လောင်းလုံးမှာ အရပ်သားတွေထိခိုက်သေဆုံးမှု အပြစ်လွှဲချဖို့ စစ်ကောင်စီဝါဒဖြန့်သူတွေကြိုးပမ်း

လောင်းလုံးမှာ အရပ်သားတွေထိခိုက်သေဆုံးမှု အပြစ်လွှဲချဖို့ စစ်ကောင်စီဝါဒဖြန့်သူတွေကြိုးပမ်း
Fact Check၊ Dawei Watch/ KIC/ The Red Flag/ MFCN (ဇွန်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မေလနောက်ဆုံးအပတ်အတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း အရပ်သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေဟာ PDF တွေက လက်နက်ကြီးပစ်ခတ်တာကြောင့် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိကြပါတယ်။
Subscribers ပြုလုပ်သူ တစ်သောင်းကျော်ကနေ နှစ်သောင်းကျော်အထိရှိတဲ့ News of Myanmar၊ MT News_Myanmar Transparency စတဲ့ ချန်နယ်တွေမှာ ဇွန်လ ၁ရက်နဲ့ ၃ရက်မှာ ဖြန့်ဝေကြတာပါ။ Min Din ၊ Ka Ka Han အမည်တွေနဲ့ တယ်လီဂရမ်ချန်နယ်ကလည်း ထပ်ဆင့်မျှဝေထားတာ တွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
News of Myanmar လင့်ခ် – https://archive.ph/qmY4j
MIn Din လင့်ခ်- https://archive.ph/9dqx8
MT News_Myanmar Transparency လင့်ခ်- https://archive.ph/aVrVp
Ka Ka Han လင့်ခ် – https://archive.ph/qQEu6
အထက်ပါဖော်ပြချက်တွေကို Myanmar Fact-Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ KIC နဲ့ Dawei Watch သတင်းဌာန တို့က မြေပြင်အချက်အလက်တွေ၊ ဒေသခံတွေရဲ့အတည်ပြုချက်နဲ့ တော်လှန်ရေးအင်အားစုတွေဆီ မေးမြန်းစုံစမ်းချက် တွေအရ အချက်အလက်ပြန်လည်စိစစ်ရာမှာ ကွဲလွဲမှုတွေ များစွာရှိနေတာကို စိစစ်တွေ့ရှိရပါတယ်။
လောင်းလုံးမှာ တိုက်ပွဲကြား အရပ်သားတွေ ထိခိုက်သေဆုံးမှု
ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်အထိ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာ လတ်ခတ်တောင်ခြေနား တဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထားဝယ်မြို့ပေါ်ကနေ တာဝေးပစ်လက်နက်ကြီးတွေကို လောင်းလုံးမြို့ပေါ်နဲ့ ကျေးရွာတွေဘက် ပစ်ခတ်ခဲ့တယ်လို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မေလ ၃၀ရက်က လောင်းလုံးမြို့၊ (ဃ) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးမြင့်စိုး၊ သားအဖနှစ်ဦးဖြစ်တဲ့ ဦးဖစုနဲ့ ဒေါ်အေးချိုတို့ လက်နက်ကြီးကျည်စထိမှန်တယ်လို့ အိမ်နီးနားချင်းတွေဆီကနေ သိရပါတယ်။
အဲဒီအထဲမှာ ဒေါ်အေးချိုက သေဆုံးခဲ့ပြီး ကျန်နှစ်ဦးကတော့ ထားဝယ်ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရတယ်လို့ အိမ်နီးနားချင်းတွေက ဆိုပါတယ်။ မေလ ၃၁ ရက်မှာလည်း ညင်းမော်ရွာက ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်ဆန် ထိမှန်သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အရပ်သားထိခိုက်မှုကို ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုဖော်ပြလဲ
