ရန်ကုန်နှင့် ကရင်ပြည်နယ်အတွင်း စစ်မှုမထမ်းလိုသူများကို ငွေတောင်းခြိမ်းခြောက်ခံနေရမှုက မှားယွင်းကြောင်း တန်ပြန်သတင်းမှားလွှင့်နေ

ဧပြီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ KIC, The Red Flag, MFCN

ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်မှုမထမ်းလို၍ရွှေ့ဆိုင်းလိုသူများအား စစ်ကောင်စီက ငွေကြေးတောင်းခံ၊ ခြိမ်းခြောက်မှုပြုလုပ်နေသည့်အချက်က တရားမဝင်မီဒီယာများ၏ မှားယွင်းသော ဝါဒဖြန့်ချိမှုဖြစ်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုမှ ဧပြီလ ၉ ရက်နေ့က တန်ပြန်သတင်းအမှားလွှင့်လျက်ရှိသည်။

Saw Ba Maung အမည်ရ မွန်နှင့်ကရင်ပြည်နယ်သတင်းများရေးသားဖြန့်ချိနေသည့် Subscribe ပြုလုပ် သူသောင်းချီရှိသော တယ်လီဂရမ်ချန်နယ်မှ ဧပြီလ ၈ ရက်နေ့တွင် ခေတ်သစ်မီဒီယာမှ တင်ထားသော “ရန်ကုန်နှင့် ကရင်တွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုများအကြီးအကျယ်ဖြစ်နေပြန်” ဆိုသည့် သတင်းတစ်ပုဒ်အပေါ် အခြေခံ၍ သတင်းအမှားဖြစ်ကြောင်း တန်ပြန်သတင်းလွှင့်နေခြင်းဖြစ်သည်။ အဆိုပါပို့စ်အား တယ်လီဂရမ်စစ်တမကြည့်ရှုသူ ၁,၇၀၀ ကျော်ရှိသည်။

Saw Ba Maung ၏ တန်ပြန်သတင်းအမှားပို့စ်လင့်ခ် https://archive.ph/1UloQ

အဆိုပါသတင်းဖော်ပြချက်အား Myanmar Fact-checking Network (MFCN) အဖွဲ့ဝင် KIC မှ စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်းတွေ့ရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ခြင်း

စစ်တပ်ဝါဒဖြန့်မီဒီယာ Saw Ba Maung ၏ တန်ပြန်သတင်းအမှားဖော်ပြချက်၌ စစ်ကောင်စီအနေဖြင့် ရန်ကုန်နှင့်ကရင်ပြည်နယ်တွင် စစ်မှုထမ်းရွှေ့ဆိုင်းလိုသူများအား ငွေကောက်ခံခြိမ်းခြောက်မှုများ လုပ်ဆောင်မှုမရှိဟု သွယ်ဝိုက်ပြီး ပြောဆိုထားသည်။

အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက အတည်ပြုခဲ့ပြီး ဧပြီလမှစ၍ စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း ဥပဒေထုတ်ပြန်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စစ်မှုထမ်းခေါ်ဆိုရေးလုပ်ငန်းများကို စစ်ကောင်စီက လုပ်ဆောင်နေပြီး စစ်မှုထမ်းလူစားထိုးရန် ငွေတောင်းခံခြင်းတို့ရှိခဲ့ကြောင်း KIC အနေဖြင့် သတင်းအဖြစ်ရေးသားဖော်ပြခဲ့ဖူးသည်။

ကေအိုင်စီ၏ သတင်းလင့်ခ် (https://kicnews.org/2024/12/)

ထို့အပြင် လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူဒေသအတွင်း စစ်မှုထမ်းအပတ်စဥ်(၇)အတွက် စစ်မှုထမ်း ခေါ်ယူရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက အစည်းအဝေးခေါ်ကာ စစ်မှုထမ်း လူသစ်ပေးရန်၊ သတ်မှတ်လူအတိုင်းမပို့ပါက တစ်ဦးကို သိန်း ၃၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီး လိုက်နာ ခြင်းမရှိက မြို့အဝင်အထွက် ဂိတ်များ၌ ပေါ်တာဆွဲ ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူဘက်၏ ဒီဇင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အခြေခံ၍ ကေအိုင်စီ၏ သတင်းဖော်ပြ ချက်အား ဖော်ပြပါသတင်းလင့်ခ် (https://kicnews.org/2024/12/)တွင် ဖတ်ရှုနိုင်သည်။

