၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့
ဖက်ဒရယ် FM/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးတိုက်ပွဲမှာ မိုးဗြဲ PDF အမှတ် ၁၀၀၁ တပ်ရင်းတစ်ရင်းထဲကို ၄၂ ယောက်သေဆုံးပြီး ခြေလက်အင်္ဂါ ၅၀ ဦးကျော် ပေးဆပ်ခဲ့ရတယ် ဆိုပြီးတော့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က အမှတ် (၁၀၀၁)တပ်ရင်း မိုးဗြဲ PDF ဖွဲ့စည်းခြင်း (၄)နှစ်ပြည့်ထုတ်ပြန်ထားတဲ့ ပုံတွေကို အသုံးပြုပြီးတော့ လှည့်စားကာ ဝါဒဖြန့်ချိထားပါတယ်။
စစ်ကောင်စီ သတင်းဝါဒဖြန့် “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဇွန်လ ၁၉ရက်နေ့မှာ ဒီအကြောင်းအရာကို စတင်ဖြန့်ချိခဲ့ တာ ဖြစ်ပါတယ်။ ဒီဝါဒဖြန့်ချိထားတဲ့ အကြောင်းအရာကို အချက်အလက် စစ်ဆေးနေတဲ့ ဇွန် ၂၀ရက်အထိ ဝင်ရာက်ကြည့်ရှု့သူ ၁၇၀၀၀ ကျော်ရှိနေပြီး ပျံ့နှံမှုလည်း များနေပါသည်။
ဖြန့်ဝေထားသည့် မှိုင်းဝေလီဂရမ်လင့် – https://t.me/hminewai/74571?single
အဆိုပါ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM အချက်အလက်စစ်ဆေးရေးအဖွဲ့က စိစစ်ကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ ကရင်နီလူထုအသံ သတင်းဌာနမှာတော့ မိုးဗြဲ PDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို သတင်းမှာဖော်ပြထားပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ် (၁၀၀၁)တပ်ရင်း မိုးဗြဲ PDF ဖွဲ့စည်းခြင်း (၄)နှစ်တာအတွင်း ရဲဘော် (၄၂)ဦး ကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဒေသ၊ ဗျူဟာအမှတ်(၁၄)ကွက်ကဲရေးအောက်ရှိ အမှတ်(၁၀၀၁) မိုးဗြဲ PDF ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ယမန်နေ့ ဇွန်လ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။
ကရင်နီ လူထုအသံ သတင်း လင့် – https://www.facebook.com/share/p/1GcuuqGyPH/
နောက်ထပ်သတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁)တပ်ရင်း ရဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ စကားသံကိုလည်း သတင်းမှာ ထည့်သွင်းဖော်ပြတားပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁)တပ်ရင်း တည်ထောင်လာတဲ့ (၄) နှစ်ကာလအတွင်းမှာ ရဲဘော် (၄၂) ယောက်ကျဆုံးပြီး ကိုယ် လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေ လည်းရှိနေပါတယ်။
“သူတို့ အားလုံးအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့် သူတို့ ရဲ့ ပေးဆပ်မှုအတွက် ကျနော်တို့ ကျနော်တို့ ဆက်ပြီးတော့မှ တိုက်ပွဲဝင်ရမယ်။ ကျနော်တို့ အဆုံးထိသွားမယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်တဲ့ အတွက် ကျဆုံးရဲဘော်တွေကော ၊ ကိုယ်လက်အင်္ဂါပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေကော အားလုံးအတွက် ကျနော်တို့ အဆုံးထိ တိုက်ပွဲ ဝင်သွားမယ်။” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁)တပ်ရင်း ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်) သတင်းလင့် – https://www.facebook.com/share/p/1EgwmThVbK/
“ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်စတင်ဖွဲ့စည်းသည်မှစ၍ ဤ၄နှစ်တာကာလအတွင်း ဆိုးတူကောင်းဖက်လက်တွဲကာ တိုက်ပွဲဝင်ခဲ့ကြပြီး ဒီမိုကရေစီရရှိရေးအတွက် အသက်စွန့်လွှတ်ခဲ့ကြသော အာဇာနည်ရဲဘော် (၄၂) ဦးအား အလေးပြုဦးညွတ်ပါသည်။ အသက်ပင်မသေသော်ငြား မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား တိုင်းပြည်လွှတ်လပ်ရေးအတွက် ပေးလှူခဲ့ကြသော ကိုယ်လက်အင်္ဂါ စွှန့်လွှတ်ရဲဘော်များကိုလည်း အထူးအလေးပြုအပ်ပါသည်” ဆိုပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မူရင်းလင့် – https://www.facebook.com/share/p/1624dzYCEj/
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် အမှတ် ( ၁၀၀၁ ) တပ်ရင်း တာဝန်ရှိသူ ဆယ်မိုးကို ဖက်ဒရယ် FMက ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့ “ လက်ရှိ ၄ နှစ်တာအတွင်းမှာ ရဲဘော် ၄၂ ဦး ဆုံးရှုံးလိုက်ရတယ်။ ၃၀ ကျော်လောက် ခြေလက်အင်္ဂါပေးဆပ်လိုက်ရတယ်။ ဆက်ပြီးတော့ စစ်အာဏာရှင် ကျဆုံးရေးကို တစ်စိုက်မတ်မတ်ဆက်လုပ်သွားမယ်။ လက်ရှိမိုးဗြဲမြို့မှာ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ထိုးစစ်မှုကိုအပြင်း အထန် ခုခံကာကွယ်နေတယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
အဆိုပါ စိစစ်ချက်တွေအရ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁)တပ်ရင်း တည်ထောင်လာတဲ့ (၄) နှစ်ကာလအတွင်းမှာ ရဲဘော် (၄၂) ယောက်ကျဆုံးခဲ့တာ အမှန်ဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိထားတဲ့ “အခုရက်ပိုင်းတွင်း မိုးဗြဲမြို့အနီးတိုက်ပွဲမှာ မိုးဗြဲ PDF အမှတ် ၁၀၀၁ တပ်ရင်းတစ်ရင်းထဲကို ၄၂ ယောက်သေဆုံးပြီး ခြေလက်အင်္ဂါ ၅၀ ဦးကျော်ပေးဆပ်ခဲ့ရတယ်ဆို” တဲ့အချက်အလက်က လွှဲမှားနေပြီး၊ မဟုတ်မမှန်သော အရေးအသားများဖြင့် လိမ်လည်ဝါဒဖြန့်တဲ့ သတင်းအမှားဖြစ်ကြောင်း သုံးသပ်ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်နဲ့ ပြည်သူတွေကို တော်လှန်ရေးအပေါ် ယုံကြည်မှု အားလျော့လာအောင် တမင်လှည့်စားပြီး ဝါဒဖြန့်ချိနေပါတယ်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။