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ညင်းမော်ရွာက လေးနှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ထားဝယ်ဆေးရုံမှာ ဆေးကုသနေချိန် သေဆုံးခဲ့ပြီး လောင်းလုံးမြို့ (ဃ) ရပ်ကွက် ဖြစ်စဉ်မှာတော့ အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး ထားဝယ်ဆေးရုံတင်ထားရတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နှစ်ခုနဲ့ပတ်သက်လို့ ဖြစ်စဉ်ဖြစ်တဲ့ ရက်ထက် တစ်ရက်စီနောက်ကျပြီး မေလ ၃၁ ရက်နဲ့ ဇွန် ၁ ရက်မှာ ဖြစ်ခဲ့တာလို့ ဝါဒဖြန့် ချန်နယ်တွေက ဖော်ပြထားတာတွေ့ရပါတယ်။ ရက်စွဲဖော်ပြချက်ဟာလည်း မြေပြင်မှာဖြစ်ခဲ့တာနဲ့ ကွဲလွဲတာကို တွေ့ရပါတယ်။ နောက်ထပ် ကွဲလွဲမှုတစ်ခုတော့ ထိခိုက်သေဆုံးသူ အရေအတွက်ဖြစ်ပါတယ်။ ဝါဒဖြန့်ချန်နယ်တွေက ဖော်ပြရာမှာ အသက် ၄နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုထားပါတယ်။
လက်နက်ကြီးကျခဲ့တဲ့ အိမ်တွေရဲ့ အိမ်နီးနားချင်တွေ ၊ ကာယကံရှင်တွေရဲ့ မိသားစု နဲ့ နီးစပ်သူတွေရဲ့ အတည်ပြုချက်အရ လက်နက်ကြီးကျရောက်ပေါက်ကွဲ ထိမှန်တာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာတာကို စိစစ်တွေ့ရပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကို စိစစ်ခြင်း
မေလ ၃၀ ရက်ကနေ ဇွန် ၁ရက်အထိ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာ လတ်ခတ်တောင်ခြေနား တဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ချိန် စစ်ကောင်စီတပ်က လောင်းလုံးမြို့ပေါ်နဲ့ ထားဝယ်မြို့ပေါ်ကနေ လောင်းလုံးမြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီတပ်တွေရှိတဲ့ ထားဝယ်မြို့ပေါ်ကနေ ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ လောင်းလုံးမြို့မှာ ကျရောက် ပေါက်ကွဲသလို လောင်းလုံးမြို့ကို ကျော်လွန်ပြီး ကျေးရွာတွေဘက်ကိုလည်း ကျရောက်ပေါက်ကွဲတယ်လို့ လောင်းလုံး မြို့ခံတွေနဲ့ လက်နက်ကြီးဒဏ်ခံရတဲ့ ကျေးရွာတွေက ဒေသခံတွေက ဆိုပါတယ်။
ထားဝယ်မြို့ခံတွေကလည်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့နယ်ဘက်ကို တိုက်ပွဲပြင်းထန်တဲ့ မေလ ၃၀ရက်နဲ့ ၃၁ ရက် နှစ်ရက်ဆက်တိုက် တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။
လောင်းလုံးမြို့နယ် ညင်းမော်ဒေသခံတစ်ဦးကလည်း “လက်နက်ကြီးတွေက လောင်းလုံးမြို့ပေါ်ကို အရင်ကျတယ်။ ပြီးမှ တစ်ရွာပြီးတစ်ရွာ လက်နက်ကြီးကျတဲ့ အသံတွေ စိပ်လာပြီး ညင်းမော်အထိ လက်နက်ကြီး ရောက်လာတယ်။ လက်နက်ကြီးတွေက ထားဝယ်မြို့ဘက်ကနေ ထုနေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့မှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကို ထပ်မံအတည်ပြုကြည့်တဲ့အခါမှာလည်း လတ်ခတ် တောင်မှာ ဖြစ်တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီက လောင်းလုံးမြို့ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ကြီးတွေက စစ်ကောင်စီဘက်က ပစ်တယ်ဆိုတာ သေချာသလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ စကစ လက်နက် ပစ်ကူပေးတာ ထားဝယ်မြို့ပေါ်နဲ့ သဲပုံတောင်ပေါ်က ပစ်ကူပေးနေတာ သူတို့ပစ်တာ လောင်းလုံးမြို့ပတ်ဝန်းကျင်တွေ၊ ရွာတွေဘက်ကို ကျတာ” လို့ သူက ပြောဆိုပါတယ်။
သဲပုံတောင်က ထားဝယ်မြစ်ကမ်း လောင်းလုံးမြို့နယ်၊ သဲပုံရွာမှာတည်ရှိကာ တောင်ပေါ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲ ထားပြီး ယခင်ကလည်းတောင်ပေါ်ကနေ လက်နက်ကြီးပစ်ခတ်လေ့ရှိတယ်လို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။
ပြည်တွင်းသတင်းဌာနတွေနဲ့ ဒေသအခြေစိုက်သတင်းဌာနတွေရဲ့ မေလ နောက်ဆုံးအပတ်ကဖြစ်ခဲ့တဲ့ လောင်းလုံး တိုက်ပွဲ အကြောင်း ဖော်ပြထားတဲ့ သတင်းတွေမှာလည်း စစ်ကောင်စီဘက်က ထားဝယ်မြို့ပေါ်ကနေ တာဝေးပစ် အမြောက်တွေ အသုံးပြုခဲ့တာကို ဒေသခံတွေရဲ့ပြောပြချက်ကို ကိုးကားဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
ဇွန်လ ၂ ရက်နေ့က ဖော်ပြခဲ့တဲ့ KIC သတင်းလင့်ခ်- https://kicnews.org/2025/06/%e1%80%9c%e1%
Dawei Watch သတင်းလင့်ခ်- https://www.daweiwatch.com/01/06/2025/112897/
လောင်းလုံးမြို့နယ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး – ပကဖ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးဆီ တိုက်ပွဲအခြေအနေနဲ့ အရပ်သားသေဆုံးမှု အခြေအနေကို မေးမြန်းကြည့်ရာမှာလည်း တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီ စစ်ကူမလာနိုင်အောင် ပိတ်ဆို့ထားခဲ့လို့ စစ်ကောင်စီက မြို့ပေါ်နဲ့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေကြားပါတယ်။
“လောင်းလုံးမြို့ ပတ်ဝန်းကျင်မှာက ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီ စစ်ကူမလာနိုင်အောင် ဝန်းရံပိတ်ဆို့ထားတာ လောက်ပဲ။ အဓိကဖြစ်တာက လက်ခတ်တောင်မှာပါ။ အဲဒါကို တယ်လီဂရမ်ချန်နယ်တွေက လောင်းလုံးမြို့သိမ်းတိုက်ပွဲ လုပ်ဆောင်နေပြီဆိုပြီး လက်နက်ကြီး ပစ်ကူတောင်းထားတာမျိုးလည်း ရှိတယ်။ တကယ်လည်း လက်နက်ကြီးအများကြီး အသုံးပြုခဲ့တယ်။ အရပ်သားတွေကလည်း အဲဒီလက်နက်ကြီးနဲ့ပဲ ထိခိုက်သေဆုံးခဲ့တာပါ။ လောင်းလုံးမြို့ပေါ်နဲ့ ရွာတွေဘက်ကိုတော့ ကျွန်တော်တို့ဘက်က လက်နက်ကြီးသုံးခဲ့တာမရှိဘူး” လို့ သူက ပြောဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုက လောင်းလုံးမြို့ကို ချေမှုန်းပစ်ဖို့ လှုံ့ဆော်တာတွေ အမှန်တကယ် လုပ်ဆောင်ခဲ့တာ စိစစ်တွေ့ရှိရပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
အမဲလိုက်မုဆိုးကြီး သတင်းမှန်ချန်နယ်က လက်နက်ကြီးပစ်ကူပေးဖို့ တောင်းဆိုတဲ့ လင့်ခ် – https://archive.ph/n4IIy
နေပြည်တော်ချန်နယ် က လှုံ့ဆော်ထားတဲ့ လင့်ခ် – https://archive.ph/GnEzX
လက်ခတ်တောင်မှာ တိုက်ပွဲဖြစ်နေတဲ့အချိန် စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေမလာနိုင်အောင် လောင်းလုံးမြို့နဲ့ ဝန်းကျင် တွေမှာ တော်လှန်ရေးတပ်တွေက ဝန်းရံပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နဲ့ အနီးဝန်းကျင်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
စိစစ်တွေ့ရှိချက်
စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေကို ဟန့်တားဖို့ လက်နက်ကြီးပစ်ကူအမြောက်အများ သုံးပစ်ခတ်ရာကနေ အရပ်သားပြည်သူ ထိခိုက်သေဆုံးခဲ့တာကို ဒေသခံတွေ၊ တော်လှန်ရေးအဖွဲ့တွေကို မေးမြန်းချက်၊ မြေပြင်က ရရှိတဲ့ အချက်အလက်တွေ၊ ပထဝီအနေအထားတွေကို စိစစ်ချက်တွေ၊ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက လက်နက်ကြီး ပစ်ခတ်ဖို့ လှုံ့ဆော်၊ တောင်းဆိုချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
အရပ်သားပြည်သူ ထိခိုက်မှုတွေ ရှိလာတဲ့အပေါ် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက PDF တွေကြောင့် ထိခိုက်ရတာလို့ အပြစ်ကို လွှဲချဖို့ အချိန်ကိုက် ကြိုးပမ်းမှုအဖြစ် စိစစ်တွေ့ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့KIC နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။