သတင်းမီဒီယာလုပ်ငန်စဉ်အတိုင်းလုပ်ဆောင်သည့် သံလွင်တိုင်းမ် သတင်းဌာန၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကဖော်ပြထားသည့် သတင်းတွင်လည်း ကရင်ပြည်နယ်အတွင်း စစ်တပ်စစ်သားစု ဆောင်းမှုများ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ငွေကြေးတောင်းခံမှုရှိခဲ့ကြောင်း ပါရှိသည်။ သံလွင်တိုင်းမ် သတင်းလင့်ခ်(https://www.facebook.com/share/v/1BeVychKpC/)

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးရှိ စစ်မှုထမ်းခေါ်ယူမှုအခြေအနေကို စိစစ်ကြည့်ရာ၌ ရန်ကုန်မြို့ အချို့နေရာများတွင် စစ်မှုထမ်းလူစာရင်းရွေးချယ်သည့် စစ်သား၊ ပျူစောထီးနှင့်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့က လူငယ်များအားဖမ်းဆီးရောင်းချပြီး စစ်မှုထမ်းအစားထိုးရန် ပြန်ရောင်းချသည့် ဖြစ်စဥ်များရှိခဲ့ကြောင်းကို People’s Spring-လူထုနွေဦး မီဒီယာက ယခုလိုသတင်းဖော်ပြခဲ့သည်။

People’s Spring ၏ သတင်းလင့်ခ် (https://www.ludunwayoo.com/news-mm/2024/12/13/106411/)

စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူအချို့က မတရားပြုလုပ်မှုများရှိနေပြီး စိစစ်နေသည်ဟုလည်း စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မောင်မောင်အေးက ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ဝန်ခံထားသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ စိတ်ချယုံကြည်ရသည့် RFA သတင်းဌာန၏ ဖော်ပြချက်ကို ယခုလင့်ခ် (https://www.facebook.com/rfaburmese/videos/2399144067088792/?__tn__=%2CO) တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

သုံးသပ်ချက်

စစ်ကောင်စီ၏ တပ်သားလိုအပ်ချက်အရ အမျိုးသားစစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ စတင်လုပ် ဆောင်လာသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ပြီးခဲ့သည့်မတ်လက အပတ်စဥ်(၁၂)အထိရောက်ရှိခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ရန်ကုန်နှင့်ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အလိုက် စစ်မှုထမ်းရွေး ချယ်ခေါ်ယူရာ၌ စစ်ကောင်စီအဖွဲ့ဝင်များ၊ လက်အောက်ခံ ဝန်ထမ်းများ၏ မသမာပြုလုပ်ခြိမ်း ခြောက်မှုများကြောင့် လူငယ်များမှာ ငွေကြေးမပေးနိုင်၊ စစ်မှုထမ်းမလိုက်လို၍ နေရပ်ရှောင် တိမ်းကြသည့် ဖြစ်စဥ်များစွာ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း လွတ်လပ်သည့်သတင်းဌာနများက ဖော်ပြကြသည်။

အထက်ပါအချက်အလက်များအတိုင်း စိစစ်ကြည့်ခြင်းဖြင့် Saw Ba Maung ချန်နယ်က ဖော်ပြထားသည့် “စစ်မှုထမ်းတာဝန်မထမ်းဆောင်နိုင်ရန် အကြမ်းဖက်အားပေး မီဒီယာများက သတင်းမှားများ မဟုတ်မမှန်လုပ်ကြံဖန်တီးဖြန့်ဝေနေကြသည်” ဆိုသော တန်ပြန်စိစစ်ဖော်ပြချက်မှာ သတင်းအမှားအကြောင်းအရာဖြစ်ကြောင်းတွေ့ရှိရသည်။

စာဖတ်ပရိသတ်များအနေဖြင့်လည်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျံ့နှံ့လာသည့် သတင်းအကြောင်းအရာများအား ချက်ချင်းယုံကြည်၍ ပြန်လည်မျှဝေခြင်းမလုပ်ဘဲ ယုံကြည်စိတ်ချရသည့် အချက်အလက်စစ်ဆေးပေးသူများသို့ ပေးပို့စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် သတင်းဌာနများနှင့်တိုက်ဆိုင်စစ်ဆေး၍ဖြစ်စေ Myanmar Fact Checking Network-MFCN သို့ ပေးပို့စစ်ဆေးနိုင်သလို KIC နှင့် The Red Flag အပါအဝင် MFCN ၏ အခြားအဖွဲ့ဝင်သတင်းဌာနများသို့လည်း ပေးပို့၍ စစ်ဆေးအတည်ပြုနိုင်သည်။

Myanmar Factchecking Network အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသည့် သတင်းများကိုလည်း အောက်တွင်ဖော်ပြထားသော လင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web-https://myanmarfactcheckingnetwork.org/

Fb-https://www.facebook.com/myanmarfactcheckingnetwork