Fact Check၊ Dawei Watch / The Red Flag (ဇွန်လ ၁၅ ရက်၊ ၂၀၂၅။)
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက ကျောက်အိုင်ရွာနဲ့ မယ်ကဲရွာကို စစ်ကောင်စီက ဇွန်လ ၇ ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသားအဖနှစ်ဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရပါတယ်။
အဲဒီဖြစ်စဉ်အပေါ်မှာ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဆောက်အအုံတွေဟာ KNU ၊ PDF တွေရဲ့ အဆောက်အအုံတွေဖြစ်တယ်လို့ ဇွန်လ ၇ ရက်ကစပြီး ဖြန့်ချိနေကြပါတယ်။
Suscriber နှစ်သိန်းနီးပါးရှိတဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ချိတာဖြစ်ပြီး အဲဒီဖြန့်ချိမှုကို မြင်တွေ့ပြီးသူ သုံးသောင်းကျော်၊ Reaction ပြုလုပ်ထားသူ ရှစ်ရာကျော် ရှိပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/lim8N
အထက်ပါဖော်ပြချက်ကို ဆက်စပ်ကူးယူဖော်ပြတဲ့ ပုလဲမြေ တယ်လီဂရမ်ချန်က ဖော်ပြချက်ကိုလည်း အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ်- https://archive.ph/YCMuN
အလားတူ Ye Naung ဆိုတဲ့ Tittok အကောင့်ကလည်း ဖြန့်ချိထားတာကိုလည်း အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ လင့်ခ် – https://archive.ph/Ux5xd
အထက်ပါဖြန့်ချိမှုတွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က KNU တပ်မဟာ (၄) တာဝန်ရှိသူ၊ သေဆုံးသူတွေနဲ့ ဆွေမျိုးတော်စပ်သူတွေကို ဆက်သွယ်မေးမြန်းအတည်ပြုပြီး အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှား ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
◼︎ တိုက်ပွဲမဖြစ်ဘဲ တောင်ပျောက်တိုက်နယ်ကို ဗုံးကြဲ
ဇွန်လ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် တစ်စင်းနဲ့ တောင်ပျောက်တိုက်နယ်က ကျောက်အိုင်ရွာ နဲ့ မယ်ကဲရွာတွေကို ဗုံးနှစ်ကြိမ် ကြဲခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ မယ်ကဲရွာမှာ ထိခိုက်မှုမရှိပေမယ့် ကျောက်အိုင်ရွာမှာတော့ လူနေအိမ်တစ်လုံးပြိုကျပြီး သားအဖ နှစ်ဦးသေဆုံးတဲ့အပြင်နောက်ထပ်ခြောက်ဦး ဒဏ်ရာရတယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတွေက ပြောဆိုပါတယ်။
ကျောက်အိုင်ရွာ ဖြစ်စဉ်ကို ကေအန်ယူ မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားတာလည်းရှိပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အကြောင်း ဖော်ပြပါတယ်။ သေဆုံးသူ သားအဖနှစ်ဦးထဲမှာ သားဖြစ်သူကတော့ အသက် ၁၀နှစ်အရွယ်ပဲရှိသေးတယ်လို့လည်း ဖော်ပြပါရှိပါတယ်။ ကေအန်ယူရဲ့ ထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ ဖ
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေတဲ့ ဗုံးထိမှန်တဲ့ အဆောက်အအုံဟာ KNU ၊ PDF အဆောက်အအုံ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ကေအန်ယူ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို Dawei Watch က မေးမြန်းကြည့်ရာ အခုလိုရှင်းပြပါတယ် ။
“အဲဒါ အရပ်သားအဆောက်အအုံပဲနော်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံတွေထဲမှာကြည့်ကြည့် သေဆုံးထိခိုက်သူတွေ အကုန်လုံး အရပ်သားတွေပဲနော်” လို့ ဆိုပါတယ်။
တောင်ပျောက်တိုက်နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေး တာဝန်ရှိသူကတော့ အခုလို ဗုံးကြဲခံရတာဟာ တယ်လီဂရမ်ချန်နယ်တွေရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်တယ်လို့ Dawei Watch ကို ပြောပါတယ် ။
“အမဲလိုက်မုဆိုး (စစ်ကောင်စီဝါဒဖြန့်ချန်နယ်) က နေပြီးတင်နေတာတော့ ဆေးခန်းတွေဘာတွေရှိတယ်ဆိုပြီး သူတို့ယူဆတာဖြစ်မယ်၊ ဆေးခန်း(ဆိုပြီး)တည်နေရာနဲ့တကွ တင်ထားတာတွေလည်းရှိတယ်။ ပွိုင့်ပေးထားတာတွေ အဲ့ဒါကြောင့် ကြဲတာထင်တယ်” လို့ သူက ပြောဆိုပါတယ်။
သေဆုံးသူ သားအဖနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးဆီ အတည်ပြုမေးမြန်းရာမှာလည်း အရပ်သားနေအိမ်တစ်လုံးအပေါ် ဗုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်ရှင်သားအဖ သေဆုံးကာ နောက်ထပ်ခြောက် ဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
“ဦးလေးတို့မိသားစုက ထမင်းစားဖို့ လုပ်နေချိန် ဗုံးသီးကျပြီး အိမ်ပြိုသွားတယ်။ ဦးလေးနဲ့ သူ့သားက သေသွားတယ်။ ဦးလေးမိန်းမကတော့ ဒဏ်ရာရတယ်။ ကျန်တဲ့ငါးယောက်က ဦးလေးအိမ်မှာ ကွမ်းသီးအရောင်းအဝယ်လာလုပ်နေကြတဲ့ သူ တွေ ထိသွားတယ်” လို့ အထက်ပါဆွေမျိုးတော်စပ်သူပြောပါတယ်။
ဗုံးကြဲခံရချိန်မှာ တောင်ပျောက်ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား နှစ်ဖက် စစ်ရေးထိတွေ့တိုက်ခိုက်မှု မရှိဘူးလို့တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်အိုင်ရွာ ဗုံးကြဲခံရလို့ အရပ်သားသေဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ Dawei Watch အပါအဝင် သတင်းဌာနတချို့က သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://www.daweiwatch.com/07/06/2025/113250/
Thanlwin Time သတင်းဌာနရဲ့ သတင်းလင့်ခ် – https://www.facebook.com/share/1F1nqhT9YZ/
DVB သတင်းဌာနရဲ့ သတင်းလင့်ခ် – https://www.dvb.no/post/709067
◼︎ စိစစ်တွေ့ရှိချက်
ကျောက်အိုင်ရွာမှာ အရပ်သားနေအိမ် ဗုံးထိမှန်ပြီး ကလေးငယ်တစ်ဦးအပါအဝင် သားအဖနှစ်ဦး သေဆုံးပြီး အရပ်သားတွေ ထိခိုက်တာကို သေဆုံးသူသားအဖနဲ့ ဆွေမျိုးတော်စပ်သူ၊ KNU ၊ တော်လှန်ရေး အင်အားစုတွေကို ဆက်သွယ်မေးမြန်း အတည်ပြုချက်၊ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။
တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တဲ့အပြင် အရပ်သားပြည်သူတွေ ထိခိုက်ခဲ့တဲ့ဖြစ်စဉ်ကို KNU ၊ PDF တွေရဲ့ အဆောက်အအုံတွေကို တိုက်ခိုက်တာလို့ ပုံဖော်သတင်းအမှားဖြန့်ချိပြီး ဖုံးကွယ်ဖို့ကြိုးစားတာအဖြစ် တွေ့ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။