ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။
KIC, The Red Flag, MFCN
ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ် ရေလဲအနောက်ဘက်ကမ်းရွာနှင့် သင်္ကန်းကုန်းရွာမှ အသက်(၁၈)နှစ်အောက်ကလေးငယ်(၂)ဦးနှင့် ပြည်သူ(၂)ဦးအား နတ်သံကွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့်ရွှေကျင်မြို့အခြေစိုက် ခြေလျှင်တပ်ရင်း ခမရ-၃၀၇ တို့ကလက်နက်ကြီးပစ်ခတ်၍ ဒဏ်ရာရရှိမှုအပေါ် ကေအဲန်ယူထံမှ ကူးယူထားသည့်ပုံများဖြင့် D.I Thameedaw တယ်လီဂရမ်ချန်နယ်မှ သတင်းအမှားဖြန့်ဝေနေသည်။
ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၏ လူမှုကွန်ရက်စာမျက်နှာမှဖော်ပြထားသည့် ဓာတ်ပုံ၃ပုံကို ကူးယူ၍ “ KNU မှ ခလယ်လွီထူခရိုင်အတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် (၁၈)နှစ်အောက် ကလေးငယ်(၂)ဦးနှင့် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရ” ဟု D.I Thameedaw တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၀ ရက်နေ့ ည ၆နာရီ ၄၂ မိနစ်တွင် ဖော်ပြထားခြင်းဖြစ်သည်။
D.I Thameedaw တယ်လီဂရမ်ချန်နယ်ကိုလေ့လာကြည့်ရာ စစ်ကောင်စီအကြိုက်လိုက် သတင်းများကို တစ်နှစ်ကျော်ကြာ ရေးသားဖြန့်ဝေလာခဲ့ပြီီး လက်ရှိ Subscribe ပြုလုပ်သူ ၁သောင်းခွဲကျော် ရှိိ နေ သည်။ ၎င်းဖော်ပြထားသည့် ပို့စ်ကိုလည်း ကြိုက်နှစ်သက်သူ ၂ ထောင်ကျော်ရှိပြီး Reaction ပြုလုပ်သူ ၃၀ နီးပါးရှိသည်။
D.I Thameedaw – https://archive.ph/kKqyp
အချက်အလက်စစ်ဆေးသည့် Myanmar Fact-Checking အဖွဲ့ဝင် ကေအိုင်စီသတင်းဌာနက အဆိုပါဖော်ပြချက်ကို စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်းတွေ့ရသည်။
သတင်းအမှားစိစစ်ချက်
D.I Thameedaw တယ်လီဂရမ်ချန်နယ်က ပို့စ်တင်ထားသည့် ရက်နှင့်အချိန်ကို ကေအဲန်ယူ-ခလယ်လွီထူခရိုင် လူမှုကွန်ရက်စာမျက်နှာမှမူရင်းပို့စ်နှင့် နှိုင်းယှဥ်ကြည့်ရာ ကေအဲန်ယူက ၂၄ မိနစ်ပိုစောသည်။
ထို့အပြင် ဖြစ်စဥ်အသေးစိတ်အချက်အလက်များဖြစ်သော ဇူလိုင်လ(၁၄)ရက်နှင့် (၁၈)ရက်တို့တွင် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်နှင့် ခမရ-၃၀၇ တို့မှ ရေလဲအနောက်ဘက်ကမ်းရွာ၊ ရေလဲရွာ၊ တောင်စုရွာ၊ အညာစုရွာ၊ ရေလဲကရင်ရွာနှင့် သင်္ကန်းကုန်းရွာတို့သို့ လက်နက်ကြီး ၁၀ လုံးပစ်ခတ်ခဲ့သဖြင့် အသက်(၄)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၁၇)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးနှင့် အမျိုးသမီး၊ အမျိုးသား (၂)ဦး၊ စုစုပေါင်း (၄)ဦး ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူကဖော်ပြထားသည်။
ကေအဲန်ယူ၏ မူရင်းပို့စ်- https://shorturl.at/idHnP
