တရားသူကြီးတဦး CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေရေးအလုပ် လုပ်နေရတယ်ဆိုတဲ့ သတင်းမှား

၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်
(Fact Check) DNA/ The Red Flag
လက်ရှိ လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ CDM တရားသူကြီးအမျိုးသမီးတဦး လိင်ဖျော်ဖြေရေး လုပ် နေရတယ်ဆိုပြီး ဓါတ်ပုံ ၂ ပုံနဲ့ရေးသားဖြန့်ဝေခဲ့လို့ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။
မေလ ၈ ရက်မှာ KO CHIT(MDY) တယ်လီဂရန်ချန်နယ်ကနေ “ CDM တျားသူကြီး ဒေါ်နဒီဝင့်နိုင် ထိုင်းမှာ ချဲပေါက်တဲ့သူတွေ ခေါ်တီးနေကြဘီ” လို့ ရေးသားကာ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပြီး မေလ ၉ ရက်မှာ စွမ်းအားရှင် တယ်လီဂရန်ချန်နယ်ကနေ ထပ်မံဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
စွမ်းအားရှင် – https://archive.ph/Nyijv
ဒါ့အပြင် မေ ၁၃ ရက်မှာ ဘညွန့် တယ်လီဂရန်ချန်နယ်ကနေ “တောင်ငူခရိုင်တရားရုံးက ဒုဦးစီးလက်သုံး ချောင်းထောင် ယောင်ဝါးလုပ် CDM ဆိုတဲ့ နာမည်လမ်းကိုလျှောက်ခဲ့တဲ့ အမိုက်မ အခုတော့ KTV တွေမှာ ဟိုင်းမယ် အဖြစ်နဲ့ ဘဝကို ဖြတ်သန်းနေရတယ်လို သိရှိရပါတယ်” ဆိုပြီး ရေးသားဖြန့်ဝေခဲ့ပါတယ်။
ဘညွန့်- https://archive.ph/T9J42
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ ၁၇,၄၂၃ ဦး၊ React ပေးသူ ၂၆၂ ကျော်၊ comment ၂၀,မျှဝေသူ ၆၂ ဦးရှိတာကို တွေ့ရပါတယ်။
အခြားလော်ဘီတွေဖြစ်တဲ့ Ye Yint Htet(#yyh), Snow Queen, Truth Media, ကိုလှရွှေ(သတင်းမှန်) တို့ ကနေ ထပ်ဆင့်မျှဝေရေးသားခဲ့တဲ့အပြင် လော်ဘီ tik tok အချို့မှာပါ ရေးသားဖြန့်ဝေခဲ့လို့ ပျံ့နှံ့နေခဲ့တာ တွေ့ရှိရပါတယ်။
ကိုလှရွှေ(သတင်းမှန်)- https://archive.ph/zf6L0
Ounghtay Toktok- https://archive.ph/b7ce4
အဲဒီပို့စ်နဲ့ဓါတ်ပုံ ၂ ပုံကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ တောင်ငူခရိုင်တရားရုံးက ဒုဦးစီးမှူး ဒေါ်နဒီဝင်းလဲ့ဟာ ၅.၃.၂၀၂၁ ရက်ကစလို့ CDM ပြုလုပ်ခဲ့သူတဦးဖြစ်ကာ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့မှာနေထိုင်ပြီး ၎င်းတို့လုပ်ကိုင်လျက်ရှိတဲ့ RTM gallery 3 studio အတွက် Photo Studio မော်ဒယ်အဖြစ် ကြော်ငြာရိုက်ကူးထားတဲ့ပုံထဲက ပုံတပုံနဲ့ CDM ပြုလုပ်ကြောင်း အသိပေးစဉ်က ဓါတ်ပုံတပုံတို့ကို ယှဉ်တွဲဖော်ပြကာ ပုံဖျက်လှည့်စားရေးသားထားတဲ့ သတင်းမှား ဖြစ်တာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
၅.၃.၂၀၂၁ ရက်မှာ “ကျွန်မဒေါ်နဒီဝင်းလဲ့သည် တောင်ငူခရိုင်တရားရုံးမှ ဒုတိယဦးစီးမှူးဖြစ်ပါသည်။ ကျွန်မ သည် ယနေ့(၅-၃-၂၀၂၁)ရက်နေ့မှစ၍ Civil Disobedience Movement(CDM)တွင် ပါဝင်သွားမည်ဖြစ် ပါသည်။ ကျွန်မယခုကဲ့သို့ပြုလုပ်ရခြင်းမှာ နိုင်ငံရေးပါတီစွဲဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်များ၏ ပြည်သူများအား ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုများအပေါ် လွန်စွာစိတ်ထိခိုက်နာကျင်ရသဖြင့် မိမိတစ်ဦးတည်း၏သဘောဆန္ဒအရ ပြုလုပ်ခြင်းသာဖြစ်ပါသည်။ ကျွန်မသည်အလုပ်ထွက်ခြင်းလုံးဝမဟုတ် ပါ။ ပြည်သူ့ဆန္ဒဖြင့် တရားဝင်ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ ပြန်တက်မှသာလျှင် အလုပ်ပြန်လုပ်မည်ဖြစ်ပါသည်။ ပြည်သူနှင့်အတူတရားမျှတသည့်ဘက်မှ ရပ်တည်သွားပါမည်”လို့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံနဲ့အတူ Facebook မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။
၂၀၂၅ မေလ ၁၁ ရက်မှာ “ဒီပုံတွေကလေ ကျမတို့ Photo Studio လုပ်ငန်း အတွက်ကြော်ငြာရိုက်တာပါနော် trending နဲ့အညီ ပုံစံအစုံရိုက်လို့ရကြောင်း ကြော်ငြာတဲ့ပုံတွေပါ ဆေးလိပ်နဲ့ပုံမြင်တာနဲ့ ကြက်လို့ လိုက် ပြောရင် ဒီခေတ်ကြီးမှာ အမျိုးသမီးအားလုံးနီးပါးကို လိုက်ပြောနေရမှာပေါ့ နှမသားချင်းမစာမနာ မှိုချိုး မျှစ်ချိုး ပြောကြတဲ့သူတွေ ဘဝရဲ့အတုံ့အလှည့်မှာ အေးချမ်းကြပါစေ”လို့ ဓါတ်ပုံ ၄ ပုံနဲ့အတူ Nadi Winlei အကောင့်ကနေ ပို့စ်ရေးသားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအပြင် Nadi Winlei အကောင့်ကနေ ဧပြီလ ၂၉ ရက်မှာ “ God’s Favorite, smoking- who cares? #rtm gallery 3 လို့ရေးသားပြီး RTM လို့ အတိုကောက်ရေးသားတဲ့ Royal Traditional Musical Store နဲ့ RTM gallery 3 အတွက် ကြော်ငြာပုံရိုက်ကူးတင်ထားတာကို တွေ့ရပါတယ်။
Nadi Winlei facebook- https://archive.ph/tHgxw
☑️သုံးသပ်ချက်
KO CHIT(MDY) တယ်လီဂရန်ချန်နယ်က မေ ၈ ရက်မှာ CDM တရားသူကြီး ဒေါ်နဒီဝင့်နိုင် ထိုင်းမှာ လိင် ဖျော်ဖြေရေးလုပ်နေရတယ်လို့ ဓါတ်ပုံ ၂ ပုံနဲ့ ရေးသားခဲ့ပေမဲ့ အမည်အမှန်က ဒေါ်နဒီဝင်းလဲ့ ဖြစ်ပြီး အမည် မှားယွင်းရေးသားထားတာကို တွေ့ရပါတယ်။
ပထမအသုံးပြုဖြန့်ဝေခဲ့တဲ့ပုံဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်က ဒေါ်နဒီဝင်းလဲ့မှ Civil Disobedience Movement(CDM)မှာ ပါဝင်သွားမယ်လို့ Facebook အကောင့်မှ ရေးသားတင်ထားတဲ့ ဓါတ်ပုံကို အသုံးပြု ထားပြီးတော့ ဒုတိယပုံက ၎င်းတို့လုပ်ကိုင်လျက်ရှိတဲ့ RTM gallery 3 studio အတွက် Photo Studio မော်ဒယ်အဖြစ် ကြော်ငြာရိုက်ကူးထားတဲ့ပုံထဲက ပုံတပုံနဲ့ယှဉ်တွဲ ရေးသားထားတာဖြစ်ပါတယ်။
CDM တရားသူကြီး ဒေါ်နဒီဝင်းလဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်မြို့တမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်လျက် ရှိပြီး Royal Traditional Musical Store နဲ့ RTM Gallery 3 Studio လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိတာ ကို Nadi Winlei facebook, RTM Gallery 3, Royal Traditional Musical Store စတဲ့ အကောင့်တွေ ကနေ တွေ့ရှိသိရှိနိုင်ပြီး KTV မှာ ဟိုင်းမယ်အဖြစ်လုပ်ကိုင်လျက်ရှိတယ်ဆိုတာ ပုံဖျက်ဝါဒဖြန့်အပုတ်ချရေး သားထားတာ ဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။
စစ်ကောင်စီဘက်က CDM ဆရာဝန်တွေ၊ CDM ဝန်ထမ်းအမျိုးသမီးတွေ CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေ ရေးလုပ်ငန်းတွေကို ထိုင်း၊ မလေးရှားစတဲ့ ပြည်ပနိုင်ငံတွေနဲ့ ပြည်တွင်း ရန်ကုန်၊ မန္တလေးနဲ့နယ်စပ်တွေမှာ လုပ်နေရတယ်ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို စစ်ကောင်စီလော်ဘီတွေက မကြာခဏ ဇာတ်လမ်းဆင် ပုံဖျက်ဝါဒဖြန့်ချိလေ့ရှိကြတာကို တွေ့ရှိရပါတယ်။
မှိုင်းဝေ – https://archive.ph/kKZiV
ညစ်ညမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ကာ ထောက်ပို့လုပ်နေတဲ့ CDM တဦးကို ထိုင်းမှာ ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီလော်ဘီတွေ ဝါဒဖြန့်ရေးသားဖြန့်ဝေခဲ့တာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်က သတင်း မှားဖြစ်တယ်လို့ စိစစ်ထားတာကို ဖတ်ရှုနိုင်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။