ကောလင်းမြိုနယ် အင်ပင်လှရွာကို ဗုံးကြဲတိုက်ခိုက်ချေမှုန်းခဲ့ရာ PDF အများအပြားထိခိုက်သေဆုံးဆိုတဲ့ သတင်းအမှား

၂၀၂၅ ဧပြီလ ၁၄ ရက် ( ဖက်ဒရယ် FM၊ The Red Flag)

ကောလင်းမြိုနယ် အင်ပင်လှရွာကို ဗုံးကြဲတိုက်ခိုက်ချေမှုန်းခဲ့ရာ PDF အများအပြားထိခိုက်သေဆုံးကြောင်းစစ်ကောင်စီလော်ဘီက သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။

ကောလင်းမြိုနယ် အင်ပင်လှရွာကို ဗုံးကြဲတိုက်ခိုက်ချေမှုန်းခဲ့ရာ PDF အများအပြားထိခိုက်သေဆုံးကြောင်း

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ နှစ်သောင်းနီးပါးရှိနေတာကို တွေ့ရှိရပါတယ်။

သတင်းအမှားလင့်ခ် – https://t.me/kothetjournalist9000/80539?single

အဆိုပါ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

မီဒီယာသတင်းဌာနဖြစ်တဲ့ ဧရာဝတီတိုင်းမ် သတင်းဌာနမှာတော့ ” စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၍ ကလေးတစ်ဦး သေဆုံးကာ သုံးဦးအပြင်း အထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဧပြီ ၁၀ရက် နေ့လယ် ၁နာရီ ၄၀ မိနစ်ခန့်က အင်ပင်လှ ကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ‌ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/16LgPzX4dk/

နောက်ထပ်သတင်းဌာနဖြစ်တဲ့ မြေလတ်အသံ သတင်းဌာနမှာတော့ “စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာစစ်ဘေးရှောင်စခန်းကို ယနေ့(ဧပြီ ၁၀ ရက်) မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၁နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက စစ်ဘေးရှောင်များရှိရာ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည် ” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1FBh9LafJz/

လေကြောင်းတိုက်ခိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး “ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ ကောလင်းမြို့နယ်၊အင်ပင်လှရွာစာသင်ကျောင်း နေရာအား စကစမှ စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးသီး (၂)လုံးချ (၁)လုံး မှာ စာသင်ကျောင်းအတွင်းဖြစ်ပြီး နောက်(၁)လုံးမှာ စာသင်ကျောင်းဘေး ကိုက် (၅၀)​ပြည်သူ့နေအိမ်ပေါ်ကြဲချလေကြောင်းတိုက်ခိုက်မှုအတွင်း (၁၃)နှစ်ကလေးတစ်ဦးသေဆုံး (၁)ဦးပြင်းထန်ထိခိုက်ဒဏ်ရာရ (၅)ဦးထိခိုက်ဒဏ်ရာ ပျက်ဆီးဆုံးရှုံးမှုများစွာရှိကြောင်း” Kawlin People Defence Force – KLPDF ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ကို ဖက်ဒရယ် FM မှ Kawlin infoကို ဆက်သွယ် မေးမြန်းကြည့်တဲ အခါမှာတော့

” “ပေါင် ၅၀၀ ဗုံး ၂ လုံးလာချသွားတာ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေတယ် ။ သက်ကြီးရွယ်အို အဖိုးတစ်ဦးအပါအ၀င် ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကောလင်းမြိုနယ် အင်ပင်လှရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ သတင်းအမှန်ဖြစ်နေပါတယ်။ သို့သော် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက်နဲ့ သတင်းတွေကို ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် အချက်အလက်အကြောင်းအရာအများတွေနဲ့ တန်ပြန်ဝါဒဖြန့်ချိနေတာကို တွေ့ရပါတယ်။

စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ စိတ်ချပြီးယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork