Dawei Watch | The Red Flag / Fact Check
မြေငလျင် ဘေးဒဏ်သင့်ဒေသတွေကို ကူညီဖို့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက ၎င်းကိုယ်တိုင် ကျပ်သိန်းတစ်ထောင် မတည်ထားပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းနိုင်ရန် ဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ သူ့ရဲ့လှုမှုကွန်ယက် စာမျက်နှာကနေ အလှူခံနေတာတွေ့ရပါတယ်။
“ခိုင်နှင်းဝေ မိဘမဲ့ကလေးများ ဂေဟာ” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာတစ်ခုကနေ အလှူခံနေတာကို တွေ့ရပါတယ် ။ အဲဒီစာမျက်နှာကို Follower ပြုလုပ်ထားသူ ခြောက်ထောင်ကျော်ရှိ ပါတယ်။
အလှူခံ post အောက်မှာ ဖုန်းနံပါတ်တွေ ဖော်ပြပြီး viber နဲ့ ခေါ်ပြီးဖြစ်ဖြစ်၊ လူမှုကွန်ရက်စာမျက်နှာကနေ ဖြစ်ဖြစ် ဆက်သွယ်လှူဒါန်းနိုင်တယ်ဆိုပြီး လိမ်လည် အလှူခံနေတာကို တွေ့ရပါတယ်။
အဲဒီစာမျက်နှာ ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်တဲ့အခါ သရုပ်ဆောင် ခိုင်နှင်းဝေ အမည်နဲ့ ငလျင်ဘေးကို အသုံးချ ငွေလိမ်ဖို့ လုပ်ဆောင်နေတာ အဖြစ် စိစစ်တွေ့ရပါတယ်။
◼︎ အယောင်ဆောင် ပေ့ချ်
“ခိုင်နှင်းဝေ မိဘမဲ့ ကလေးများ ဂေဟာ” အမည်နဲ့ဖွင့်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာဟာ မြေငလျင်ဘေးဒဏ်သင့်ဒေသတွေကိုရုပ်ရှင်သရုပ်ဆောင်တချို့က လှူဒါန်းထားတယ်လို့ ဖော်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ် ။
ဆက်သွယ်လှူဒါန်းချင်ရင်လည်း အဲဒီ လူမှုကွန်ရက်စာမျက်နှာရဲ့ messager ကို ဆက်သွယ်ခိုင်းထားပါတယ်။
အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံ ဒေသတချို့ ရေဘေးကြုံရချိန် ဖွင့်လှစ်ထားတာဖြစ်ပါတယ် ။
ရေဘေးအလှူ နဲ့ ပတ်သက်ပြီးလည်း အလားတူ ဖော်ပြမှုမျိုးတွေ ပြုလုပ်ခဲ့ဖူးသလို သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ဓာတ်ပုံနဲ့ post တွေကို အဆက်မပြတ်ဖော်ပြပြီး page အစစ်ကဲ့သို့ အယောင်ဆောင် ဖော်ပြလျက်ရှိပါတယ်။
Facebook page အတု ရဲ့ link ကို ဒီနေရာမှာ ကြည့်ပါ – https://archive.ph/xzqkO
အဲဒီ page နဲ့ပတ်သက်ပြီး သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ခိုင်နှင်းဝေ ရင်သွေးငယ်လေးများ ဂေဟာ သို့ Dawei Watch က ဆက်သွယ်မေးမြန်းကြည့်ရာ “ခိုင်နှင်းဝေ မိဘမဲ့ ကလေးများ ဂေဟာ” ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာဟာ အတု ဖြစ်တယ်လို့ ပြန်လည်ဖြေကြား အတည်ပြုပေးပါတယ် ။
◼︎ ဖုန်းနံပါတ်တွေနဲ့ အယောင်ဆောင်လိမ်လည်
သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ မြေငလျင်ဘေးဒဏ်သင့်အလှူနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေအောက်မှာ မှတ်ချက်ပြုရာ နေရာမှလည်း လိမ်လည်သူအချို့ဟာ ဖုန်းနံပါတ်တွေကို ဖော်ပြပြီး viber ကနေ ဆက်သွယ်ပေးပါလို့ ရေးသားနေတာ တွေ့ ရပါတယ် ။
အဲဒီလို ရေးသားဖော်ပြနေကြတဲ့ ဖုန်းနံပါတ်တွေဟာလည်း အယောင်ဆောင်ဖုန်းနံပါတ်တွေပဲ ဖြစ်တယ်လို့ ခိုင်နှင်းဝေ ရင်သွေးငယ်လေးများ ဂေဟာထံ မေးမြန်းရာမှာ ပြန်လည်ဖြေကြားခဲ့ပါတယ် ။
မြေငလျင်ဘေးဒဏ်သင့် ဒေသတွေကို ကူညီဖို့ဆိုရင် ဖုန်း-09793841165 ၊ 09-793841194 နဲ့ 09-440099292 စတဲ့ ဖုန်းသုံးလုံးကိုပဲ ဖုန်းနဲဖြစ်ဖြစ်Viber ကဖြစ်ဖြစ်ဆက်သွယ် ပေးဖို့ ပြောပါတယ်။
အဲဒီဖော်ပြချက်ကို ဒီနေရာမှာကြည့်ပါ – https://www.facebook.com/share/p/1YjCtfoxJV/
Follower ငါးသိန်းကျော်ရှိတဲ့ ခိုင်နှင်းဝေ ရင်သွေးငယ်လေးများ ဂေဟာ page အစစ် ကို ဒီနေရာမှာ ကြည့်ပါ – https://www.facebook.com/share/1Xp8aY1jQR/
◼︎ အကြံပြုချက်
အခုလို ငလျင်ဘေးဒဏ်သင့်ပြီး အခက်အခဲ ဖြစ်နေချိန်မှာ ကူညီပေးဖို့ အလှူခံနေတဲ့သူရှိပါတယ်။ အဲဒီ ထဲမှာ အယောင်ဆောင် လိမ်လည်ဖော်ပြအလှူခံနေသူလည်း ရှိနေတာကို စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ကူညီဖို့ လှူဒါန်းမယ်ဆိုရင် မိမိဆက်သွယ်လှူဒါန်းမယ့် ပုဂ္ဂိုလ် သို့မဟုတ် page တွေဟာ အစစ်အမှန် ဟုတ်မဟုတ်ကို သေချာ စိစစ်ကြည့်ဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါတယ် ။
◼︎ အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ ငလျင်နဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေး စေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။