လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

၂၀၂၅ ဧပြီလ ၂၅ ရက်

(Fact Check ၊ သျှမ်းသံတော်ဆင့်၊ Dawei Watch၊ The Red Flag)

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။

အဆိုပါ သတင်းအမှားကို MT News – Myanmar Transparency အမည်ဖြင့် တယ်လီဂရမ်ချန်နယ်မှ ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF ကို လက်နက်ထောက်ပို့ လုပ်နေသည့် AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ဖြိုဖျက်၍ လုံးဝအပြီးပိတ်ရန် အမိန့်ထုတ်ခံရ” ဟု (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၅,၇၀၀ ကျော်ရှိပြီး အခြားသော စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကပါ ထပ်ဆင့်ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://archive.is/oKn3D

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/g1qHh

အဆိုပါ အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် Dawei Watch တို့၏ အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်သောအခါ မှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

◼︎ သတင်း စိစစ်တွေ့ရှိချက်

ဧပြီလ ၂၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက်ပေးနေသည့် “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရုံးခန်းကို အပြီးပိတ်သိမ်းရန် ဒုတိယအကြိမ် လာရောက်အမိန့်ပေးခဲ့ကြောင်း AAC အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက DVB သတင်းဌာနကို ပြောသည်။

AAC မဟာမိတ်ရုံးသည် ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် အသင်းပင်းဖွဲ့စည်းခွင့် မရှိခြင်းကြောင့်ဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းကစ၍ ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ကာ ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

DVB သတင်းလင့်ခ် – https://rb.gy/vqpfx6

ထိုင်းအာဏာပိုင်များက ဂေဟာပိတ်သိမ်းရန် ညွှန်ကြားခြင်းမှာ ရက်ပေါင်း ၆၀ ပြည့်ပြီဖြစ်သည့်အတွက် လက်ရှိ အဆောက်အအုံကို ဖြိုပေးရန် ဒုတိယအကြိမ်လာရောက်အမိန့်ပေးခဲ့ပြီး ဂေဟာ၌ နေထိုင်နေသော မသန်စွမ်း အလုပ်သမားများကိုပါ ပြောင်းရွှေ့ပေးရန် ညွှန်းကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

လက်ရှိ AAC မဟာမိတ်အဖွဲ့ရုံး၌ ခိုလှုံနေကြသူ ၁၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့မှာ MOU စနစ်ဖြင့် ရောက်ရှိလာသူ အများစု ဖြစ်ကာ လုပ်ခလစာမရရှိဘဲ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားနေခြင်း၊ အလုပ်မရ၍ နေထိုင်ရန် အခက်အခဲဖြစ်နေခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိထားပြီး နစ်နာကြေးမရသူတို့ ပါဝင်ကြောင်း သတင်း၌ဖော်ပြသည်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/trq1j

◼︎ သုံးသပ်ချက်

ထို့ကြောင့် AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြ၍ KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့လုပ်ခြင်းကြောင့် ထိုင်းအစိုးရက အပြီးပိတ်သိမ်းခဲ့သည် ဆိုသည့်ဖော်ပြချက်က မှားယွင်းနေပါသည်။ ပိတ်သိမ်းသည့်အကြောင်းအရင်းမှာ AAC ရုံးကို ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံမတင်ထားခြင်းကြောင်း ဖြစ်သည်ကို စိစစ်တွေ့ရသည်။

သတင်းအမှားဖြန့်ချိသူတွေက AAC မဟာမိတ်အဖွဲ့ရုံး ပိတ်သိမ်းရန် အမိန့်ထုတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ အထင်အမြင်လွဲမှားမှုဖြစ်အောင် ရည်ရွက်ရှိရှိဖြင့် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း အွန်းလိုင်းပေါ်မှ ပြန့်နှံ့လာသော သတင်းများကို ချက်ချင်းမယုံကြည်ဘဲ လွတ်လပ်သော သတင်းမီဒီယာနှင့် သတင်းအချက်အလက် စစ်ဆေးသည့် အဖွဲ့အစည်းများတွင် စောင့်ကြည့်၊ မေးမြန်းအတည်ပြုကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork