ရုပ်သံဟောင်းကို အသုံးပြု၍ ငလျင်ကြောင့် ညှိုးကျသွားသည့် မဟာမြတ်မုနိဘုရားမျက်နှာတော်ကို ရောင်တော်ဖွင့်သော်လည်းမပွင့်ဟု ဖြန့်ချိနေ

(Fact Check) MPA+DNA+The Red Flag

ဧပြီလ၊ ၅ရက်။

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာ ဒီယိုအဟောင်းကိုအသုံးပြုပြီး ငလျင်ကြောင့် ညှိုးကျသွားသည့် မျက်နှာတော်ကို ‌ရောင်တော်ဖွင့်သော်လည်းမပွင့်ဆိုသည့် သတင်းအမှား များ ဧပြီ ၃ရက်က ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

Daw Zin Lay ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်ကဧ ပြီ ၃ ရက်တွင် ဆရာတော်တပါး မဟာမုနိဘုရားကြီး မျက်နှာတော်ကိုသန့်စင်ပေးနေသည့် ဗီဒီယိုအတိုကိုအသုံးပြုပြီး ငလျင်ကြောင့် ညှိုးကျသွားသည့် မျက်နှာတော်ကို ‌ရောင်တော်ဖွင့်သော်လည်းမပွင့် ဟုရေးသားဖြန့်ဝေထားသည်။

အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၄ ရက်ညနေပိုင်းအထိ လိုက်ခ်ပြုလုပ်သူ ၂၅၀၀၀ ကျော်ရှိပြီး မှတ်ချက်ပြုသူ ၇၈၀ ကျော်ရှိကာ ၉၀၀ ကျော်ဖြန့်ဝေခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ် – https://archive.ph/riglI

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

ပျံ့နှံ့လာသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး MFCN အဖွဲ့ဝင်များက စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်။

ပျံ့နှံ့နေသည့် ဗီဒီယိုကို Google Reverse Image Searchဖြင့်ရှာဖွေကြည့်ရာ Aungthilin ဆိုသည့် ယူကျူ့အကောင့်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၂၆ က တင်ဆက်ထားသည့် မန္တလေးမဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာဟုရေးသားဖော်ပြထားသည်။

မူရင်းဖော်ပြထားသည့်လင့်ခ် – https://shorturl.at/UgBoo

၇.၇ ရစ်ချက်စတာစကေးရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးရှိ မဟာမြတ်မုနိဘုရားကြီး မကိုဋ်တော်ကြီး တိမ်းစောင်းသွားခဲ့ရသော်လည်း ပျံ့နှံ့နေသည့်ဗီဒီယိုတွင် အကောင်းတိုင်းရှိနေသည်ကိုတွေ့ရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မဟာမြတ်မုနိဘုရားကြီး ပျက်စီးမှုကို Technical Support Team Myanmar တွင်ဖော်ပြထားသည်။

ကြည့်ရှုရန်လင့်ခ် https://www.facebook.com/share/p/18m3AUeanW/

သုံးသပ်ချက်

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာ ပြုလုပ်သည့် ဗီဒီယိုသည် အဟောင်းဖြစ်ပြီး မန္တလေးမြို့ခံတစ်ဦးကို MFCN ကဆက်သွယ်မေးမြန်းကြည့်ရာ “ ဘုရားကြီးဘက်အပျက်စီးများထားလို့ ခုတော့ လူဝင်လို့မရသေးဘူး” ဟုဖြေဆိုသည်။

ထို့ကြောင့် ငလျင်ကြောင့် ညှိုးကျသွားသည့် မျက်နှာတော်ကို ‌ရောင်တော်ဖွင့်သော်လည်းမပွင့်ဆိုသည်မှာ ပြည်သူများအား ဘာသာရေးကိုအသုံးချပြီး စိုးရိမ်စိတ်များ လာအောင်ပြုလုပ်ထားသည့် သတင်းအမှား အကြောင်းအရာဖြစ်သည်။