၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့
ဖက်ဒရယ် FM / ခမ်းသားငေါဝ်း/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
ရှမ်းပြည်နယ် ကယား (ကရင်နီ) နယ်စပ်ရှိ ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့ KNDF နှင့် KNPP တပ်ဖွဲ့တို့မှ ငွေစက္ကူအတုများ ဖြန့်ဝေနေကြောင်း ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စစ်ကောင်စီလော်ဘီများက တယ်လီဂရမ်ချန်နယ်တို့မှာ ဖြန့်ဝေထားပါသည်။ ၎င်းတို့ ဖြန့်ဝေနေသည့် ငွေစက္ကူအတုကို ပြည်သူများက ငွေစက္ကူအတုမှန်းသိနေသော်လည်း အသတ်ခံရမှာ ကြောက်သည့်အတွက် ယူထားနေရကြောင်း ထပ်ဆင့် ရေးသားဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်အကောင့်ဖြစ်သည့် “ရွှေနေကြာ” နှင့် “မှိုင်းဝေ” အကောင့်တို့မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး MFCN မှ အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှု့သူ (၂) သောင်းကျော်၊ လိုက်နှင့် ရီအက်ရှင် ပေးသူ (၄)ရာကျော် ဦးအထိ ရှိနေပြီး ဖြစ်ပါသည်။
သတင်းဖြန့်ဝေထားသည့် လင့် – https://archive.ph/Vp9gH
သတင်းဖြန့်ဝေထားသည့် လင့် – https://archive.ph/yFFeU
စစ်ကောင်စီလော်ဘီမှ ဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact-Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်းနှင့် ဖက်ဒရယ် FM အဖွဲ့တို့မှ စိစစ်ကြည့်သည့်အခါ စစ်ကောင်စီလော်ဘီတို့က တော်လှန်ရေးတပ်ဖွဲ့တို့ကို စွပ်စွဲရေးသားထားသော သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ရှမ်း ကရင်နီ နယ်စပ် ကျေးရွာများတွင် ငွေစက္ကူအတုများ ဖြန့်ဝေနေတယ်ဆိုသည့်အကြောင်းအရာနှင့်ပတ်သက်၍ ထိုဒေသရှိ ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်နှင့် ထိုဒေသ၏ ဒေသန္တရအုပ်ချုပ်ရေးတွင် တာဝန်ရှိသည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ထံသို့ ဆက်သွယ်စိစစ်မှုများ ပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း-ကရင်နီနယ်စပ် ပီကင်းရွာအနီးတွင် ၂၀၂၅ ခုနှစ် မေလ (၁၃)ရက်နေ့က ငွေလွှဲငွေထုတ်ပြုလုပ်ရာတွင် (၁) သောင်းတန် ထုပ်စည်းတွင် ငွေအတု (၈)သိန်း ပါဝင်နေသည်ကိုတွေ့ရှိခဲ့ကြောင်းနှင့် ငွေစက္ကူအတုများကို ဒီးမော့ဆို အနောက်ခြမ်း မှ ယူလာတာဖြစ်ကြောင်း ကရင်နီလူထုအသံ သတင်းဌာနမှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့ တွင် ဖော်ပြထားပါသည်။ ထိုဖော်ပြချက်တွင် ငွေစက္ကူအတုကို မည်သူ မည်ဝါက စတင်ဖြန့်ဝေနေသည်ကိုတော့ ဖော်ပြထားခြင်း မတွေ့ရှိရပါ။
Karenni People’s Voice သတင်းလင့် – https://shorturl.at/dXdWR
၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့ ကန္တာရဝတီတိုင်း (မ်) သတင်းဌာန၏ ဖော်ပြချက်တွင်မှာလည်း အဆိုပါငွေသားအတုတွေကို စျေးသည်တစ်ဦးက ပီကင်းကျေးရွာရှိ KBZ Pay ငွေလွှဲငွေထုတ် ပေးတဲ့ ဆိုင်တစ်ဆိုင်မှာ အရင်ဆုံးလာအပ်ခဲ့ခြင်းဖြစ်ပြီး ထိုဆိုင်မှတစ်ဆင့် ထပ်ဆင့်လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ စက်ယန္တရားမရှိသည့် ကျေးရွာတွင် ငွေစက္ကူအတုကို (၁၀)သိန်း ထုပ်စည်းကြား ညှပ်ကာ လာပေးသည့်အတွက် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုငွေအတုကို KBZ Pay ဆိုင်တွင် ပြန်လည် အပ်နှံခဲ့ကြောင်းကို ထပ်ဆင့်ငွေတုလက်ခံရရှိသူ အမျိုးသားက ကန္တာရဝတီတိုင်း (မ်) သတင်းဌာကို ပြောကြားထားပါသည်။ ထိုဖော်ပြချက်တွင်မှာလည်း ပီကင်းကျေးရွာရှိ KPay ဆိုင်ကို ဈေးသည်တစ်ဦးမှ လာရောက်ပေးဆောင်သွားခြင်းဖြစ်ကြောင်းကို ဖော်ပြထားပါသည်။