ထို့အတူ ဒဏ်ရာရရှိထားသူများ၏ပုံ(၃)ပုံနှင့်တကွ ဖော်ပြချက်ကိုပါ မူရင်းပို့စ်တွင်တွေ့ရပြီး ပုံများ၏အပေါ်ညာဘက်ထောင့်နှင့် အလယ်တို့တွင်လည်း ကေအဲန်ယူ၏အမှတ်တံဆိပ်အား ထည့်သွင်းထားသည်။
D.I Thameedaw တယ်လီဂရမ်ချန်နယ်မှ ပုံဖော်ပြချက်အရ ညာဘက်အပေါ်ထောင့်တွင်ရှိနေသည့် ကေအဲန်ယူအမှတ်တံဆိပ်ကို ဖြတ်တောက်ကာ ကူးယူဖော်ပြထားသော်လည်း အလယ်မှာရှိနေသည့် ရေစာ(Watermark) မှာမူ မူရင်းအတိုင်း ရှိနေသည်။ ထို့ကြောင့် ကေအဲန်ယူထံမှပုံများကို ကူးယူဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
Radio NUG နှင့် Public Voice Television-PPTV သတင်းဌာနတို့ကလည်း ဇူလိုင်လ ၂၀ ရက်နေ့တွင် အဆိုပါဖြစ်စဥ်အပေါ် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။
Radio NUG- https://shorturl.at/LsiDa
PPTV – https://shorturl.at/tZR71
နတ်သံကွင်းမြို့၌ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလမှစပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံများစစ်ရှောင်ခဲ့ရအပြီး မြို့ထဲတပ်စွဲထားသည့် စစ်ကောင်စီတပ်က မြို့ပြင်ဘက်သို့ လက်နက်ကြီးမကြာခဏပစ်ခတ်မှုရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ ကေအိုင်စီက သတင်းဖော်ပြဖူးသည်။
KIC – https://shorturl.at/vo2JF
ထို့အပြင် VOA သတင်းဌာနနှင့် Myanmar Now သတင်းဌာနတို့ကလည်း ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲမဖြစ်သော်လည်း စစ်ကောင်စီစခန်းမှပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းဖော်ပြမှုရှိခဲ့သည်။
Myanmar Now- https://shorturl.at/O59eh
ထို့အတူ လက်ရှိ ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းရှိမရှိ ကျောက်ကြီးမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကို ကေအိုင်စီမှထပ်မံအတည်ပြုမေးမြန်းရာတွင်လည်း ယခုလိုသိရသည်။
“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်တာပဲ၊ ရေလဲဘက်ကဆိုရင် နတ်သံကွင်းကလည်းပစ်တာပဲ၊ တောကျွဲအင်းဘက် ၃၀၇ ကလည်း ၁၂၀ ဟောင်ဝှစ်ဇာတွေနဲ့တောက်လျှောက်ပစ်နေတာပဲ ဒီဘက်ကမ်းကို” ဟု အဆိုပါအမျိုးသားက ယနေ့ ဇူလိုင်၂၂ရက်နေ့တွင် ပြောသည်။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွင် ဖြစ်စဥ်အသေးစိတ်နှင့်ပတ်သက်ပြီး တိတိပပဖော်ပြထားချက်မရှိပေ။ ထို့အပြင် ကေအဲန်ယူကမူရင်းဖော်ပြချက်ကိုတုပပြောင်းလဲပြီး မူရင်းပုံများကို လည်း ကူးယူဖြန့်ဝေထားခြင်းဖြစ်သည်။ ဖော်ပြပါ သတင်းဌာနများနှင့်တိုက်ဆိုင်စစ်ဆေးချက်တွင်လည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှု မကြာမကြာလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ ထို့ကြောင့် တိုက်ဆိုင်စိစစ်ချက်များအရ စစ်ကောင်စီ၏လုပ်ရပ်ကိုဖုံးကွယ်လိုသည့် သတင်းအမှားဖြန့်ဝေမှုဖြစ်ကြောင်း သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။