ဝါဒဖြန့်စာမျက်နှာများ ကြိုတင်ဆင်နွှဲနေသည့် အတုအယောင်ရွေးကောက်ပွဲ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏မဲရလဒ်များကို မဲမသမာမှုအဖြစ်စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရနှင့် ဆက်စပ်အဖွဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ပစ်မှတ်ထားဖယ်ရှားကာ အာဏာသိမ်းယူခဲ့သည့် စစ်တပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီတပ်သည် ရွေးကောက်ပွဲဆိုသည့်စကားလုံးကိုအသုံးပြုကာ နိုင်ငံရေးထွက်ပေါက်ရှာရန် ပြင်ဆင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် ကတည်းကဖြစ်သည်။ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် မီဒီယာအဖွဲ့အစည်းများကမူ စစ်ကော်မရှင်ကကျင်းပမည့်ရွေးကောက်ပွဲအား အတုအယောင်ရွေးကောက်ပွဲအဖြစ် ထိုစဉ်ကတည်းက သုံးနှုန်းခဲ့ကြသည်။ စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြိုတင်ပြောဆိုခဲ့သော်လည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့် အထိနာမှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ နယ်မြေဆုံးရှုံးမှုကြီးမားသဖြင့် ရွေးကောက်ပွဲကျင်းပရေးကို ရွေ့ဆိုင်းလိုက်ပြီး အရေးပေါ်ကာလပြဌာန်းချက်ကို ၇ကြိမ်အထိ သက်တမ်းတိုးကာ နိုင်ငံကိုအတင်းအဓမ္မအုပ်ချုပ်ခဲ့သည်။

၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းကတည်းကရခိုင်ဒေသတွင် အာရက္ခတပ်တော်(AA)၏ မြို့သိမ်းတိုက်ပွဲများ အရှိန်မြင့်ခဲ့ပြီး မြို့နယ်စုစုပေါင်း (၁၇)ခု ရှိသည့်အနက် (၁၄) မြို့နယ်ကို AAက အပြီးသတ်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီနှင့် ဝါဒဖြန့်ချိရေးအုပ်စုများသည် ရခိုင်မုန်းတီးရေးလှုံ့ဆော်ချက်များဖြင့် ရခိုင်လူမျိုးများကို ပစ်မှတ်ထားခြိမ်းခြောက်ကာ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်အထိ ရိုက်ခတ်မှုကြီးမားခဲ့သည်။ အဆိုပါ ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းထွက်ပေါ်လာပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)နှင့် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သဖြင့် စစ်ကောင်စီအတွက် အရှက်ရစရာ ဖြစ်စေခဲ့သည်။ သို့သော်စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပရေးကို လက်မလျှော့ဘဲ တရုတ်၏ဖိအားပေး ကြားဝင်ဆောင်ရွက်မှုဖြင့် ၂၀၂၅ ခုနှစ်တွင် MNDAA ထိန်းချုပ်မှုအောက်မှ လာရှိုးမြို့ကိုပြန်လည်ရယူကာ အခြားဆုံးရှုံးနယ်မြေများကိုလည်း တန်ပြန်ထိုးစစ်များဖြင့် ပြန်လည်ရယူရန် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။

စစ်ကောင်စီအသွင်ပြောင်းစစ်ကော်မရှင်ထိန်းချုပ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲများအနက် ရွေးကောက်ပွဲအပိုင်း(၁)ကို လာမည့်ဒီဇင်ဘာလ ၂၈ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲစနစ်များနှင့် မဲဆန္ဒနယ်များကို တစ်ဆက်တည်းကြေငြာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် မြို့နယ်ပေါင်း (၉၀) ဝန်းကျင်ရှိပြီး UECက ရွေးကောက်ပွဲကျင်းပမည် ဟု ကြေညာထားသည့်မြို့နယ်များတွင် အဆိုပါမြို့နယ်အများစုလည်း ပါဝင်နေသည်။ စစ်ကော်မရှင် ခေါင်းဆောင်သည် လက်လွှတ်ဆုံးရှုံးထားရသည့်နယ်မြေများကို ရွေးကောက်ပွဲအတွက် ရနိုင်သမျှ ပြန်လည်ရယူရန် ညွှန်ကြားခဲ့သည်ဟု သတင်းဌာနများတွင် ဖော်ပြထားသည်။ လက်ရှိအချိန်တွင်လည်း စစ်ကော်မရှင်တပ်သည် ဆုံးရှုံးနယ်မြေများကို တန်ပြန်ထိုးစစ် အဆက်မပြတ်လုပ်ဆောင်နေပြီး ထိုသို့ အတိုက်အခိုက်မခံချင်လျှင် လက်နက်ချပြီး ရွေးကောက်ပွဲဝင်ရမည်ဟု စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့် စာမျက်နှာများက ရာဇသံပေးနေကြသည်။

လက်ရှိအချိန်တွင် စစ်ကော်မရှင်၏ အင်အားသုံးနယ်မြေရှင်းလင်းမှုများနှင့် အာဏာတည်မြဲရေးအတွက် အမြဲမပြတ်ဝါဒဖြန့်ချိပေးနေကြသည့် Kyaw Swar, Han Nyein Oo, Banyunt, Thazin Oo, Ko Thet နှင့် ဆက်စပ်အခြားဝါဒဖြန့်စာမျက်နှာများစွာသည် ရွေးကောက်ပွဲအသားပေးသည့် အကြောင်းအရာများကို ပိုမို ဖြန့်ဝေနေကြသည်။ ရွေးကောက်ပွဲအာရုံစိုက်မှုရရှိစေရေး၊ ရွေးကောက်ပွဲမတိုင်ခင်ဆုံးရှုံးနယ်မြေများ ပြန်လည်သိမ်းယူရေး၊ ရွေးကောက်ပွဲကိုမဆန့်ကျင်ရဲစေရန် အကြောက်တရားဖြန့်ဖြူးရေး၊ မဲဆန္ဒရှင်အသိပညာ ပေးလုပ်ငန်းများအတွက် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နေသည့်အတွက်အဆိုပါအခြေအနေများကို သတိပြုနိုင်ရန် ယခုဖြစ်ရပ်နမူနာ လေ့လာမှုတွင် တင်ပြထားပါသည်။

အတုအယောင်ရွေးကောက်ပွဲကျင်းပရေးအတွက် အွန်လိုင်းစာမျက်နှာများက ကြိုတင်ဖြန့်ဝေမှုများ

 

(၁) ဆုံးရှုံးနယ်မြေများအား ရွေးကောက်ပွဲအမီပြန်ယူရန်လှုံ့ဆော်အားပေးမှုများ

အတုအယောင်ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို စစ်ကော်မရှင်ဘက်က ၂၀၂၅ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ခပ်စိပ်စိပ်ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ(EROs)၊ NUG ထိန်းချုပ်မှုအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)နှင့် အခြားဒေသခံကာကွယ်ရေးတပ်များသိမ်းပိုက် ထားသည့်မြို့နယ်အချို့တွင်ပါ ရွေးကောက်ပွဲများ ပြုလုပ်မည်ဟုကြေညာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာ အရေးပေါ်ကာလပြဌာန်းချက်ကို ရုတ်သိမ်းခဲ့ပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများသိမ်းပိုက်ထားသည့် မြို့နယ် (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေစစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ ထိုသို့ကြေညာပြီးသည်နှင့် တပြိုင်နက် ၆၃ မြို့နယ်ထဲက အချို့မြို့နယ်များကို တန်ပြန်စစ်ဖြင့် အပြင်းအထန်စစ်မျက်နှာဖွင့်ခဲ့သည်။

စစ်ကော်မရှင်ဆက်စပ် တယ်လီဂရမ်စာမျက်နှာများတွင် ထိုးစစ်ဆင်ရေးလုပ်ငန်းစဉ်များအတွက် အခါတော်ပေးလေ့ရှိပြီး အကြမ်းဖက်ထိုးစစ်ဆင်မှုကို တရားဝင်စေရန် ကာကွယ်ဆောင်ရွက်ပေးလေ့ရှိသည်။ ကြိုတင်လှုံ့ဆော်ခြင်းများလည်းပါဝင်သည်။ ဩဂုတ်လဆန်းပိုင်းတွင် TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ပြန်လည်သိမ်းယူခဲ့ပြီး ဝါဒဖြန့်စာ မျက်နှာများက အောင်ပွဲခံခဲ့ကြသည်။ ဩဂုတ် ၂၄ ရက်တွင် နောင်ချိုနှင့် ကျောက်မဲကို ဆက်သွယ်ထားသည့် သမိုင်းဝင်ဂုတ်ထိပ်တံတား၏ အစိတ်အပိုင်းအချို့ ဗုံးထိမှန်ပျက်စီးခဲ့ပြီး တရားခံကို TNLA နှင့် စစ်ကော်မရှင်တို့က နှစ်ဖက်အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ အဆိုပါဖြစ်စဉ်မတိုင်ခင် ဇူလိုင်လကုန်ပိုင်းကတည်းက စစ်ကော်မရှင် ထောက်ခံနာမည်ဆိုးနှင့်ကျော်ကြားသည့် Kyaw Swar တယ်လီဂရမ်စာမျက်နှာတွင် TNLAသည် ကျောက်မဲ မှတစ်ဆင့် နောင်ချိုသို့ စစ်ကူများစေလွှတ်လျက်ရှိနေသည်၊ ထို့ကြောင့် ကျောက်မဲနောင်ချိုလမ်းကြောင်းများကို ဖျက်ဆီးထားသင့်သည်ဟု အတိအလင်းလှုံ့ဆော်ခဲ့သည်။ စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်ရာ တွင် “မြေကြီးကျန်ရင်ရပြီ၊လူမကျန်နဲ့ အဆောက်အဦးမကျန်နဲ့” ဆိုသည့်ဆောင်ပုဒ်ဖြင့် မကြာခဏအားပေး လှုံ့ဆော်လေ့ရှိသည့် ဝါဒဖြန့်စာမျက်နှာများက ဂုတ်ထိပ်တံတားပျက်စီးပြီးသည့်နောက်ပိုင်းတွင် သမိုင်းဝင် အမွေအနှစ် တံတားတစ်စင်းကိုဖျက်စီးသည့်တရားခံမှာ TNLAဖြစ်သည့်အတွက် စစ်ကော်မရှင်နှင့် ၎င်းထောက်ခံသော စာမျက်နှာများကစွပ်စွဲကြသည်။ EROs နှင့် PDF များထိန်းချုပ်ရာဒေသများတွင် စစ်ကောင်စီ လက်ချက်ဖြင့် ပျက်စီးရသည့် အသက်နှင့် စေတီပုထိုး၊ စာသင်ကျောင်း၊ သမိုင်းဝင်အဆောက်အဦများစွာ ရှိနေသည်။

ပုံစာ (၁) – Kyaw Swarစာမျက်နှာမှတစ်ဆင့်ဖြန့်ဝေထားသည့် ရှေ့နောက်မညီပြင်းထန်သောလှုံ့ဆော်ချက်များ

ထို့ပြင် “မင်းဘယ်ပြေးမလဲ မိုးကုတ်” အစချီလျက် ၁၀၂၇ဒုတိယစစ်ဆင်ရေးကာလအတွင်း TNLAနှင့် MDY-PDFတို့ ပူးပေါင်းသိမ်းပိုက်ထားသော မန္တလေးဒေသမိုးကုတ်မြို့ကို စစ်ကော်မရှင်က ပြန်လည် သိမ်းပိုက်ရေး မကြာမီလုပ်ဆောင်တော့မည်ဖြစ်ကြောင်း စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့်စာမျက်နှာများက ရေးသားဖြန့်ဝေနေကြသည်။ ထိုဖြန့်ဝေချက်ထဲတွင် ယခုကဲ့သို့ ဆုံးရှုံးထားသည့်မြို့နယ်များပြန်လည်ရယူရာတွင် ပြည်သူ့စစ်မှုထမ်းအင်အားနှင့် Droneအသုံးပြုမှု အကူအညီများစွာယူခဲ့ရသည်ဟု ထည့်သွင်းဝန်ခံထားသည်။ ပကတိအခြေအနေတွင် Droneထက်ပိုသော တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များဖြင့် လေကြောင်းမှ တစ်ဆင့်  တိုက်ခိုက်မှုများရှိနေသောကြောင့် အရပ်သားသေဆုံးမှုအများအပြားရှိခဲ့သည်ကိုလည်း မီဒီယာများတွင် ဖော်ပြထားသည်။ ထို့ကြောင့် လာမည့်အတုအယောင်ရွေးကောက်ပွဲအမီ စစ်ကော်မရှင်ဆုံးရှုံးထားသည့်မြို့နယ်များ ပြန်လည်သိမ်းယူရေးအတွက် အတင်းအဓမ္မတပ်သားသစ် စုဆောင်းရေးကို ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်အောက်မှ အရှိန်မြှင့်လုပ်ဆောင်ဖွယ်ရှိနေပြီး လေကြောင်း တိုက်ခိုက်ရေးတွင် Drone အသုံးပြုစစ်ဆင်ရေးကိုပိုမိုအသုံးပြုဖွယ်ရှိနေသည်မှာ သတိပြုစရာအချက်ဖြစ်သည်။

တန်ပြန်တိုက်စစ် လုပ်ဆောင်သင့်သည့်နေရာဒေသများစာရင်းနှင့် မည်သည့်အတွက်ကြောင့် ပြန်လည် သိမ်းပိုက်ရန်လိုအပ်ကြောင်းကိုလည်း ဝါဒဖြန့်စာမျက်နှာများကနှပ်ကြောင်းပေးကြသေးသည်။ စစ်ကိုင်းဒေသကို ရွေးကောက်ပွဲကိစ္စ၊ ရွှေတွင်းကိစ္စ၊ ရေနံတွင်းကိစ္စများကြောင့်ဟုလည်းကောင်း၊ မန္တလေးဒေသကို ရွှေတွင်းများရှိနေခြင်းကြောင့်ဟုလည်းကောင်း၊ ကျောက်မဲ၊ မိုးကုတ်မြို့များကိုလည်း သိမ်းသင့်ပြီး မိုးကုတ်ကို  ကျောက်တွင်းများရှိခြင်းနှင့် အသံပိုထွက်နေခြင်းကြောင့် ဦးစားပေးသိမ်းသင့်သည်ဟုလည်းကောင်း ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတစ်ခုက လှုံ့ဆော်ခဲ့သည်။ ထို့အတူ ကချင်၊ ကရင်၊ ကရင်နီ၊ မကွေး၊ တနင်္သာရီနှင့် မွန်ဒေသများကိုလည်း သဘာဝသယံဇာတများနှင့် ပထဝီအနေအထား မဟာဗျူဟာကျမှုအပေါ်အခြေခံ၍ ပြန်သိမ်းသင့်ကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များသည် ဝါဒဖြန့်စာမျက်နှာများလှုံ့ဆော်ရာ ဒေသအားလုံးအပေါ်တွင် သက်ရောက်မှုပြင်းထန်လျက်ရှိသည်။ ရွေးကောက်ပွဲ မတိုင်ခင် PDFများကို အပြီးရှင်းမည်ဖြစ်ပြီး ၊ တောကြောင်ကို မီးကင်ရမည့်ကာလ ဖြစ်သည်ဟု ဝါဒဖြန့်စာမျက်နှာများက ရေးသားထားသည်။

ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများက ထောက်ခံနေပြီဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် အလင်းဝင်ခြင်းသည်သာ တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်ဖြစ်သည်ဟု အချက်အလက်အမှားများဖြင့် ဝါဒဖြန့်ချိခြင်းမှာလည်း စစ်ကော်မရှင်ဝါဒဖြန့် စာမျက်နှာများ၏ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြန်ဆုံးနည်းလမ်းသည် NUG နှင့် PDF တို့ စစ်ကော်မရှင်ထံ အလင်းဝင်၍ ရွေးကောက်ပွဲဝင်ခြင်းသာ ဖြစ်သည်ဟု နာမည်ကျော် စစ်ကော်မရှင်လက်ကိုင်တုတ် Han Nyein Oo တယ်လီဂရမ်စာမျက်နှာက ရေးသားထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီထောင်ပြီး အစိုးရဖြစ်နိုင်သော အလွယ်အကူဆုံးလမ်းကြောင်းသည် ရွေးကောက်ပွဲသာဖြစ်သည်ဟု ထိုစာမျက်နှာများက ဆိုကြသေးသည်။

 

ရွေးကောက်ပွဲကိုဆန့်ကျင်ပါက လေကြောင်းတိုက်ခိုက်ရန်လှုံ့ဆော်ခြင်း

ရွေးကောက်ပွဲကိုဆန့်ကျင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းမှန်သမျှကို တိုက်ခိုက်ချေမှုန်းရန်          စစ်ကော်မရှင်က ရည်ရွယ်ထားသည်။ ၂၀၂၅ခုနှစ် ဩဂုတ်၃၁ရက်တွင် ထုတ်ဝေသည့် စစ်ကော်မရှင် ထိန်းချုပ်နိုင်ငံပိုင်သတင်းစာများတွင် ရွေးကောက်ပွဲကိုဖျက်လျှင် ဒီတိုင်းကြည့်နေမှာမဟုတ်ဆိုသည့်  ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကိုသုံး၍ ခြိမ်းခြောက်ခဲ့သည်။ ယင်းဖော်ပြချက်မတိုင်မီကတည်းက ရွေးကောက်ပွဲကိုဆန့်ကျင်ဝေဖန်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အင်အားသုံး၍ အကြမ်းဖက် ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထိန်းချုပ် ထားသည့်နယ်မြေများကို စစ်ကော်မရှင်ဘက်က ပိုမိုတိုက်ခိုက်ခဲ့ပြီး KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေကို ဩဂုတ်၁၀ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဩဂုတ် ၂၀ရက်တွင်လည်း စစ်ကော်မရှင် ပြုလုပ်မည့်ရွေးကောက်ပွဲကို ကယန်းအမျိုးသားတပ်မတော် (KNA)က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်ကော်မရှင်ထောက်ခံသည့်စာမျက်နှာများက အဆိုပါသတင်းကို ပြန်လည်ကူးယူ၍ နေ့ညမပြတ် ဗုံးပတ်ကြဲရန်လိုအပ်ကြောင်းနှင့် ရခိုင်ပြည်ရှိ မြို့နယ်များကိုပါ ပေါင် (၁၀၀၀) ဗုံးဖြင့်ကြဲရန်လိုအပ်သည်ဟု လှုံ့ဆော်ခဲ့သည်

ပုံစာ (၂) – ရွေးကောက်ပွဲကိုဆန့်ကျင်ပါက လေကြောင်းတိုက်ခိုက်ရေးနှင့် အပြတ်ချေမှုန်းရေးလုပ်ဆောင်ရန်လှုံ့ဆော်ချက်များ

 

            စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပါဝင်သူများသည် အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်းနှင့် KNU နယ်မြေအတွင်း စစ်ကော်မရှင်ရွေးကောက်ပွဲ ကူညီပံ့ပိုးသူများကို အရေးယူမည်ဟု KNU က ကြေညာထားသည်။ ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA) နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲကိုလက်မခံကြောင်း သဘောထားထုတ်ဖော်ခဲ့သည်။ စစ်ကော်မရှင်ဘက်ကမူ KNU ၊ MNDAA၊ AA နှင့် TNLA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားပြီး စိတ်တိုင်းကျတိုက်ခိုက်ချေမှုန်းရေးအခွင့်အလမ်းဖန်တီးလျက်ရှိကာ စစ်ကော်မရှင်ထောက်ခံသည့်ဝါဒဖြန့်စာမျက်နှာများထက်တွင်လည်း KIA နှင့် KNU တို့ကိုအပြတ်ရှင်းရန် လှုံ့ဆော်နေသည်။ USDP ပါတီ၏ လက်ရှိနေပြည်တော်ကောင်စီဥက္ကဌတာဝန်ယူထားသည့် ဦးလှဆွေ(ခ)ဘူးလက်လှဆွေကလည်း “သူပုန်တွေ စောစောစီးစီး ငြိမ်းချမ်းရေးယူရင်ယူထား၊ မယူရင် အမုန်းကြိတ်မှာနော်” ဟုပြင်းပြင်းထန်ထန်ခြိမ်းခြောက်ထားသည်

(၂)အတုအယောင်ရွေးကောက်ပွဲနှင့် အရပ်သားများလုံခြုံရေး

စစ်ကော်မရှင်သည် ၎င်းတို့ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို နှောက်ယှက်ပါက ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း၊ သေဒဏ်နှင့်ငွေဒဏ်များဖြင့် အရေးယူဆောင်ရွက်မည်ဟု ဇူလိုင်လကုန်ပိုင်းတွင်ကြေညာ ထားသည်။ စစ်ကော်မရှင်ဆက်စပ် ဝါဒဖြန့်ချိရေးစာမျက်နှာများသည် လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ ထုတ်ဖော်၍ အန္တရာယ်ပြုရန်လှုံ့ဆော်ခြင်း(Doxxing)ကို စနစ်တကျလုပ်ဆောင်နေသည်မှာ အာဏာသိမ်းစကာလ ကတည်းကဖြစ်သည်။ ထိုသို့လှုံ့ဆော်မှုများကြောင့် အာဏာသိမ်းကာလအတွင်းလူပေါင်း (၁၈၀၀) ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု Data for Myanmar အဖွဲ့ကထုတ်ပြန်ထားသည်။ စစ်ကော်မရှင်ကို ဆန့်ကျင်သူများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို အမြဲမပြတ်ပစ်မှတ်ထားပြီး မဆန့်ကျင်ရဲစေရန်ခြိမ်းခြောက် နေသည်မှာစစ်ကော်မရှင်၏ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းစဉ်များအနက်တစ်ခုဖြစ်သည်။

ပုံစာ (၃) – စစ်ကော်မရှင်ထောက်ခံစာမျက်နှာတစ်ခုက ဖမ်းဆီးရေးလှုံ့ဆော်ပြီး ရွေးကောက်ပွဲဥပဒေဖြင့် ပထမဆုံး အရေးယူဖမ်းဆီးသည့်ဖြစ်စဉ်တစ်ခု

 

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်တွင် လားရှိုးမြို့ပေါ် ကားလုယက်မှုကို လုံခြုံရေးကင်းမဲ့မှုအဖြစ် Lashio Baegyi အမည်ဖြင့်သုံးစွဲသည့် ဖေ့ဘွတ်ခ်အကောင့်မှတစ်ဆင့် စစ်ကော်မရှင်အား သွယ်ဝိုက်ဝေဖန်ခဲ့ရာ စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာ တစ်ခုဖြစ်သော Kyaw Win Maung စာမျက်နှာက ဖမ်းဆီးရေးလှုံ့ဆော်ချက်ကိုတင်ခဲ့သည်။ Lashio Baegyi အကောင့်၏ ရေးသားချက်တွင် “ပြည်သူ့ဆန္ဒ မဲလိုချင်လျှင် ပြည်သူကို မည်သို့အကျိုပြုမည်နည်းစဉ်းစား” ဆိုသည့် အချက်ပါဝင်ခဲ့ရာ Lashio Baegyi အကောင့်ပိုင်ရှင်ဖြစ်သူကို ဩဂုတ် ၂၆ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့် အရေးယူပြီးဖမ်းဆီး ထားကြောင်း ဝါဒဖြန့်စာမျက်နှာများတွင် ဖြန့်ဝေခဲ့ကြသည်။ ရွေးကောက်ပွဲဆန့်ကျင် နှောင့်ယှက်မှုများအပေါ် ထောင်ဒဏ်များအပြင် သေဒဏ်အထိပါ ချမှတ်နိုင်သည့် ဥပဒေတစ်ရပ်အား ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲဖြင့် စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပြီး တစ်လမပြည့်ခင် ရက်ပေါင်း ၂၈ ရက်အတွင်း ထိုဥပဒေဖြင့် ပထမဆုံးအရေးယူပြပြီး ရွေးကောက်ပွဲကို ပြည်သူများ မဆန့်ကျင်ရဲစေရန်လုပ်ဆောင်ပြခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်ဆက်စပ်ဝါဒဖြန့်စာမျက်နှာများသည် ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်မည့် ပြည်သူများအား ပစ်မှတ်ထားပြီး ဖမ်းဆီးရေး လှုံ့ဆော်မှုများဖြန့်ဝေနေပြီး ဆက်လက်လှုံ့ဆော်ဦးမည်မှာ မလွဲမသွေဖြစ်သည့်အတွက် အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများလုံခြုံရေးအတွက် အထူးသတိထားရန် လိုအပ်သည်။

 

(၃)အတုအယောင်ရွေးကောက်ပွဲဆက်စပ် လှုပ်ရှားဆောင်ရွက်နိုင်ချေရှိသည့် အွန်လိုင်းစာမျက်နှာများ နှင့် အကြောင်းအရာများ

အတုအယောင်ရွေးကောက်ပွဲအတွက် ဆက်စပ်ရာလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် မြေပြင်တွင် နေ့စဉ်နှင့်အမျှ ပြင်ဆင်ဆောင်ရွက်မှုများရှိနေသကဲ့သို့ အွန်လိုင်းစာမျက်နှာများတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်မည့် စာမျက်နှာများရှိသေးသည်။ UECနှင့်နိုင်ငံရေးပါတီများ၊ MOI နှင့် IPRD စာမျက်နှာများ၊  သံရုံးများ၊ စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်ချိရေးအစုအဖွဲ့များ၊ စစ်တပ်ကြိုးကိုင် ချယ်လှယ်နေသည့်စာမျက်နှာများ၊ အမျိုးသားရေးအစွန်းရောက်အင်အားစုများ၊ စစ်တပ်ဘက်ယိမ်းသည့် မီဒီယာအမည်ခံအစုအဖွဲ့များ၊ ထင်ပေါ်ကျော်ကြားသူတို့၏စာမျက်နှာများသည် သတိပြုစောင့်ကြည့်ဖွယ်ရာ ဖြစ်သည်။ စစ်ကော်မရှင် နှင့်  အဓိကတရားဝင်ထိစပ်ခွင့်ရနေသည်မှာ အဆိုပါအစုအဖွဲ့များဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများ ပြောဆိုချက်များကိုဖြန့်ဝေရာတွင် အဆိုပါ အစုအဖွဲ့များကို အသုံးပြုပြီး စစ်ကော်မရှင်အုပ်စုက အဓိကထုတ်လွှင့်နေသည်။ စစ်ကော်မရှင်ပြုလုပ်သည့် အခမ်းအနားများသို့ ယင်းအစုအဖွဲ့များမှ လူပုဂ္ဂိုလ်များကို ဖိတ်ကြားပြီးတက်ရောက် စေသည့်ဖြစ်စဉ်များလည်းရှိသည်။

စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့်စာမျက်နှာအများစုသည် USDP ပါတီလှုပ်ရှားမှုများကို ဝေဝေဆာဆာမျှဝေကာ ပါတီပုံရိပ်နှင့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကူညီပံ့ပိုးနေကြသည်။ အချို့Channel များသည် “တပ်မတော်နှင့်သဟဇာတဖြစ်သည့် USDPပါတီကို မဲပေးမှသာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးချောမွေ့ပြီး တိုင်းပြည်ကိုလည်း ကောင်းမွန်သောအရွေ့ဆီ တွန်းပို့နိုင်မည်” ဟု မဲဆွယ်စည်းရုံးစကားပင် ဖြန့်ဝေပေးကြသေးသည်။ NLD ကိုယ်စားလှယ်ဟောင်း ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို ဝိုင်းဝန်းပံ့ပိုးနေကြသည့် ဝါဒဖြန့်စာမျက်နှာအချို့လည်းရှိသည်။ အတုအယောင်ရွေးကောက်ပွဲပြုလုပ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးစကားများနှင့် ပြိုင်ဆိုင်ရေး၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအ ကြောင်းအရာများကို အွန်လိုင်းစာမျက်နှာများတွင် ပိုမိုမြင်တွေ့လာရဖွယ် ရှိနေသည်။

ထို့ပြင် စစ်ကော်မရှင်အတွက်ဝါဒဖြန့်ချိပေးနေသည့် မီဒီယာအမည်ခံ Myanmar Hard Talk တည် ထောင်သူ အောင်မင်းသည် နိုင်ငံတကာသတင်းဌာနတစ်ခုက တစ်လလျှင်ဆောင်းပါး ၃ ပုဒ်ရေးခိုင်းပြီး တစ်ပုဒ် လျှင် ဒေါ်လာ (၃၀၀) ပေးသည်ဟု ၎င်း၏ တယ်လီဂရမ်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲ အခင်းအကျင်းနှင့်ပတ်သက်၍လည်း စင်္ကာပူသတင်းဌာနတစ်ခုက ဆောင်းပါးရေးရန် ပြောဆိုထားသည်ဟုလည်း ဆိုသည်။ နိုင်ငံတကာကို ဝါဒဖြန့်စည်းရုံးရေးများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် စစ်ကော်မရှင်က မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (MNTT)ကို ၂၀၂၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ဩဂုတ်လနှောင်းပိုင်းကာလတွင် တရုတ်နိုင်ငံက ဦးဆောင်သည့် ကမ္ဘာ့တောင်ပိုင်း ပူးတွဲဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် MNTT အဖွဲ့က ပူးပေါင်းပါဝင်ခဲ့ပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့်လက်တံများ နိုင်ငံတကာတရားဝင်စာမျက်နှာများတွင် နေရာယူလာမည်ဆိုပါက မြန်မာနိုင်ငံရှိလူ့ အခွင့်ရေးချိုးဖောက်မှုများကိုဖုံးကွယ်ရေးနှင့် ရွေးကောက်ပွဲတရားဝင်စေရေးတို့အတွက် များစွာအထောက်အကူ ဖြစ်နိုင်သည့်အတွက် ဆက်လက်စောင့်ကြည့်ပြီး တန်ပြန်ရေးလုပ်ငန်းစဉ်များကို စဉ်းစားရန်လိုအပ်သည်။

အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီများဖြစ်သည့် DCI Group AZ, LLC၊ McKeon Group တို့နှင့် လည်း စစ်ကော်မရှင်က ဇူလိုင်လအတွင်း စာချုပ်များချုပ်ဆိုခဲ့ပြီး အမေရိကန်နိုင်ငံမူဝါဒချမှတ်သူများကို စည်းရုံးနိုင်ရန်အတွက် ခြေလှမ်းလှမ်းနေသည်

ပုံစာ (၄) – စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် သတိထားဖွယ်ရာစာမျက်နှာများနှင့် လှုပ်ရှားမှု ကောက်နှုတ်ချက်

 

နောက်ထပ်သတိပြုရမည့် စာမျက်နှာတစ်ခုမှာ Radio Free Myanmar(RFM)အမည်ရ မီဒီယာအ ယောင်ဆောင်စာမျက်နှာ တစ်ခုဖြစ်သည်။ လွတ်လပ်သည့်အာရှအသံ(RFA)ကို တုပပြီး မီဒီယာအယောင်ဆောင်ထားသည့် RFM စာမျက်နှာသည် ၂၀၂၀ ရွေးကောက်ပွဲကာလများတွင် စနစ်တကျ ကွန်ရက်သဖွယ်ဖြန့်ကျက်ပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းတုသတင်းမှား အများအပြားဖြန့်ဝေခဲ့သည့် အမှတ်တံဆိပ်ဖြစ်သည်။ ရွေးကောက်ပွဲအပြီးတွင် မဲမသမာမှု ဖြစ်သည်ဟုကြေညာကြောင်း ထုတ်ပြန်ချက်အတုများ၊ ပြောဆိုချက်အတုများကို ဖန်တီးပြီး အာဏာမသိမ်းခင်လ ပိုင်းအလိုကတည်းက စစ်တပ်ဖန်တီးခဲ့သည့် စွပ်စွဲချက်များအတိုင်း ဖြန့်ဝေခဲ့ခြင်းဖြစ်သည်

 

(၄) အီလက်ထရောနစ် မဲပေးစက်

စစ်ကော်မရှင်ထိန်းချုပ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ အလုပ်လုပ်ပုံကို စစ်ကော်မရှင်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြခဲ့ပြီး လပိုင်းအကြာတွင် စမ်းသမ်းခြင်း၊ အောင်မြင်ခြင်း လုပ်ငန်းစဉ်များကို စစ်တပ်ထိန်း ချုပ်သတင်းဌာနများမှတစ်ဆင့်ကြေငြာခဲ့သည်။ ယင်းဖော်ပြမှုများကို တိုက်ရိုက် သို့မဟုတ် ဆင့်ပွား သုံးသပ်ချက်များအဖြစ် စစ်ကော်မရှင် ဆက်စပ်ဝါဒဖြန့်စာမျက်နှာများက အဆက်မပြတ်ဖြန့်ဝေခဲ့ကြသည်။ စစ်ကော်မရှင် စွပ်စွဲသည့် NLDအစိုးရလက်ထက် မဲမသမာမှုမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် MEVMကိုအသုံးပြုခြင်းက မှန်ကန်တိကျသည့် မဲရလဒ်များကိုရစေနိုင်သည်ဆိုသည့် ရေးသားချက်များ ပါဝင်သည်။ အတုအယောင်ရွေးကောက်ပွဲတွင် အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ မဲပေးစက်အလုံးရေ (၅) သောင်းကျော် ထုတ်လုပ်မည်ဟု UEC ဒုတိယညွှန်ကြားရေးမှုချုပ်ဦးညီညီလွင်က စစ်ကော်မရှင်ကို မဝေဖန်ရဲသည့် ပြည်တွင်းအခြေစိုက်သတင်းဌာနများ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်

မဲပေးစက်များကို ၂၀၂၅ခုနှစ်၊ ဇူလိုင်အတွင်း စစ်တိုင်းဌာနချုပ်များတွင် UECက လိုက်လံသရုပ်ပြခဲ့ သော်လည်း  စစ်ကော်မရှင်ဝါဒဖြန့်စာမျက်နှာများကမူ ရုပ်သံလိုင်းများနှင့် Social Platform များမှတစ်ဆင့် Review ပေးသည့် Vlog များပါရိုက်ကူးခြင်းဖြင့် ပိုမိုထိရောက်စေမည်ဖြစ်ပြီး ပြည်သူများရင်းနှီးမှု ပိုရစေမည်ဟု အကြံပြုကြသည်။ လက်ရှိအချိန်တွင် မဲပေးစက်စမ်းသပ်နေသည့် ရုပ်သံဖိုင်အတိုများသည် စစ်တပ်ထိန်းချုပ် ရုပ်သံဌာနများနှင့် ဝါဒဖြန့်စာမျက်နှာများမှတစ်ဆင့် စတင်ပျံ့နှံ့နေပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့ပြီး ခံဝန်ထိုးထားသည့် အနုပညာရှင်များကို ရွေးကောက်ပွဲဇာတ်လမ်းများ နှင့် အသိပညာပေးဇာတ်လမ်များ ရိုက်ကူးခိုင်းသင့်ကြောင်း လှုံ့ဆော်မှုများလည်းရှိသည်။ လက်ရှိအချိန်တွင် စစ်ကော်မရှင်ထောက်ခံသည့် အနုပညာရှင်အသိုင်းအဝိုင်းကလည်းရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP)ပါတီနှင့် သွားရောက်တွေ့ဆုံမှုနှင့် စစ်ကော်မရှင်အစိုးရကပြုလုပ်သည့် အခမ်းအနားများတွင် ဖျော်ဖြေမှုများကို ပြုလုပ်ပေးနေကြသည်။ ထို့ပြင်ဝါဒဖြန့်စာမျက်နှာများမှ နှပ်ကြောင်းပေးလှုံ့ဆော်မှုများနှင့်  စစ်ကော်မရှင်အမှန်တကယ် ဆောင်ရွက်မှုများသည် အချိတ်အဆက်ရှိတတ်သဖြင့် အနုပညာရှင်များ၏ ပုံရိပ်ကိုအသုံးပြု၍ ရွေးကောက်ပွဲနှင့် မဲပေးစက်ပညာပေးရေးအတွက် ပြည်သူကိုစည်းရုံးခိုင်းမည်မှာ မလွဲမသွေဖြစ်သည်။

 

အနှစ်ချုပ်

စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကို စစ်ကိုင်းတော်လှန်ရေးအင်အားစုများ အပြင်းအထန်ခုခံရသည့် အခြေအနေရှိသည်ဟု လေ့လာသိရှိရသည်။ ၂၀၂၅ ခုနှစ်အတွင်း လားရှိုး၊ သပိတ်ကျင်း၊ နောင်ချို၊ မိုးဗြဲ၊ ဖယ်ခုံ၊ မြို့များကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ကရင်နီဒေသ ဒီးမော့ဆိုမြို့အပါအဝင် ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ မကွေးဒေသရှိ ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားသည့်မြို့နယ်များတွင် စစ်ကော်မရှင်တပ် ၏ တန်ပြန်ထိုးစစ်များ အပြင်းအထန် ကျရောက်လျက်ရှိနေသည်။ ရွေးကောက်ပွဲမတိုင်ခင်တွင် တော်လှန်ရေး တပ်များအနေဖြင့် တိုက်ပွဲကြီးများ ဖော်ဆောင်မလာစေရန် လက်နက်ငယ်ခဲယမ်းများ ခြွေနေခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က Myanmar Now သတင်းဌာန ဖော်ပြချက်တွင် သုံးသပ်ပြောဆိုထားသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုဖြင့် ထိန်းချုပ်နယ်မြေများကို စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းရခြင်း၊ UWSA အနေဖြင့် MNDAA၊ TNLA နှင့် SSPPအဖွဲ့များအား  လက်နက်ခဲယမ်းနှင့်စစ်ရေးအကူအညီ ထောက်ပံ့နိုင်တော့မည်မဟုတ်ကြောင်း ကြေညာခြင်းတို့သည် တော်လှန်ရေးအင်အားစုများအတွက် အထိနာစရာ ကိစ္စဖြစ်သည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲပြုလုပ်မည်ဆိုပါက နယ်မြေများကိုပြန်သိမ်းရန်နှင့် ထိုကာလအတွင်း စစ်ဆင်ရေး၊ ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ပြည်သူ့စစ်အင်အားကို အဓိကထားမက်လုံးပေး စုဆောင်းရန် ဝါဒဖြန့်စာမျက်နှာများက ကြိုတင်အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်များအတိုင်း စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဝန်ကြီးဦးဆောင်သော “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ” ကို ဇူလိုင်လ ၈ ရက်တွင် ဖွဲစည်းခဲ့သည်။ ပြည်ပအလုပ် အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ကော်မတီကိုတာဝန်ပေးထားကြောင်း Myanmar Now သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကော်မရှင်၏ တန်ပြန်ထိုးစစ်များအရှိန်မြှင့်မည့်ကာလ နှင့် ရွေးကောက်ပွဲလုံခြုံရေးတွင် အသုံးပြုရေးတို့အတွက် အတင်းအဓမ္မစစ်မှုထမ်းရန် လူသစ်စုဆောင်းမှုများကို ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက် အရပ်သားလုံခြုံရေး၊ ကာကွယ်ရေး အစီအမံများကို ကြိုတင်စဉ်းစားထားရန် လိုအပ်သည်။

ရွေးကောက်ပွဲစည်စည်ကာကားဖြစ်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် စစ်ကော်မရှင်က အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများကိုပင် ကြိုတင်ဆန္ဒမဲထည့်ရန်အတွက် ဆက်သွယ် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် ထုတ်ပြန်ချက်များဖြင့် ဆော်ဩ နေသည်။ ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့များပေါ်သို့ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို မဲထည့်ရန်ခိုင်းစေခြင်းများ ရှိလာနိုင်သည်ဟုလည်း သုံးသပ်နေကြသည်။ အချို့ဒေသများတွင် စစ်ကော်မရှင်က  စစ်ဘေးရှောင်ပြည်သူများအား ရွေးကောက်ပွဲအမီ နေရပ်သို့ပြန်ခိုင်းလျက်ရှိသည်။ အချို့ဒေသများတွင် စစ်ဘေးရှောင်လာသည့် Non-CDM ဝန်ထမ်းများကိုပင် စစ်ကော်မရှင်ကအလွတ်မပေးဘဲ မဲပေးစက်သင်တန်းတက် ခိုင်းသည့်ဖြစ်စဉ်များလည်းရှိသည်