ကန္တာရဝတီတိုင်း (မ်) သတင်းလင့် – https://shorturl.at/umvBn
ထိုငွေစက္ကူအတုကို KNDF တပ်ဖွဲ့တို့မှ ဖြန့်ဝေထားတယ်ဆိုသည့် စွပ်စွဲရေးသားခြင်းနှင့်ပတ်သက်၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြန်လည် ဖြေကြားချက်မှာ “သတင်းအမှားပါ။ စစ်ကောင်စီလော်ဘီတွေက သူတို့လုပ်နေကျအတိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ လူထုအကြား အထင်အမြင်ပိုမှားအောင် တမင်ရည်ရွယ်ပြီး ဝါဒဖြန့်တာ ဖြစ်ပါတယ်” ဆိုပြီး သတင်းအမှား ဖြစ်ကြောင်းကို အတည်ပြု ပြောကြားထားပါသည်။
ဆက်စပ်ပြီး ကရင်နီပြည်ဟာ ငွေစက္ကူအတုကို ထုတ်လုပ်ရန်၊ ဖြန့်ချိရန်အတွက် အချက်အခြာကျသည့် နေရာ မဟုတ်ကြောင်း၊ ထိုသို့ထုတ်လုပ်ရန်အတွက်လည်း နည်းပညာ၊ အရင်းအမြစ်၊ အဆက်အသွယ်များလည်း မရှိကြောင်း ပြောကြားထားပြီး ကရင်နီလူမှုအသိုက်အဝန်းကလည်း ထို့သို့ လုပ်ဆောင်ရန် လက်သင့်ခံမှု လုံးဝမရှိကြောင်းကို ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့တွင် MFCN ထံသို့ ပြောကြားထားပါသည်။
“ကရင်နီပြည်ကို ဖက်ဒရယ်ပြည်နယ်တစ်ခုအဖြစ် ကြိုးစားတည်ဆောက်နေချိန်မှာ စိန်ခေါ်ချက်တွေ မြောက်မြားစွာ ရှိနေပေမဲ့လည်း ဖြတ်လမ်းနည်းနဲ့ မလုပ်သင့်တာတွေ မလုပ်ဖို့ အပြန်အလှန် ဝိုင်းဝန်းထိန်းကျောင်းမှုတွေ လုပ်နေကြပါတယ်။ ဒါကြောင့် KNPP, KNDF အပြင် ကရင်နီပြည်မှာ ရှိကြတဲ့ တော်လှန်ရေးတပ်ပေါင်းစုံက ငွေအတုတွေ ဖြန့်ချိနေတယ်ဆိုတာက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်” လို့ အတည်ပြု ပြောကြားထားပါသည်။
ထပ်မံပြီး ” IEC အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒေသအလိုက် လူထုပါဝင်မှုနဲ့အတူ မသမာမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေကို လျော့ချနိုင်ဖို့ စိစစ်ကြီးကြပ်မှုတွေ ကြိုးစားလုပ်ဆောင်နေသလို ဖြစ်လာခဲ့ရင်လည်း ဥပဒေကြောင်းနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ” လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောဆိုထားပါသည်။
သုံးသပ်ချက်
ရှမ်းတောင် – ကရင်နီနယ်စပ် ပီကင်းကျေးရွာရှိ KBZ Pay ငွေလွဲဆိုင်တွင် ငွေစက္ကူအတု (၁) သောင်းတန် ပမာဏ (၈) သိန်း လက်ခံရရှိခဲ့သည့်မှာ သတင်းမှန် ဖြစ်ပါသည်။ သို့သော် ထိုငွေစက္ကူအတုကို ဈေးသည်တစ်ဦးထံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းကို သတင်းဌာန၏ ဖော်ပြထားမှုကို စစ်ဆေးတွေ့ရှိရပါသည်။
ထို့ကြောင့် စစ်ကောင်စီလော်ဘီတို့ ဖြန့်ဝေထားသည့်အတိုင်း ရှမ်း-ကရင်နီနယ်စပ် ကျေးရွာများတွင် KNDF, KNPP တို့တပ်ဖွဲ့က ငွေစက္ကူအတု ဖြန့်ဝေသုံးစွဲနေတယ်ဆိုသည့် အကြောင်းအရာမှာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
စစ်ကောင်စီအားပေးအားမြောက်ပြုနေသူမျာက ၎င်းငွေစက္ကူကြုံတွေခဲ့သည့်ဖြစ်စဉ်ကို အသုံးချကာ ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့တို့ကို အမြင်မှားစေသည့်ရည်ရွယ်ချက်ဖြင့် စွပ်စွဲရေးသားထားသော သတင်းအမှားအကြောင်းအရာသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။