ကလေးမြို့ မြောက်ပိုင်းတိုက်နယ်ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအပြီး PDFဆေးရုံလို့ စစ်ကောင်စီ သတင်းအမှားဖြန့်

Fact Check
DNA, The Red Flag
ဩဂုတ်လ၊ ၁၈ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်ပိုင်းတိုက်နယ် ဆေးရုံကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၁ရက်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး PDFတိုက်နယ်ဆေးရုံ၊ PDF စခန်းလို့ ခေါင်းစဥ်တပ်ဖြန့်ဝေနေတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို စစ်ကောင်စီလက်အောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ နေပြည်တော်ချန်နယ်ကနေ စတင်ဖြန့်ဝေထားပြီး “မြောက်ပိုင်းနန်စောင်းပု PDFတိုက်နယ်‌ဆေးရုံPDFစခန်းကို လေကြောင်းဗုံးကြဲတိုက်ခိုက် သုတ်သင်ခဲ့တယ်လို့ သိရပါတယ်။” (မူရင်းအတိုင်း)လို့ ရေးသားဖြန့်ဝေထားပြီး တခြား လော်ဘီကွန်ရက်စာမျက်နှာတွေနဲ့ ချန်နယ်တွေမှာ ပြန်လည်ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နေတဲ့အကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA ကနေစစ်ဆေးကြည့်တဲ့အခါမှာ PDF တိုက်နယ်ဆေးရုံ၊ PDFစခန်းဆိုတဲ့အကြောင်းရာမှာမှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၁ရက် ၈နာရီခွဲဝန်းကျင်မှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောင့်တာတွေလုပ်နေတဲ့ Hospital – Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) – PHN (Kalay) ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကို PHN (Kalay)ကပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၅ရက်ကထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်လင့် – https://www.facebook.com/share/p/1LgQn7EJrY/
ပြည်သူ့ကျန်းမာရေးဆောင်ရွက်နေတဲ့ဆေးရုံတွေကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာက ဩဂုတ်လ၊ ၁၁ရက်က လေကြောင်းတိုက်ခိုက်ခဲ့တာအပါအဝင် ၇ကြိမ်အထိရှိနေပြီဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ဆေးရုံ၊ ဆေးခန်းတွေနဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာဖြစ်ကြောင်းကို Zalen သတင်းဌာနကလည်း ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၆ရက်က သတင်းရေးသားထားပါတယ်။
သတင်းလင့်
ကလေးမြို့မြောက်ပိုင်း တိုက်နယ်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေတဲ့ BBC Burmese နှင့် DVB TV News တို့ကနေလည်း သတင်းတင်ဆက်ထားပါသေးတယ်။
သတင်းအပြည့်အစုံကို မူရင်းလခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သုံးသပ်ချက်
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းအသုံးပြုပြီးတိုက်ခိုက်ခဲ့တာ ဖြစ်တာကိုတွေ့ရပါတယ်။
ဒါ့အပြင် စစ်လော်ဘီတွေရေးသားဖြန့်ဝေထားတာကို စိစစ်ကြည့်တဲ့အခါမှာ လေကြောင်းအသုံးပြုပြီး ဦးတည်တိုက်ခိုက်တဲ့နေရာတွေက အရပ်သားတွေကိုကျန်းမာရေးစောင့်ရှောက်၊ ဝန်ဆောင်မှုပေးတဲ့ အဆောက်အဦးဖြစ်တာကိုလည်း တွေ့ရပါတယ်။
ဒါ့ကြောင့် မြောက်ပိုင်းနန်စောင်းပု PDFတိုက်နယ်‌ဆေးရုံ၊ PDFစခန်းဆိုတဲ့အကြောင်းရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။