ဝါဒဖြန့်စာမျက်နှာများတွင် စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲအားနိုင်ငံတကာက ထောက်ခံနေသည်ဟုဖြန့်ဝေနေသော်လည်း လက်ရှိအချိန်တွင် ကုလသမဂ္ဂအဖွဲ့က လက်မခံကြောင်း ဇူလိုင်လအတွင်းတွင် တရားဝင်ထုတ်ဖော်ပြောကြားထားပြီး အာဆီယံဥက္ကဌကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် မေလကုန်ပိုင်းတွင်ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စစ်ခေါင်းဆောင်နှင့် ရင်းနှီးသည့်ဆက်ဆံမှုရှိသည့် ရုရှားနှင့် တရုတ်နိုင်ငံ တို့ကမူ မကန့်ကွက်မစွက်ဖက်သည့်မူဖြင့် ရပ်တည်နေပြီး ရွေးကောက်ပွဲဝင်မည့် ပါတီများအား နိုင်ငံကူးသန်းခရီးစဉ်များ စီစဉ်ပေးခြင်း၊ ရွေးကောက်ပွဲတွင် စောင့်ကြည့်ရေးပြုလုပ်ရန်အတွက် တရုတ်နိုင်ငံအား ဖိတ်ကြားခြင်း စသည်တို့ရှိနေသည်။

ထို့အပြင် နိုင်ငံတကာရှိပြည်သူလုထုများအား အတင်းအဓမ္မမဲပေးစေခြင်းနှင့် ပြောင်းရွှေ့အလုပ်သမား များအား ဖိအားပေးမဲပေးရန် လုပ်ဆောင်နိုင်ခြင်းများအားလည်း မြင်တွေ့နိုင်ရပြီး အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော တော်လှန်ရေးအင်အားစုများအနေဖြင့် ကြိုတင်ပြင်ဆင်ကာ ဆောင်ရွက်ထားသင့်သည်။ လက်ရှိအတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ကော်မရှင်နှင့် သတင်းပေးကွန်ရက်များ၊ ဝါဒဖြန့်စာမျက်နှာများချိတ်ဆက်ပြီး အရပ်သားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပိုမိုပြုလုပ် လာနိုင်သည်။

စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲစနစ်သည် မြန်မာပြည်သူများ နားလည်ရန် အသားမကျသေးသည့် (ကိုယ်စားပြုအချိုးကျစနစ် နှင့် မဲအများဆုံးရသူအနိုင်ရစနစ်) စနစ်နှစ်မျိုးကို ရောနှော၍ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုလည်း ပြင်ဆင်မှု အကြိမ်ကြိမ်ပြုလုပ်နေခြင်းသည် ထည့်သွင်းသုံးသပ်စောင့်ကြည့်သင့်သည့် အခြေအနေဖြစ်ပါသည်။

ထို့ပြင် ၎င်းတို့လက်လွှတ်ထားရသည့် မြို့နယ်မြေအရေအတွက်များကိုပါ မဲဆန္ဒနယ်များတွင် ထည့်သွင်းကြေညာခြင်းသည် အထက်တွင်ဖော်ပြထားသကဲ့သို့ ယင်းဒေသများအား ရွေးကောက်ပွဲ မဲဆွယ်ကာလမတိုင်ခင် မီးကုန်ယမ်းကုန် ထိုးစစ်ဆင်ပြန်လည်သိမ်းပိုက်ရန် လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးနိုင်သည့် အန္တရာယ်ရှိသကဲ့သို့ တစ်ဘက်တွင်လည်း၎င်းတို့စိုးမိုးထားသည့် မြို့ကြီးများတွင် မဲဆန္ဒနယ်များအား တိုးချဲ့၊ ပြင်ဆင်ခြင်းများကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်လျက်ရှိနေသည်ကို မျက်ခြည်မပြတ်စောင့်ကြည့်သင့်ပါသည်။

ဒီဇင်ဘာလတွင် စစ်ကော်မရှင်ကျင်းပမည့်ရွေးကောက်ပွဲသည် ၎င်းတို့စိတ်တိုင်းကျ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဥပဒေ၊ စိတ်တိုင်းကျ တိုးချဲ့၊ ပြင်ဆင်နေသည့် မဲဆန္ဒနယ်များတွင် ရောထွေးနေသည့် မဲပေးစနစ်အား ၎င်းတို့တီထွင်ထားသည့်မဲပေးစက်ဖြင့် ပြည်သူများက အပိုင်းဆက်များစွာ မဖြစ်မနေမဲပေးရမည်ဟု သေနတ်ထောက်ခြိမ်းခြောက်ထားသည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း သက်သေအချက်အလက် များဖြင့် သတင်းဌာနများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက မကြာခဏ အသိပညာပေး၊ လှုပ်ရှားမှုများကို ပြုလုပ်သင့်ပါသည်။

စစ်ကော်မရှင်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တုန့်ပြန်ဆောင်ရွက်ကြရာတွင် အရပ်သားကာကွယ်ရေးနှင့် အရပ်သားမထိခိုက်စေရေးကို ဦးစားပေး ဆောင်ရွက်ရန် အထူးလိုအပ်ပြီး ရွေးကောက်ပွဲစနစ်ကို ဖျက်ဆီးသူများအဖြစ် စစ်ကော်မရှင်ဘက်က တံဆိပ်ကပ်အမြတ်ထုတ်ခြင်း မခံရစေရန် သတိပြုရမည်ဖြစ်သည်။ ရွေးကောက်ပွဲကာလတွင် အကြမ်းဖက်မှုများ ပိုမိုများပြားလာနိုင်သည်ဟု အစုအဖွဲ့အသီးသီးက သုံးသပ်နေကြပြီး ရွေးကောက်ပွဲကာလအရပ်သားများ၏ လုံခြုံရေးမှာ မရေရာဘဲခြိမ်းခြောက်မှု ရှိနေဆဲဖြစ်သည်။