၂၀၂၅ သြဂုတ် ၂၀ ရက်
သျှမ်းသံတော်ဆင့်၊ The Red Flag
သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။
ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည် တောင်းပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက အတင်းအကြပ် ခေါ်ယူပြီး ဆန္ဒပြခိုင်းခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ ဆန္ဒပြပွဲကို သြဂုတ် ၁၉ ရက်တွင် သျှမ်းပြည် မြို့တော် တောင်ကြီးမြို့နှင့် နမ့်စန်မြို့တွင် လည်းကောင်း၊ သြဂုတ် ၁၈ ရက်တွင် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တွင် လည်းကောင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ချိထားပြီး “ရှမ်းပြည်သူလူထု အေးချမ်းစွာ နေထိုင်ရေး TNLA၊ MNDAA ရှမ်းဒေသမှ အမြန်ဆုံး ထွက်ခွာပေး”၊ “MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်မှု ချက်ချင်းရပ်”၊ “TNLA အကြမ်းဖက်သမားများ ထွက်ခွာပေး ပြည်သူလူထုငြိမ်းရေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့ပေါ် စီတန်းလှည့်လည်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထိုဆန္ဒပြပွဲတွင် စစ်ကော်ရှင်လက်အောက်ခံ ဝန်ထမ်းများ၊ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီဝင်များလည်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့များ လုံခြုံရေး ရယူပေးခဲ့ကြောင်း မြို့ခံများက ပြောသည်။
သို့သော် ပြည်သူများသည် မိမိဆန္ဒအလျှောက် ဆန္ဒပြထုတ်ဖော်ခြင်း မဟုတ်ဘဲ အများစုမှာ စစ်တပ်ထောက်ခံသူများ၊ မဘသများကို နေ့စားခနှင့် ထမင်းထုပ်များပေးကာ ပြည်နယ်ဘောလုံးကွင်းမှတဆင့် စူဠာမုဏိစေတီအထိ လူအင်အား (၃၀၀) ကျော်ဖြင့် နာရီဝက်ခန့် လမ်းလျှောက်ဆန္ဒပြခိုင်းခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မဘသနဲ့ စစ်တပ်ထောက်ခံသူတွေ လုပ်ကြတာ၊ အေးသာယာနဲ့ စိန်ပန်း ရွှေတောင်ဘက်က လူတွေပါ။ ခေါ်သလောက် လူမလာလို့ သူတို့ရုံးဝန်ထမ်းတွေကို အလံပေးပြီး လမ်းလျှောက်ခိုင်းတာ။ MNDAAနဲ့ TNLAကို ပြတာတဲ့၊ သျှမ်းနဲ့ ရန်တိုက်တာပေါ့။ ပိုက်ဆံ ၆,၈၀၀ ကျပ်ပေးခေါ်တယ်လို့ ကြားတယ်။ သျှမ်းဝတ်စုံ ဝတ်ပြီး တက်ခိုင်းတယ်၊ သူတို့လုပ်နေကြတွေပါ” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်က တောင်ကြီးမြို့ပေါ် ဆန္ဒပြပွဲတွင် လူအင်အား နည်းပါးခြင်းကြောင့် ၎င်းလက်အောက်ခံ ဆည်မြောင်း၊ လွှတ်တော်ရုံးနှင့် စုပေါင်းရုံးတို့မှ ဌာနဆိုင်ရာများကို အလံနှင့် ဆိုင်းဘုတ်ပေးကာ ပါဝင်အားဖြည့်ခိုင်းပြီး လမ်းလျှောက်ဆန္ဒပြခိုင်းခဲ့ကြောင်း ဆိုသည်။
“ဆန္ဒပြတဲ့အထဲမှာ သျှမ်းပြည်ကနေ တအာင်းတပ်နဲ့ ကိုးကန့်တပ်တွေ ထွက်သွားဆိုတာပါတယ်။ အဓိကတော့ တအာင်းတပ်နဲ့ ကိုးကန့်တပ်က သျှမ်းပြည်ကို စစ်မက်ဖြစ်အောင် ဖန်တီးနေတာကို သျှမ်းပြည်တွေက လက်မခံလို့ ဆန္ဒပြထုတ်ဖော်နေတာလို့ သတင်းစကားပါးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါပဲ” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက ဆက်ပြောသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://myanmarfactcheckingnetwork.org/2025/08/20/အိမ်ကြက်အချင်းချင်း-အထင/