်ချိရေးနှစ်ပတ်လည်အစီရင်ခံစာ

The Red Flag                                                                                                   ဒီဇင်ဘာ၊၂၀၂၄

အမိန့်အရလိမ်ရတာဆိုရင်အဲဒါလိမ်တာမဟုတ်တော့ဘူး

Rihab Taha,

ဇီ၀စစ်ပွဲဆိုင်ရာအီရတ်ပညာရှင်[1]

နိဒါန်း

The Red Flag အဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အထူးအလေးထားရမည့်ကိစ္စများနှင့် အရေးပေါ် ဖြစ်စဉ်များအတွက် ဖြစ်ရပ်လေ့လာမှု ၉ ခုအထိ ပြုစုရေးသားဖော်ပြခဲ့သည်။ ၂၀၂၄ ခုနှစ်၏ ပထမ လေးလပတ်နှင့် ဒုတိယလေးလပတ်တို့အတွက် အစီရင်ခံစာနှစ်ခုကို ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။

မြေပြင်တွင် တရားမဝင်အာဏာသိမ်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နေသည့် စစ်ကောင်စီသည် ၎င်းတို့လုပ်ရပ်များကို ဖုံးကွယ်ရန်၊ ပြည်သူလူထုအား စိတ်ပိုင်းဆိုင်ရာအရ ပိုမိုဖိနှိပ်နိုင်ရန်နှင့် တော်လှန်ရေးအင်အားစုများအား တန်ပြန်နိုင်ရန်အတွက် ၎င်းတို့အား ထောက်ခံသူများ၏ လူမှုမီဒီယာစာမျက်နှာများမှတဆင့် ဝါဒဖြန့်ချိရေးကို စနစ်တကျလှုပ်ရှား ဆောင်ရွက်လျက်ရှိသည်။ ယင်း လှုပ်ရှားမှုများကို The Red Flag အဖွဲ့က မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပြီး ‘၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီအရင်ခံစာ’ အဖြစ် သတင်းတု၊ သတင်းမှားများနှင့် ပြဿနာ ဖြစ်ပွားစေနိုင်သော အကြောင်းအရာများကို လေ့လာဖော်ပြလိုက်ပါသည်။

ယခု အစီရင်ခံစာတွင် အစီရင်ခံစာနည်းနာ၊ ၂၀၂၄ ခုနှစ်အတွင်းပျံ့နှံ့ခဲ့သည့် သတင်းတု သတင်းမှား ကောက်နုတ်ဆန်းစစ်ချက်၊ အန္တရာယ်ရှိသော အကြောင်းအရာများ ကောက်နုတ်ဆန်းစစ်ချက်၊ အကြောင်းအရာ ဖြန့်ချိရေးဗျူဟာလေ့လာချက်၊ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာများ၊ စကားဝှက်များ နောက်ကွယ်မှ ဆိုလိုရင်း များကို ဖော်ထုတ်လေ့လာခြင်းစသည့် ကဏ္ဍများ ပါဝင်မည်ဖြစ်ပါသည်။ အချုပ်အားဖြင့် လူမှုမီဒီယာများမှ တဆင့် သတင်းတု၊ သတင်းမှားပျံ့နှံ့ခြင်းကို ထိန်းချုပ်တန်ပြန်နိုင်ရန် နှင့် ၂၀၂၅ ခုနှစ်အတွင်း ဆက်လက် သတိထား စောင့်ကြည့်ရန်လိုအပ်သည့် ဖြစ်စဉ်များကို သုံးသပ် တင်ပြမည် ဖြစ်ပါသည်။

အစီရင်ခံစာ အနှစ်ချုပ်

ရှုံးလေလေ၊ အားစိုက်လေဖြစ်သည်။ အရှုံးပတ်လည်ဝိုင်းနေသော စစ်ကောင်စီကို ပြန်အဖတ်ဆည်ရန်၊ သို့တည်းမဟုတ် အရှုံးစစ်ပွဲ အလှည့်အပြောင်းဖြစ်ရန် စစ်လော်ဘီတို့က ကြိုးပမ်းကြသည်။ ကြွက်မနိုင် ကျီမီးရှို့ သည့် အနေနှင့် အပြစ်မဲ့ အရပ်သားများကို ပစ်မှတ်ထား ဓားစာခံလုပ်လာသည်။ ၂၀၂၄ တနှစ်ပတ်လုံးသည် စစ်ကောင်စီနှင့် လော်ဘီများ ပြာယာခတ် အလုပ်များသော ကာလဖြစ်ခဲ့သည်။ သတင်းတု၊ သတင်းမှားများကို နည်းလမ်းသစ်ထွင်ထုတ်လွှင့်ခြင်း၊ ငြီးငွေ့စရာကောင်းသော သတင်းတင်ဆက်မှု မှ ခွဲထွက်ကာ Tiktok ကဲ့သို့သော ပလက်ဖောင်းသစ်များသုံး၍ ပရိသတ်ကို ဆွဲဆောင်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

            ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေး၊ ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး တစတစ သိမ်းပိုက်ခံရမှုကြောင့် လူမှု ကွန်ရက် အွန်လိုင်းပေါ်မှ အမုန်းစကား၊ ဝါဒဖြန့်စစ်ဆင်ရေးတို့ မနားမနေ လုပ်ဆောင်ခဲ့ကြသည်။ ရခိုင်လူမျိုးများ ကို အဓိကပစ်မှတ်ထားသည်၊ ရိုဟင်ဂျာတို့နှင့် သွေးခွဲစစ်ဆင်ရေး ဖော်ဆောင်သည်။ စစ်မှုထမ်းဥပဒေကို အသက် သွင်းသည်။ တပြိုက်တည်းတွင် စစ်မှုထမ်းဥပဒေအရ အတင်းအကြပ် လူဖမ်းစစ်တွင်းပို့ခြင်းသည် တရားဝင် ကြောင်း ပုံဖော်ဝါဒဖြန့်ချိသည်။ ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များကို အကြမ်းဖက်များ အဖြစ် ပုံဖော်ပြီး တရုတ်လူမျိုးများကို ပစ်မှတ်ထား တိုက်ခိုက်သည်။ အသံတိတ်သပိတ်၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ တို့တွင် အကြမ်းအဖက်လူထု လှုပ်ရှားမှု မပေါ်လာစေရန် လှုံ့ဆော်သည်။ ယင်းတို့တွင် ပါဝင်သော လူထုကို ဖမ်းဆီးရန်၊ အကြမ်းဖက်ရန် လှုံ့ဆော်သည်။ လှုံ့ဆော်သည့် အတိုင်းဖမ်းဆီးခဲ့သည့် ဖြစ်ရပ်အချို့လည်း ရှိခဲ့သည်။ ပြည်တွင်းနေလူထု အပြင် ထိုင်းရောက် မြန်မာများကိုပါ အကြမ်းဖက်အားပေးများအဖြစ် စတင်ပုံဖော်လာသည်။ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်လာသော မြန်မာနိုင်ငံသားများ ပိုမိုအကျပ်အတည်း တွေ့စေရန် လုပ်ဆောင်သည်။ အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ၎င်းတို့ထံမှ ရသမျှ အခွန်ကောက်ရန် လုပ်ဆောင် သည်။

နောက်ထပ် အလေးဂရုပြုရမည့် ကိစ္စမှာ အရပ်သားများကို ပစ်မှတ်ထားသုတ်သင်သည့် အဖွဲ့ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ အနက်ရောင်သွေးသောက် အဖွဲ့ဟူသော အဖွဲ့တခု ပေါ်လာပြီး အရပ်သား အချင်းချင်း သတ်ဖြတ်ဟန် ပုံဖော်ထားကာ သတ်ဖြတ်သည့် ဖြစ်စဉ် ၆ ခုအထိ ရှိခဲ့သည်။ Kyaw Swar Telegram က အရပ်သားများကို NLD ထောက်ခံသူ အရပ်သားများကို သတ်ဖြတ်ရန် လှုံ့ဆော်ပြီးနောက် အချိန်ကိုက် ပေါ်လာသည့် အဖွဲ့တခုလည်း ဖြစ်သည်။ ယင်းအပြင် ဗမာအမျိုးသားကာကွယ်ရေးအဖွဲ့ဟူသော အဖွဲ့တရပ်လည်း ပေါ်ပေါက်လာပြီး အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများကို ဦးတည်၍ ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားလူမျိုးများက ဗမာများကို ခွဲခြားဖိနှိပ်နေသည်၊ မြန်မာနိုင်တွင် သာသနာ ကွယ်ရန် လုပ်ဆောင်နေသည်ဟုဆိုကာ လူမျိုး၊ ဘာသာအချင်းချင်း သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှု များလည်း ရှိခဲ့သည်။

အခန်း ၂ တွင် ဝါဒဖြန့်ချိရေး ယန္တရားလေ့လာချက်ကို တင်ပြထားပါသည်။ ယင်းတွင် ရှမ်းမြောက်၊ ရခိုင် အရေးအရာတို့တွင် မြန်မာစကားအပြင် တရုတ်၊ ဘင်္ဂလားဘာသာစကားတို့ကို အသုံးပြု၍ သတင်းတု၊ သတင်း မှား ဝါဒဖြန့်ချိမှုများကို တွေ့မြင်နိုင်သည်။ ယင်းအပြင် စစ်လော်ဘီတို့သည် အွန်လိုင်းပေါ်တွင် သာမက မြေပြင် တိုက်ပွဲရှေ့တန်းအထိ ထိုးဖောက်ကာ ဝါဒဖြန့်ချိမှုများ ထိုးဖောက်နေသည်ကို တွေ့နိုင်ပါသည်။ ရှေ့တန်းစစ်သည် တို့ထံ ပို့ဆောင်သော အနွေးထည်တို့တွင် ဝါဒဖြန့်တယ်လီဂရမ်တို့၏ ဖော်ပြချက်များကို ပုံနှိပ်ပါ တပါတည်း ထည့်သွင်းပေးသည်။ ယင်းအပြင် စစ်မှုထမ်းသစ်တို့ကို ပစ်မှတ်ထားသည့် ချန်နယ်များ သီးသန့်ဖန်တီးကာ စစ်မှုထမ်းသစ်တို့ကို မည်သို့ ကောင်းမွန်စွာ ပြုစုထား လေဟန်၊ စစ်သည်တို့ မည်မျှ ပျော်ရွှင်နေဟန် ဝါဒဖြန့်သည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ လော်ဘီ အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု၊ အချင်းချင်း ကြော်ငြာ ပေးမှုလည်း မြင့်တက်လာသည်။ အချင်းချင်း ပဋိပက္ခဖြစ်ဟန်ဆောင်၍ လူစိတ်ဝင်စားရန်ပင် လုပ်ဆောင်ခဲ့ကြ သေးသည်။

အာရုံလွှဲခြင်းမှာလည်း ၎င်းတို့၏ နည်းနာ တရပ်ဖြစ်သည်။ တော်လှန်ရေးဆိုင်ရာ အကြောင်းအရာများ သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ယခင်ကဲ့သို့ စိတ်ဝင်စားမှု မရှိတော့ သယောင်၊ ‘ပွဲရှာ’ အကြောင်း အရာ များက လူထုကို ပိုဆွဲဆောင်နိုင်ကြောင်း ရေးသားဖော်ပြကြသည်။ လူအသုံးများလာသော Tiktok တွင် ပေါ့ပေါ့ ပါးပါး ကိစ္စရပ်များ တင်ပြီး ပရိသတ်ကို ဆွဲဆောင်ရန် လုပ်ဆောင်လာသည်။ တော်လှန်ရေးအုပ်စုများ၏ ကျုးလွန် သည်ဟု စွပ်စွဲခံရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲများ၊ ကံစမ်းမဲဖောက်ခြင်းများဖြင့် ပိုမိုမြိုင်ဆိုင်လာစေရန် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုအပေါ် စစ်တပ်ထောက်ခံ သူများ အကြား ပေါ်ပေါ်တင်တင် မေးခွန်းထုတ်သည့် ဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်အတွင်း သတိပြုရမည့် ဖြစ်စဉ် ဖြစ်သည်။ စစ်ခေါင်းဆောင်အပေါ် ဝေဖန်သော ပေါက်ကိုယ်တော်၊ နောင်တော်လေး၊ ကျော်စိုးဦးနှင့် ကျော်မျိုးမင်း တို့ကို ခေတ္တဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ငါးမင်းဆွေကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် ၂၀၂၄ ခုနှစ်သည် စစ်ကောင်စီနှင့် လော်ဘီများ သောကများသည့် ကာလ ဖြစ်ပြီး ဝါဒဖြန့်ချိရေး နည်းနာသစ်များဖြင့် ကြိုးပမ်းသော်လည်း အချည်းနှီးဖြစ်ခဲ့သည်။ စစ်တိုင်းနှစ်ခု အထိ လက်လွှတ်လိုက်ရပြီး အရှုံးသာ ရင်ဝယ်ပိုက်ခဲ့ရသည့် နှစ်လည်း ဖြစ်ခဲ့သည်။

စစ်လော်ဘီများသည်လည်း ညွှန်ကြားချက် အမိန့်များကြောင့်သာ လိမ်လည် ဝါဒဖြန့်နေရသည်။ လိမ်လေ၊  ပေါ်လေ၊ စစ်ကလည်း ရှုံးလေ ဖြင့် ၂၀၂၄ ခုနှစ်ကို အရှက်တကွဲ နှုတ်ဆက်ရတော့မည် ဖြစ်သည်။

စစ်ကောင်စီနှင့် စစ်ကောင်စီ လော်ဘီ ဝါဒဖြန့်သမားတို့၏ အလံဖြူနှစ်လည်း ဖြစ်ခဲ့သည်။

အစီရင်ခံစာနည်းနာ

The Red Flag က ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၀ ရက် အထိ စောင့်ကြည့်သိမ်းဆည်းထားသည့် လူမှုကွန်ရက်မီဒီယာများပေါ်ရှိ စာမျက်နှာအရင်းအမြစ် စုစုပေါင်း ၃၁၇ ခု မှ ဖြန့်ဝေထားသော အကြောင်းအရာ ပေါင်း ၃၁၀၄ ခုကို အခြေခံပြီး ဆန်းစစ်လေ့လာထားသည်။ စောင့်ကြည့်ရာတွင်  Telegram လူမှုမီဒီယာပေါ် ရှိ အကြောင်းအရာများအား ပထမဦးစားပေး လေ့လာစောင့်ကြည့်ပြီး  Tiktok, Youtube နှင့် Facebook လူမှု မီဒီယာများနှင့် Website စာမျက်နှာများအား  ဒုတိယဦးစားပေး အနေဖြင့် လေ့လာစောင့်ကြည့်ထားခြင်း ဖြစ် သည်။

ဆန်းစစ်လေ့လာမှုအတွက် အရည်အသွေးအခြေပြုနည်းလမ်းနှင့် အရေအတွက်အခြေပြု နည်းလမ်း နှစ်ခု ကို ရောစပ်အသုံးပြုထားပါသည်။

အရည်အသွေးအခြေပြုနည်းလမ်းအနေဖြင့် သိမ်းဆည်းထားသည့် အကြောင်းအရာများတွင် ပါဝင် သော ဆိုလိုရင်းအဓိပ္ပာယ်များကိုဖော်ထုတ်ကာ –

  • သတင်းတုသတင်းမှားအခြေအနေများ
  • အန္တရာယ် ဖြစ်စေနိုင်သောအခြေအနေများ
  • အကြောင်းအရာဖြန့်ချိရေးဗျူဟာ
  • စကားဝှက်များအားဖော်ထုတ်ခြင်းတို့ကို ဆန်းစစ်လေ့လာခြင်းဖြစ်သည်။

အရေအတွက် အခြေပြုနည်းလမ်းအနေဖြင့် သိမ်းဆည်းထားသည့် အကြောင်းအရာ စုစုပေါင်း ၃၁၀၄ ခုအား  

  • အန္တရာယ်ဖြစ်နိုင်မှုအခြေအနေ (Risk Level)
  • အကြောင်းအရာအမျိုးအစား(Category)
  • ဆက်နွယ်သည့်ကိစ္စ(Issue)
  • ပစ်မှတ်ထားခံရသည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ(Target) စသည့် The Red Flag ၏ အချက်အလက်စုဆောင်းမှု စံသတ်မှတ်ချက်အပေါ်မူတည်ကာ အရောင်များ၊ ကိန်းဂဏန်းများ၊ ရာခိုင်နှုန်းများဖြင့်တွက်ချက်ပြီး အကြိမ်အရေအများဆုံးအသုံးပြု ခံရသည့်  စံသတ်မှတ်ချက် များကို ဆန်းစစ်ထားသည်။

[1] https://www.voanews.com/a/a-13-a-2003-01-31-42-1-67286467/268902.html

အစီရင်ခံစာအား Download ရယူရန်