ဝန်းသို၊ ကောလင်း PDF တပ်ဖွဲ့ဝင်တွေဟာ သူခိုးဓားပြတွေဆိုပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား

ဩဂုတ် ၁၄၊ ၂၀၂၅
Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး), Myanmar Pressphoto Agency
လူမှုကွန်ရက် ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဩဂုတ်လ ၁၁ ရက် နေ့တုန်းက ဖြန့်ဝေထားတဲ့ အကြောင်း အရာတခုကို Real or Not နဲ့ MPA က တွေ့ရှိထားပါတယ်။ အဲ့ဒီဖြန့်ဝေထား တဲ့အကြောင်းအရာက ဝန်းသို ကောလင်း PDF တွေဟာ သူခိုး ဓားပြ မုဒိမ်းကောင်တွေဖြစ်တယ်ဆိုတဲ့ ဇာတ်ကြောင်းနဲ့ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့အကောင့်က Taman La Min ဆိုတဲ့အကောင့်ဖြစ်ပြီး ” ဝန်းသိုPDF၊ကောလင်း PDFတို့အဖွဲ့မှ သူခိုး ဓါးပြ၊လုယက်၊မုဒိန်းသမားစစ်စစ်များ ” (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့ အတူ လူလေးဦး ဒူးထောက်ထိုင်နေတဲ့ပုံနဲ့တွဲချိတ်ပြီးဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ Like ၃၅၀ ကျော် Share ၆၈ ခုနဲ့ ပျံ့နှံ့နေပါတယ်။ ဖြန့်ဝေထားတဲ့အကြောင်း အရာကို ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
Web Archived Link>>>https://archive.ph/E3Lom
အချက်အလက်စိစစ်ချက်
ဖြန့်ဝေထားတဲ့အကြောင်းအရာမှာပါဝင်တဲ့ ပုံကို Google မှာ ပြန်ရှာကြည့်လိုက်တဲ့အခါမှာတော့ မူရင်းဓာတ်ပုံအကြောင်းအရာနဲ့ လွဲမှားနေတာတွေ့ရပါတယ်။ မူရင်းအကြောင်းအရာနဲ့ ဓာတ်ပုံက PVTVသတင်းဌာနက ဩဂုတ်(၁၂)ရက်မှာ သတင်းဖော်ပြထားတဲ့ ကောလင်းမြို့ ဓားပြတိုက်မှု နဲ့ လောင်းလုံမြို့ ခိုးမှုကျူးလွန်သူတွေကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီး ထားတယ်ဆိုတဲ့ ဓားပြတိုက်မှူကျူးလွန်တဲ့ သူတွေရဲ့ ပုံဖြစ်ပါတယ်။ မူရင်းအကြောင်းအရာနဲ့ပုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
PVTV ကဖော်ပြထားတဲ့ မူရင်းသတင်း >>> https://bit.ly/417nRTU
ဒါ့အပြင် လွတ်လပ်တဲ့မီဒီယာ တခုဖြစ်တဲ့ မောင်း သတင်းဌာနကကလည်း ကောလင်းမြို့ အရှေ့ခြမ်း ကျောက်တန်းရွာတွင် ဒေသခံ မိသားစုကို ကြိုးတုပ် ရိုက်နှက်ဓားပြတိုက်သူများကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ ဆိုတဲ့သတင်းကို ဩဂုတ်လ ၁၁ ရက်မှာဖော်ပြထားပါတယ်။ ဒီလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။
မောင်းသတင်းဌာနကဖော်ပြထားတဲ့သတင်း >>> https://bit.ly/45hxQIH
ဒါ့အပြင် Radio NUG သတင်းဌာနကလည်း ကောလင်း၊ ကျောက်တန်းရွာ ဓါးပြမှု တရားခံ ၄ ဦးကို ဖမ်းဆီးရမိ ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းဖော်ပြထားပြီး အဲ့ဒီသတင်းပုံမှာပါဝင်တဲ့ဓာတ်ပုံဟာလည်း ထပ်တူညီပါတယ်။
Radio NUG ရဲ့သတင်း>>> https://bit.ly/4fF7kMY
သုံးသပ်ချက်
ဒီအချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် Taman La Min ဆိုတဲ့အကောင့်က ဖြန့်ဝေထားတဲ့ ဝန်းသို၊ ကောလင်း PDF တပ်ဖွဲ့ဝင်တွေဟာ သူခိုးဓားပြတွေဆိုတဲ့အကြောင်းအရာဟာ အခြားဖြစ်စဉ် တခုရဲ့ဓာတ်ပုံကိုအသုံးပြီး လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားဖြစ်တယ်ဆိုတာကိုစစ်ဆေးတွေ့ရှိ နိုင်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။
တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး)#MPA #MFCN #Fact-check #အချက်အလက်စစ်ဆေးခြင်း