ဖားကန့်တွင် KIA လက်ကိုင်တုတ်များက ပြည်သူများကို နေ့စဉ် သတ်ဖြတ်နေ ဆိုသည့် သတင်းအမှား

19 June 2025 By Wadi/ MPA – The Red Flag
ကချင်ပြည်နယ် ဖားကန့်မြို့တွင် KIA အဖွဲ့၏ လက်ကိုင်တုတ်လူတစ်စုက ပြည်သူများကို နေ့စဉ် လိုက်လံ သတ်ဖြတ်နေ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ လျက်ရှိသည်။
“People Media” တယ်လီဂရမ်ချန်နယ်က ဇွန် ၁၆ ရက် နေ့လည် ၁၂ နာရီ ၁ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် KIA အဖွဲ့၏ လက်ကိုင်တုတ် လူတစ်စုက ဒေသခံများကို လိုက်လံ သတ်ဖြတ်မှုများ ပြလုပ်နေသောကြောင့် ဒေသခံများမှာ နေ့စဉ် သေဆုံးနေရကြောင်း လမ်းဘေး၌ သေဆုံး နေသည့် အမျိုးသားရုပ်အလောင်းပုံများနှင့်တကွ ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို ဇွန် ၁၉ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၀,၀၀၀ ကျော်၊ Reaction ပေးသူ ၂၆၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀ ဦးကျော် ရှိခဲ့သည်။
မူရင်း သတင်းအမှားလင့်ခ် >>> https://archive.ph/JwXrq
အဆိုပါအကြောင်းအရာကို “U Kyaw Soe Oo” တယ်လီဂရမ်ကပါ ထပ်မံ ကူးယူဖော်ပြထားသည်။
ထပ်ဆင့်ဖြန့်ဝေထားသော သတင်းအမှားလင့်ခ် >>> https://archive.ph/hU1ld
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။
သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော သတင်းဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်သည့်အခါ “Voice of Myanmar” သတင်းဌာနတွင် သတင်းရေးထားသည်။
Voice of Myanmar တွင် ဇွန် ၁၆ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် အမျိုးသား နှစ် ယောက် ပစ်ခတ်ခံရမှု ဖြစ်ပွားပြီး တစ်ယောက်သေဆုံးခဲ့ကြောင်း၊ ဇွန် ၁၂ ရက် နှင့် ၁၄ ရက်တုန်းကလည်း ပစ်ခတ်သတ်ဖြတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးရုပ်အလောင်းများကို လမ်းပေါ်စွန့်ပစ်ထားမှုများ ရှိခဲ့ ကြောင်း၊ ယခုရက်ပိုင်းအတွင်း သတ်ဖြတ်ခံရသူ အမျိုးသား ခုနှစ်ယောက်ထိ ရှိလာပြီဖြစ်ကြောင်း ရေး ထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/9u1h7
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ဖားကန့်မြို့ စွန့်ပစ်ရုပ်အလောင်းများ” ဆိုသည့် အကြောင်းအရာဖြင့် ရှာဖွေကြည့်ရာ “The Irrawaddy, People’s Spring , Mizzima” အပါအဝင် အခြား မီဒီယာများ၌ သတင်းရေးထားသည်။
Irrawaddy Burmese သတင်းရုပ်သံတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး နောက်ပိုင်း ဇွန် လ ၁၂ရက်မှ ၅ရက်အတွင်း ရုပ်အလောင်း ၁၂လောင်း တွေ့ရှိရကြောင်း၊ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအုပ်စု တောင်ယာကုန်းကျေးရွာရှိ ဒေသခံ ၇ဦးကို စစ်ကောင်စီက ပစ်သတ် ကာ ရေတွင်းနှင့် အမှိုက်ပုံထဲ ပစ်ထားခဲ့ကြောင်း ဒေသခံများကို မေးမြန်း၍ ဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/TYEfV
People’s Spring သတင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့်အနေအထားဖြင့် သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိ ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းသည် သုံးရက်အတွင်း အရပ်သား ၁၀ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာသည့် မေလ ၂၇ရက်မှ ဇွန်လ ၁၄ရက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၆ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ် ကြောင်းထိုးရင်း သတ်ဖြတ်သွားသူ ၁၀ဦးနှင့်ဆိုလျှင် စုစုပေါင်း ၂၆ဦး ရှိပြီဖြစ်ကြောင်း သတင်းရေးသားထား သည်။ သတင်းလင့်ခ် – https://bitly.cx/XAGzD
Mizzima သတင်းတွင် “ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဒေသ မှော်စီစာကျေးရွာတွင် စစ် ကောင်စီတပ် ဝင်ရောက်လာပြီးနောက် အသတ်ခံထားရသူ ခုနစ်ဦးထိ ရှိလာပြီဖြစ်ကြောင်း၊ ဇွန် ၁၁ ရက် ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်စွဲထားသည့် မှော်စီစာဘုရားကုန်းဘက်တွင် သေနတ်သံကြားရပြီး နောက်နေ့မနက် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို မှော်စီစာမိန်းလမ်းမ လမ်းဆုံထောင့်တွင် လာပစ်သွားကြောင်း သတင်းဖော်ပြထားသည်။ သတင်းလင့်ခ် – https://bitly.cx/giP7D
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက်ပိုင်း အရပ် သားများကို ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှုများ ဆက်တိုက်ဖြစ်နေကြောင်း ၊ ဖားကန့်မြို့ သို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာသည့် ၂၀၂၅ မေလ ၂၇ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း စစ်ကောင်စီဘက် က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးရင်း သတ်ဖြတ်ခြင်းများကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ရေးထားသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ဖားကန့်မြို့တွင် KIA လက်ကိုင် တုတ်လူတစ်စုက ပြည်သူများအား နေ့စဉ်လိုက်လံ သတ်ဖြတ်နေ” ဆိုသော အကြောင်းအရာသည် ဝါဒဖြန့် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဇွန်လ ၁၉ ရက် ညနေပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/